စာဖတ်ကြရအောင်

8-7-2020-yyl-019.jpg

စာဖတ်ဝါသနာပါတဲ့ ရိုးရာလေးပရိသတ်တွေအတွက် ဒီတစ်ပတ်မှာ ထူးထူးခြားခြားစာအုပ်လေးနှစ်အုပ်နဲ့ မိတ်ဆက်ပေးပါစေ။ ဘာလို့ထူးခြားနေရတာလဲဆိုတော့ ဒီစာအုပ်လေးနှစ်အုပ်လုံးက

အနုပညာတစ်ခုစီနဲ့ ဆက်နွှယ်နေလို့ပါ။ အဲဒီစာအုပ်လေးတွေကတော့ မောင်ထွန်းသူရေးသားတဲ့ ဗင်းဆင့်ရှာပုံတော် နဲ့ ဒီနိုဗိုဘာသာပြန်တဲ့ ဟာယူကီမူရာကာမိရဲ့ ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်းနဲ့ ဝတ္ထုတိုစုတို့ပဲ ဖြစ်ပါတယ်။

၁။ ဗင်းဆင့်ရှာပုံတော် (မောင်ထွန်းသူ)

ဒီစာအုပ်လေးရဲ့ စစခြင်း စာမျက်နှာတွေမှာ ဗင်းဆင့်ဗန်ဂိုးရဲ့ နာမည်ကျော် ပန်းချီကားအချို့ကို ကာလာလေးနဲ့ ဖော်ပြထားပေးတာမို့ ပန်းချီကားချစ်သူတွေအဖို့တော့ ကျေနပ်စရာပါ။ ဗင်းဆင့်ဗန်ဂိုးဆိုတာ အနုပညာနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတစ်ခုက မဟုတ်ရင်တောင် လူတော်တော်များများ ကြားဖူးနေကြမယ့်သူတစ်ဦး ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက ဘယ်သူမှ အဖက်မလုပ်ကြတဲ့ သူ့ပန်းချီလက်ရာတွေဟာ အခုအချိန်မှာ လုံးဝတန်ဖိုးဖြတ်မရတဲ့ အရာတွေဖြစ်နေခဲ့ပါပြီ။

ဒီစာအုပ်လေးမှာ ဗင်းဆင့်တစ်​​ယောက် ကြမ်းတမ်းခက်ခဲလှတဲ့ ဘဝခရီးကို အများနဲ့မတူတဲ့ပုံစံနဲ့ ဖြတ်သန်းခဲ့တာတွေ၊ ဗင်းဆင့်ရဲ့ စိတ်ဒဏ်ရာတွေ၊ မိသားစုဘဝတွေ ငယ်ဘဝအကြောင်းတွေကို ဖော်ပြထားပါတယ်။ ပန်းချီကားရေးခြယ်မှုအပိုင်းတွေမှာ ပုံမှန်လမ်းရိုးကနေ ဖောက်ထွက်ရေးဆွဲခဲ့ပုံ၊ သူ့ရဲ့အတွေးအခေါ်၊ သူ့ရဲ့စိတ်ရောဂါအကြောင်းတွေနဲ့ ပတ်သက်ပြီး အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံဖော်ပြပေးထားတာမို့ လက်မလွှတ်သင့်တဲ့ စာအုပ်လေးဖြစ်ကြောင်း အကြံပေးပါရစေ။

၂။ ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်း (ဒီနိုဗို)

ဟာယူကီမူရာကာမိ (Haruki Murakami) ဆိုတာက ခေတ်သစ်စာပေလောကမှာ ဖောက်ထွက်သူတစ်ဦးအဖြစ် လူသိများပါတယ်။ ဂျပန်လူမျိုးစာရေးဆရာတစ်ယောက်ရဲ့ စာအုပ်ဟာ လန်ဒန်နဲ့ အမေရိကားလိုနေရာမျိုးမှာ ချက်ခြင်းထွက် ချက်ခြင်းရောင်းကုန်တဲ့အပြင် သဲသဲလှုပ်အားပေးခြင်းခံရတာ ဘာကြောင့်ပါလဲ။ တကယ်လို့ စာဖတ်သူဟာ မူရာကာမိရဲ့ အရေးအသားတွေကို မြည်းစမ်းကြည့်ချင်တယ် ဒါပေမယ့် သူ့ရဲ့အတွေးအခေါ်တွေနဲ့ ပတ်သက်လို့ ဝတ္တုရှည်ကြီးတွေလည်း မဖတ်ချင်သေးဘူးဆိုရင်တော့ ဒီစာအုပ်လေးကို မြည်းစမ်း ဖတ်ရှုကြည့်ဖို့ တိုက်တွန်းပါတယ်။

ဒီစာအုပ်မှာ စုစုပေါင်းဝတ္တုတို ၇ ပုဒ် ပါဝင်ပါတယ်။ ဒုတိယအကြိမ် ပေါင်မုန့်ဆိုင်လုယက်မှုအကြောင်း၊ လှပသော ဧပရယ်မနက်ခင်းတစ်ခုတွင် ၁ဝဝရာနှုန်းပြည့်စုံသော ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရခြင်း၊ အအိပ်၊ မိသားစုအရေး၊ ပြတင်း၊ ကချေသည် လူပုလေး၊ ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်းတို့ပဲ ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဒီဝတ္ထုတွေထဲက ဇာတ်ကောင်တွေဟာ သူလိုကိုယ်လို စီးပွားရေးသမား၊ အိမ်ရှင်မ၊ ကျောင်းသား၊ အရောင်းစာရေး စသူတွေ ဖြစ်ပါတယ်။ လက်တွေ့လူနေမှုဘဝက လူတွေ၊ ကိစ္စတွေကိုပဲ မူရာကာမိက သူ့ရဲ့ အတွေးအခေါ်တွေနဲ့ ပုံဖော်ဖန်တီးထားတာဖြစ်လို့ ဖတ်မိတာနဲ့ ရင်ထဲ ရောက်စေမှာပါ။

EL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top