ဒေါ်လာ ၁ဘီလီယံတန် စီးပွားရေးလုပ်ငန်းတစ်ခုကို မြေအောက်ခန်းထဲတွင် တည်ထောင်ခဲ့သူ

96811016_carl_img-150604091817-0004.jpg

ကနေဒါနိုင်ငံ၊ အွန်တာရီယို (Ontario) ပြည်နယ်ရှိ မစ်ဆီဆော်ဂါမြို့ (Mississauga) တွင်နေထိုင်သူ ကားလ်ရိုဒရီဂွဇ် (Carl Rodrigues)တစ်ယောက် အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုကို လုပ်မယ်ဆိုတဲ့ အချိန်တုန်းက သူ့ရဲ့မိသားစုနဲ့ သူငယ်ချင်းများက သူ့ကို ရူးသွားပြီ လို့ထင်ခဲ့ကြပါတယ်။

ကားလ်ဟာ အောင်မြင်တဲ့ IT လုပ်ငန်းဆိုင်ရာ အကြံပေးတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ဖို့အတွက် ၂၀၀၁ ခုနှစ်မှာ  သူလက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကနေထွက်ပြီး သူရဲ့ မြေအောက်ခန်းလေးထဲမှာ ရောင်းအားကောင်းတဲ့ ကွန်ပျုတာပစ္စည်းတစ်ခုကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

မိန်းမနဲ့ ယောက္ခမဖြစ်သူတို့က သူ့ရဲ့လုပ်ရပ်ကို မထောက်ခံပေမဲ့လည်း ကားလ်ဟာ လပေါင်းများစွာ အချိန်ပေးပြီးနောက် နောက်ဆုံးမှာ အသုံးပြုသူတွေရဲ့ မိုဘိုင်းလ်ဖုန်းတွေကို သူတို့ရဲ့ Laptop မှတဆင့် ထိန်းချုပ်နိုင်စေမဲ့ Software တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။ ကားလ်ဟာ သူ့ရဲ့ ကုမ္ပဏီကို Soti လို့  အမည်ပေးခဲ့ပြီး အစပိုင်းမှာတော့ သူ့ရဲ့ Software ကိုနည်းနည်း သာရောင်းခဲ့ရပါတယ်။ ဒါပေမဲ့ ကုမ္ပဏီ တည်ထောင်ပြီး ၁၂ လအကြာမှာ ကားလ်ကို အင်္ဂလန်မှ Supermarket လုပ်ငန်းတစ်ခုကနေ ဆက်သွယ်လာပြီး ထိုနည်းပညာကို ပိုမိုတိုးတက်အောင်အတူတကွ ပူးပေါင်းပြီး လုပ်ကိုင်ဖို့ ပြောဆိုခဲ့ပါတယ်။

Soti ကုမ္ပဏီရဲ့ CEO ဖြစ်ပြီး အသက် ၅၅ နှစ်ရှိသူ မစ္စတာကားလ် ကတော့ “ သူတို့ ဖုန်းဆက်လာတုန်းက ကျွန်တော်ကမြေအောက်ခန်းထဲမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော်အထင် သူတို့က ကျွန်တော်တစ်ယောက်တည်း မြေအောက်ခန်းမှာ ကုမ္ပဏီဖွင့်ပြီး လုပ်နေတယ် ဆိုတာကို သိပုံမရပါဘူး။ အဲ့ဒါနဲ့ သူတို့ဘက်က အရောင်းဌာနက လူနဲ့စကားပြောချင်တယ် ဆိုတော့ ကျွန်တော်လည်း ဖုန်းခဏကိုင်ထားပါလို့ ပြောပြီး တခြားတစ်ယောက်အသံနဲ့ ဖုန်းပြောခဲ့ရပါတယ်။ ” လို့ ရယ်ကာမောကာနဲ့ ပြောပြခဲ့ပါတယ်။

Soti ဟာ နောက်ဆုံးမှာ အင်္ဂလန်မှ ယူနစ် ၂၀၀၀၀ ကျော်ခန့် အော်ဒါရခဲ့ပြီး Soti ဟာ သူ့ရဲ့ Software ကို စားသုံးသူတွေထံရောင်းချတာ မဟုတ်ဘဲ ကုမ္ပဏီကြီးတွေကို ရောင်းချတာဖြစ်ပြီး ယခုဆိုရင် နှစ်စဉ် အမြတ်ငွေဟာ ဒေါ်လာသန်း ၈၀ ခန့်ရှိနေတယ် လို့သိရပါတယ်။ Soti ဟာ ၂၀၀၆ ခုနှစ်ကလည်း Microsoft ကုမ္ပဏီရဲ့ ဈေးနှုန်းဖော်ပြခြင်းမရှိတဲ့ ဝယ်ယူရန် ကမ်းလှမ်းချက်တစ်ခု ကိုရခဲ့ပေမဲ့ ငြင်းပယ်ခဲ့ပြီး ကားလ်ကတော့ သူ့ရဲ့ ကုမ္ပဏီကို နည်းပညာကုမ္ပဏီကြီး တစ်ခုအဖြစ် လုပ်ကိုင်ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ကားလ်တို့မိသားစုဟာ ပါကစ္စတန်နိုင်ငံသားတွေဖြစ်ပြီး ကားလ်အသက် ၁၁ နှစ်ခန့်မှာ ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ကားလ်ဟာ ကနေဒါနိုင်ငံမှာ ပညာသင်ယူခဲ့ပြီး တိုရွန်တိုတက္ကသိုလ်မှ (University of Toronto) ကွန်ပျုတာ သိပ္ပံနဲ့ ဘွဲ့ရခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဘွဲ့ရပြီးနောက် ကားလ်ဟာ နည်းပညာကုမ္ပဏီအကြံပေးအဖြစ် Soti ကို ၂၀၀၁ ခုနှစ်မှာ စတင် မတည်ထောင်ခင်အထိ လုပ်ကိုင်နေခဲ့ပြီး ယခုဆိုရင် Soti ဟာ ဒေါ်လာ ၁ ဘီလီယံအထိ တန်ကြေး ရှိနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အလုပ်သမား ၇၀၀ အထိရှိနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ကားလ်ဟာ ပြင်ပရင်းနှီးမြှပ်နှံမှုတွေကိုလည်း လက်မခံခဲ့တဲ့အတွက် ကားလ်ဟာ အခုချိန်မှာ  Soti ကုမ္ပဏီကို ၁၀၀ % ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Ref : BBC News :The man who built a $1bn firm in his basement

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top