ခွေးသားရောင်းခွင့် ပိတ်ပင်ခံရတော့မယ့် ယုလင်ပွဲတော်

A-butcher-grills-a-butchered-dog-at-a-slaughter-house-at-a-dog-meat-market-in-Yulin.jpg

ခွေးတွေဟာ သစ္စာရှိလှတဲ့အတွက် လူတွေရဲ့ အကောင်းဆုံး သူငယ်ချင်းလို့ သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့်လည်း အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးတဲ့သူလည်း များလှပါတယ်။

ဒါပေမယ့် နှစ်စဉ်တိုင်းမှာ ခွေးတွေကို အလုံးအရင်းနဲ့ သတ်ဖြတ်ပြီး စားသောက်ကြတဲ့  ပွဲတော်တစ်ခုလည်း ရှိနေပါသေးတယ်။ ဒီပွဲတော်ကတော့ တရုတ်နိုင်ငံမှာပါ။

ဒီရက်ပိုင်းမှာတော့ တရုတ်နိုင်ငံ ယုလင်မြို့ရဲ့ ခွေးသားစားပွဲတော်မှာ ခွေးသား ရောင်းချခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပွဲတော်ဟာ နောက်လထဲမှာ ကျင်းပမှာဖြစ်ပြီး ဒီသတင်းက မှန်ခဲ့ရင်တော့ ဒေသခံတွေဟာ ဒီပွဲတော်မှာ အရင်တုန်းကလို ခွေးသားကို မြိန်ရေယှက်ရေ စားခွင့်ရမှာ မဟုတ်တော့ပါဘူး။

တရုတ်ပြည်မှာ ခွေးသားစားတာက တရားမဝင်ပါဘူး။ ဒါပေမယ့် နှစ်တိုင်း ပွဲတော်ကာလမှာတော့ ခွေးတွေ၊ ကြောင်တွေဟာ စားသုံးဖို့အတွက် ရက်ရက်စက်စက် အသတ်ခံနေရတာပါ။ ပြီးခဲ့တဲ့ နှစ်တွေကို ပြန်ကြည့်မယ်ဆိုရင် ပွဲတော်ကာလ ဆယ်ရက်တာမှာ ခွေးနဲ့ကြောင် အကောင်ရေ တစ်သောင်းလောက်က ရွှေပွဲလာပရိသတ်တွေ စားဖို့အတွက် အသတ်ခံခဲ့ရပါတယ်။

Photo (Reuters)

နိုင်ငံတကာ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေအပါအဝင် လူ ၁၁ သန်းလောက်က ဒီရက်စက်တဲ့ကိစ္စကို ပိတ်ပင်ဖို့ လက်မှတ်ထိုး တောင်းဆိုခဲ့ကြပါသေးတယ်။ ဒါပေမယ့် ခွေးသားရောင်းခွင့် ပိတ်ပင်ထားတဲ့ အမိန့်ကို မကြားမိသေးဘူးလို့ ခွေးသားဟင်းရောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။ ခွေးသားစားတဲ့ အစဉ်အလာက လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်ကတည်းက တရုတ်၊ တောင်ကိုရီးယားနိုင်ငံတို့မှာ ရှိခဲ့တာပါ။

Ref: BBC news; Yulin festival: Doubts over ‘dog meat ban’

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top