တွန်ဂါမီးတောင်ပေါက်ကွဲမှုက ဟီရိုရှီးမားအဏုမြူဗုံးထက် အဆရာပေါင်းများစွာ အင်အားပိုပြင်းတယ်လို့ နာဆာ ပြော

24-2-2022-yyl8.jpg

ဆူနာမီလှိုင်းလုံးကြီးတွေ ဖြစ်ပေါ်စေခဲ့တဲ့ တွန်ဂါနိုင်ငံရဲ့ မီးတောင်ပေါက်ကွဲမှုဟာ ဒုတိယကမ္ဘာစစ်အတွင်း ဟီရိုရှီးမားမြို့ပေါ်မှာ အမေရိကန်တပ်တွေ ကြဲချခဲ့တဲ့ အဏုမြူဗုံးထက် အဆရာပေါင်းများစွာ အင်အားပိုပြင်းခဲ့တယ်လို့ နာဆာအဖွဲ့က ပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် တွန်ဂါနိုင်ငံမြို့တော် နူကူအာလိုဖာမြို့ မြောက်ပိုင်းက မီးတောင်ကျွန်းတစ်ခုလုံးကို ပျောက်ကွယ်သွားစေတယ်လို့ နာဆာအဖွဲ့က ဆိုပါတယ်။

တွန်ဂါနိုင်ငံရဲ့ လူဦးရေ ၅ ပုံ၊ ၄ ပုံကျော်ဟာ ဆူနာမီလှိုင်းဒဏ်နဲ့ မီးတောင်ပြာမှုန်တွေ ကျရောက်တဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။ မီးတောင်မပေါက်ကွဲခင်မှာ ဟန်ဂါတွန်ဂါနဲ့ ဟန်ဂါဟာပိုင်မီးတောင်ကျွန်း ၂ ခုကို ကုန်းမြေတစ်ခုက(၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာ) ဆက်သွယ်ပေးထားခဲ့တာပါ။ ဒါပေမဲ့ မီးတောင်ပေါက်ကွဲမှုက အားပြင်းလွန်းလို့ အဲဒီကုန်းမြေသစ် တစ်ခုလုံး ပျောက်ကွယ်သွားတဲ့အပြင် မီးတောင်ကျွန်းဟောင်း အစိတ်အပိုင်းအများအပြားပါ ပျောက်ကွယ်သွားခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုကနေ ပြာတွေ၊ ဓာတ်ငွေ့တွေ၊ အမှုန့်တွေ ထွက်ပေါ်လာတာဟာ တွန်ဂါနိုင်ငံ အရာရှိတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။

မီးတောင်ပေါက်ကွဲပြီး ဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့ပြီးနောက်မှာ မီးတောင်ပြာမှုန်တွေကြောင့် ရေအရင်းအမြစ်တွေ အဆိပ်သင့်ပြီး ဝမ်းပျက်ဝမ်းလျှောလို ရောဂါမျိုး ကူးစက်ခံရနိုင်ခြေ မြင့်တက်လာမှာကို စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စမ်းသပ်စစ်ဆေးမှုတွေအရ မြေအောက်ရေရော၊ မိုးရေရော ဘေးကင်းလုံခြုံစွာ သောက်သုံးနိုင်တဲ့အခြေအနေမျိုး ရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။ ဒါပေမဲ့ သေးငယ်တဲ့ မီးတောင်ပြာမှုန်တွေက အများပြည်သူ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး မီးတောင်ပြာမှုန်တွေနဲ့ ထိမိရင် အသက်ရှုခက်ခဲမှု၊ နှလုံးသွေးကြောစနစ် ထိခိုက်မှု၊ အဆုတ်၊ မျက်လုံးနဲ့ အရေပြားတွေ ယားယံစေနိုင်ခြေ ရှိပါတယ်။

Ref: BBC “Tonga volcano: Eruption more powerful than atomic bomb, Nasa says”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top