အမေရိကန်နဲ့ ဂျပန် စစ်အင်အားပြပြီးနောက် ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်စစ်လေယာဉ် ၃၉ စင်း ကျူးကျော်ဝင်ရောက်

24-2-2022-yyl4.jpg

ဒီနှစ်ထဲမှာ အကြီးမားဆုံး ပိုင်နက်ကျူးကျော်မှုအဖြစ် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ထိုင်ဝမ် လေကြောင်းကာကွယ်ခွဲခြားရေးဇုန်ထဲကို တရုတ်နိုင်ငံက စစ်လေယာဉ် ၃၉ စင်း စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်နဲ့ ဂျပန်ရေတပ်တွေက ဖိလစ်ပိုင်ပင်လယ်ထဲမှာ အင်အားအကြီးအကျယ် ထုတ်ပြခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ လေယာဉ်တွေ ပျံသန်းဝင်ရောက်လာခဲ့တာပါ။ ဖိလစ်ပိုင်ပင်လယ်ထဲက စစ်အင်အားပြသမှုမှာ အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော ၂ စင်း၊ ကုန်းရေနှစ်ထွေသွား ချေမှုန်းရေးသင်္ဘော ၂ စင်း၊ ချိန်ကိုက်ဒုံးတပ် ခရူဇာသင်္ဘော ၂ စင်း၊ ဖျက်သင်္ဘော ၅ စင်းနဲ့ ဂျပန်နိုင်ငံရဲ့ ရဟတ်ယာဉ်ဖျက်သင်္ဘောတစ်စင်း ပါဝင်ခဲ့ကြပါတယ်။

ဖိလစ်ပိုင်ပင်လယ်ဟာ ထိုင်ဝမ်ကျွန်းအရှေ့ပိုင်းမှာရှိတဲ့ ပစိဖိတ်သမုဒ္ဒရာထဲက နေရာတစ်ခုဖြစ်ပြီး ထိုင်ဝမ်ကျွန်း၊ အမေရိကန်ပိုင် ဂူအမ်ကျွန်းနဲ့ မြောက်ပိုင်းမာရီယာနာကျွန်းတွေကြားမှာ တည်ရှိပါတယ်။ အမေရိကန်နဲ့ ဂျပန်တပ်ဖွဲ့တွေ စစ်အင်အားပြသမှုဟာ ထိုင်ဝမ်နဲ့ ဘယ်လောက်နီးလဲဆိုတာကိုတော့ ဖော်ပြခြင်း မရှိပါဘူး။ အဲဒီစစ်သင်္ဘောအုပ်စုဟာ အင်ဒို – ပစိဖိတ်ဒေသရဲ့ လွတ်လပ်ပွင့်လင်းမှုကို ကာကွယ်စောင့်ရှောက်ဖို့ လေ့ကျင့်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံရဲ့ J-16 တိုက်လေယာဉ် ၂၄ စင်း၊ J-10 တိုက်လေယာဉ် ၁၀ စင်း၊ Y-9 ပို့ဆောင်ရေးလေယာဉ် ၂ စင်း၊ Y-8 ရေငုပ်သင်္ဘော အချက်ပြလေယာဉ် ၂ စင်း၊ နျူကလီးယားဗုံးကြဲနိုင်တဲ့ H-6 ဗုံးကြဲလေယာဉ်တစ်စင်းက ထိုင်ဝမ်နိုင်ငံရဲ့ လေကြောင်းကာကွယ်ခွဲခြားမှုဇုန်ထဲ ဝင်ရောက်လာခဲ့တာလို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်စစ်တပ်က ရေဒီယိုသတိပေးချက် ထုတ်လွှင့်ခဲ့ပြီး လေယာဉ်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ် ဖြန့်ကျက်ခဲ့ပါတယ်။

ဒါဟာ အခုနှစ်အတွင်း ထိုင်ဝမ်လေကြောင်းကာကွယ်ခွဲခြားမှုဇုန်ထဲကို တစ်နေ့တာအတွင်း တရုတ်စစ်လေယာဉ်အများဆုံး ကျူးကျော်ဝင်ရောက်မှုဖြစ်ပါတယ်။ အမေရိကန်နဲ့ ဂျပန်နိုင်ငံရဲ့ ရေတပ်စစ်အင်အား အများအပြား ဖြန့်ကျက်ထားမှုကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက အခုလို ကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိတယ်လို့ စင်ကာပူနိုင်ငံ အက်စ်ရာဇာရတနမ် နိုင်ငံတကာအရေးလေ့လာမှုကျောင်းရဲ့ သုတေသီ ကောလင်းခို့က ပြောပါတယ်။

” ဒါဟာ ထိုင်ဝမ်ရဲ့ ဆက်လက်ခုခံနိုင်စွမ်းကို တိုက်စားနိုင်ဖို့ ရည်ရွယ်တဲ့ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတစ်စိတ်တစ်ဒေသဆိုတာ သံသယဖြစ်စရာ မရှိပါဘူး” လို့ ကောလင်းခို့က ပြောပါတယ်။ သိပ်မကြာသေးခင်က ထိုင်ဝမ်ရဲ့ အကောင်းဆုံးတိုက်လေယာဉ်တစ်မျိုးဖြစ်တဲ့ F-16V တိုက်လေယာဉ် ပျက်ကျမှုကို ကောလင်းခို့က ထောက်ပြခဲ့ပြီး တရုတ်လေတပ်ရဲ့ စဉ်ဆက်မပြတ် ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်ရင်း ထိုင်ဝမ်လေတပ် အခက်တွေ့နေတယ်လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ဟန်ချက်ပျက်ပြီး လက်ပန်းကျအောင် လုပ်နေတာလို့ အမေရိကန် ပစိဖိတ်ဌာနရဲ့ ပူးပေါင်းထောက်လှမ်းရေးစင်တာရဲ့ စစ်ဆင်ရေး ဒါရိုက်တာဟောင်း ကားလ်ရှူးစတားက ပြောပါတယ်။ ” တင်းနစ်သမားတစ်ယောက်က သူ့ပြိုင်ဘက်ကို တစ်ကွင်းလုံးအနှံ့ လိုက်ရိုက်ခိုင်းသလိုမျိုး လုပ်နေတာပါ” လို့ သူက ဆိုပါတယ်။

Ref: CNN “Dozens of Chinese warplanes fly near Taiwan after US-Japan show of naval might”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top