ပါကစ္စတန်သမိုင်းမှာ ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦးကို အထက်တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်

24-2-2022-yyl9.jpg

ပါကစ္စတန်နိုင်ငံဟာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို အထက်တရားရုံးချုပ် တရားသူကြီး ခန့်အပ်ခဲ့ပါတယ်။ အသက် ၅၅ နှစ်ရှိတဲ့ အေရှာမာလစ်ဟာ အခြားအမျိုးသား တရားသူကြီး ၁၆ ဦးနဲ့အတူ အထက်တရားရုံးချုပ် တရားသူကြီးအဖြစ် ဆောင်ရွက်ရမှာပါ။ပါကစ္စတန်နိုင်ငံရဲ့ အမျိုးသားတွေ ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေအတွက် ကိုယ်စားပြုခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး ဒီတစ်ကြိမ်တော့ ကြုံတောင့်ကြုံခဲ အောင်ပွဲရခဲ့တယ်လို့ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒါပေမဲ့ အပြိုင်ရွေးချယ်ခံခဲ့တဲ့ တခြားတရားသူကြီးတွေနဲ့စာရင် အေရှာမာလစ်က ဝါနုသေးတဲ့အတွက် ရှေ့နေတွေနဲ့ တရားသူကြီးတချို့ကတော့ အခုလို ခန့်အပ်မှုကို ကန့်ကွက်ခဲ့ကြပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ တရားရေးစနစ်ဟာ သမိုင်းအစဉ်အဆက် ကွန်ဆာဗေးတစ်ဆန်ခဲ့ပြီး အမျိုးသားတွေပဲ ကြီးစိုးခဲ့ကြတာပါ။ ပါကစ္စတန်နိုင်ငံဟာ အထက်တရားရုံးချုပ်မှာ အမျိုးသမီးတစ်ဦးကို တရားသူကြီးအဖြစ် ခန့်အပ်နိုင်ခြင်းမရှိတဲ့ တစ်ခုတည်းသော အာရှတောင်ပိုင်းနိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် ပါကစ္စတန်နိုင်ငံရဲ့ အထက်တရားရုံး တရားသူကြီးတွေထဲမှာ အမျိုးသမီးတွေ ခန့်အပ်ခံရမှုကလည်း ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ပါကစ္စတန် ဥပဒေကောလိပ်နဲ့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့တဲ့ အရှာမာလစ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးရ်မြို့ အထက်တရားရုံး တရားသူကြီးအဖြစ် တာဝန်ယူခဲ့သူပါ။ သူဟာ လာဟိုးရ်မြို့မှာ မဟာပုရိသဝါဒ အသားပေးတဲ့ ဥပဒေစံနှုန်းတွေကို စိန်ခေါ်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူပါ။

လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရသူတွေကို ခွဲခြမ်းစိတ်ဖြာရာမှာ အပျိုစင် စစ်၊ မစစ် စစ်ဆေးမှု အစဉ်အလာကို ပြီးခဲ့တဲ့နှစ်မှာ အေရှာမာလစ်က ပယ်ဖျက်နိုင်ခဲ့ပါတယ်။ အေရှာမာလစ်ကို အထက်တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ရင် ရာထူးကနေ နုတ်ထွက်မယ်လို့ ရှေ့နေတချို့က ခြိမ်းခြောက်ခဲ့ပေမဲ့ အဖွဲ့ဝင် ၉ ဦးပါတဲ့ ကော်မရှင်က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅ မဲ၊ ကန့်ကွက်မဲ ၄ မဲနဲ့ အေရှာမာလစ်ကို အထက်တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်နိုင်ခဲ့တာပါ။

Ref: BBC “Pakistan’s first female Supreme Court judge sworn in”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top