ညဉ့်သန်းခေါင်ယံအချိန်က ဂျီယွန်က ကင်ကို နှိုးပြီး သူစီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်းခေါ်သွား တယ်။ ဂျီယွန်က အရင်နေ့ညကတည်းက ကျောပိုး အိတ်နှစ်လုံးထဲကို အစားအစာ၊ အဝတ်အစားအပို၊ ဓားတစ်လက်နဲ့ အဆိပ်ပုလင်း ထည့်ထားပြီးသားပါ။ သူက မစွန့်စားချင်လို့ သေနတ်လည်း တစ်ခါတည်း ယူလာတယ်။ ကင်က သူ့ကို သေနတ်မယူလာဖို့နားချ ပေမယ့် ဂျီယွန်က လက်မခံဘူး။ အရှင်လတ်လတ် တော့ အဖမ်းမခံနိုင်ဘူးလေ။ မြောက်ကိုရီးယားမှာ ဟန်ပြရုံးတင်စစ်ဆေးပြီးရင် ကွပ်မျက်ခံရဖို့ သေချာ သလောက်ပဲ။ အထူးသဖြင့် ထောင်အစောင့်က အကျဉ်းသားနဲ့အတူ ထွက်ပြေးတိမ်းရှောင်သွားတဲ့ အခုလိုဖြစ်ရပ်မျိုးမှာပေါ့။
”ဒီတစ်ညပဲ အခွင့်အရေးရမယ်ဆိုတာ သိတယ်။ ဒီညမှာ လွတ်အောင်မပြေးနိုင်ရင် အဖမ်းခံရပြီး အသတ်ခံရမှာပါ။ သူတို့ဘက်က တားဆီးလာရင် ပြန်ခံပစ်ပြီး ပြေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ မပြေးနိုင် ရင် ကိုယ့်ကိုယ်ကိုယ် ပစ်သတ်မယ်၊ ကျည်မရှိတော့ ရင် ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးသတ်မယ်။ အဆိပ် သောက်သေမယ်လို့ တွက်ထားတယ်။ သေဖို့အထိ ပြင်ဆင်ထားလို့ ဘာကိုမျှ မကြောက်တော့ဘူး”လို့ အသက် ၂၆ နှစ်အရွယ် ဂျီယွန်ဂွမ်ဂျင်က ပြောပါတယ်။
ဂျီယွန်နဲ့ ကင်က ပြတင်းပေါက်က ခုန်ချပြီး ထောင်ရဲ့လေ့ကျင့်ရေးကွင်းပြင်ကို ဖြတ်ပြေးတယ်။ ကွင်းပြင်ကျော်သွားရင် တော်တော်မြင့်တဲ့ထောင်နံရံ ကို ကျော်တက်ရမယ်။ ထောင်အစောင့်အကြပ်တွေ ရဲ့ ခွေးတွေကလည်း ဟောင်နေတယ်။ သူတို့နောက် ကို ခွေးတွေလိုက်လာမှာလည်း ကြောက်ရသေး တယ်။ သူတို့နောက်ကို ဘယ်သူမှ မလိုက်ဘူး၊ ထောင်နံရံကို ဘယ်သူမှမမြင်အောင် အသံတိတ် ကျော်တက်နိုင်ရင်တောင် တူမန်မြစ်ထဲမှာကင်းလှည့် နေတဲ့ နယ်ခြား စောင့်တပ်ဖွဲ့တွေကို ကျော်လွှားနိုင်ဖို့ လိုသေးတယ်။ မြစ်တစ်ဖက်ကမ်းရောက်ရင်တော့ သူတို့လိုချင်တဲ့ လွတ်လပ်မှုရပါပြီ။ ဒါကြောင့်လည်း စွန့်စား ထိုက် တယ်လို့ ဆိုရမှာပေါ့။ ကင်ဟာ မကြာ ခင်မှာ ထိန်းသိမ်းရေးစခန်းကနေ ထောင်ကို ပို့ခံရ တော့မယ့်သူပါ။ တုန်လှုပ်ချောက်ချားစရာ အခြေအနေ တွေကြောင့် ကင်အတွက် ထောင်ထဲကနေ အသက်ရှင်လျက် လွတ်မြောက်ဖို့မရှိဘူး ဆိုတာ သူတို့နှစ်ယောက်လုံး သိပါတယ်။ ထောင် အစောင့်အကြပ်နဲ့ အကျဉ်းသား မိတ်ဆွေဖွဲ့တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါ။ သူတို့နှစ်ယောက်ဟာ ထောင်ထဲကနေ ထွက်မပြေးခင် နှစ်လအလိုဖြစ်တဲ့ ၂၀၁၉ ခုနှစ်၊ မေလမှာ တွေ့ဆုံခဲ့ ကြတာပါ။
ဂျီယွန်ကတော့ မြောက်ကိုရီးယားနိုင်ငံ မြောက်ဖျား အွန်ဆောင်အကျဉ်းထောင်ရဲ့ အစောင့်အကြပ်တစ်ယောက်ပေါ့။ ဂျီယွန်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက ရုံးတင်စစ်ဆေးမှုခံယူဖို့ စောင့်ဆိုင်းနေရတဲ့ ကင်နဲ့ တခြားအကျဉ်းသားတွေကို ၂၄ နာရီမပြတ် စောင့်ကြည့်ရပါတယ်။ အဝတ်အစားကောင်းကောင်း ဝတ်ပြီး ပုံပန်းသဏ္ဍာန်ထူးခြားလို့ ဂျီယွန်က ကင်ကို သတိထားမိခဲ့တာပါ။ မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးသွားသူတွေကို ကူညီပေးနေလို့ သူ အဖမ်း ခံထား ရတယ်ဆိုတာကိုလည်း ဂျီယွန်က သိပါတယ်။ ကင်ကို ပွဲစားလို့ လူသိများပါတယ်။ သူက ပြည်ပြေး တွေကို မြောက်ကိုရီးယားနိုင်ငံမှာ ကျန်နေရစ်တဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်လုပ်နိုင်အောင် ကူညီပေးခဲ့သူပါ။ ပြည်ပြေးတွေက မိသားစုဝင်တွေ အတွက် ငွေလွှဲတာ၊ ဖုန်းခေါ်တာမျိုးလုပ်ရင် ကူညီ ပေးတာမျိုးပေါ့။ အဲဒီအလုပ်က မြောက်ကိုရီးယား နိုင်ငံရဲ့ သာမန်လူတန်းစားတွေကြားမှာတော့ ဝင်ငွေ ကောင်းတဲ့အလုပ်ပါ။ ငွေလွှဲပမာဏရဲ့ ၃၀ ရာခိုင်နှုန်း ကို အကျိုးဆောင်ခ ရပါတယ်။ ပျမ်းမျှအားဖြင့် ငွေလွှဲတစ်ခုကို ဝမ် ၂ ဒသမ ၈ သန်း(ပေါင် ၁၇၉၈)ရှိတယ်လို့ လေ့လာမှုတစ်ရပ်မှာ ခန့်မှန်းထားပါတယ်။
ကင်နဲ့ ဂျီယွန်ကြားမှာ တူညီနေတဲ့ အခြေအနေ တစ်ရပ်လည်း ရှိပါတယ်။ ကင်က တရားမဝင်နည်းနဲ့ ငွေရှာပြီး တင်းကျပ်တဲ့ ကွန်မြူနစ်အစိုးရအုပ်ချုပ်ရာ မြောက်ကိုရီးယားနိုင်ငံရဲ့ ပြင်ပကမ္ဘာအကြောင်း လေ့လာနေချိန်မှာ ဂျီယွန်ကတော့ စစ်မှုမထမ်းမနေရ အမိန့်ကြောင့် တပ်ထဲရောက်နေတာ ၁၀ နှစ်ရှိနေပါပြီ။ အာဏာရှင်ကင်ဂျုံအန်ရဲ့ ကွန်မြူနစ် အယူအဆတွေ လည်း ရိုက်သွင်းခံထားရပါတယ်။ ဂျီယွန်နဲ့ ကင်တို့ ကြားမှာ ဘယ်လောက်တူညီသလဲဆိုတာ သူတို့ ကိုယ်တိုင်တောင် နားမလည်ခဲ့ကြပါဘူး။ သူတို့ နှစ်ယောက်လုံးက ကိုယ့်ဘဝကိုယ်စိတ်ပျက်နေပြီး လမ်းဆုံးနေပြီလို့ ခံစားနေရသူတွေပါ။ ကင်အတွက် အလှည့်အပြောင်းကတော့ သူ့ရဲ့ထောင်ဒဏ်ပြစ်ဒဏ် ပါပဲ။ ကင်က ပထမဆုံးထောင်ကျတာ မဟုတ်ပါဘူး။ ဒုတိယမြောက် ပြစ်မှုကျူးလွန်သူဖြစ်လို့ ပြစ်ဒဏ် ပိုခံရ လိမ့်မယ်ဆိုတာလည်း ကင် သိပါတယ်။ ထောင်ထဲက နေ အသက်ရှင်လျက် ပြန်လွတ်လာပြီး နောက်တစ်ခါ ပွဲစားထပ်လုပ်လို့ အဖမ်းခံရရင်တော့ တော်တော့်ကို အန္တရာယ်များမှာပါ။ ပထမတစ်ခေါက် အဖမ်းခံရတုန်း က သူလုပ်ခဲ့တဲ့အလုပ်က ပိုအန္တရာယ်များပါတယ်။ မြောက်ကိုရီးယားနိုင်ငံသားတွေကို တရုတ်နယ်စပ် ဖြတ်ကျော်ပြီး ထွက်ပြေးနိုင်အောင် ကူညီပေးတာပါ။ အခုချိန်မှာ ဂျီယွန်နဲ့ ကင်တို့ ဖြတ်သန်းလာတဲ့လမ်းက အဲဒီလမ်းကြောင်းပါပဲ။
”ဒီလိုအလုပ်မျိုးလုပ်မယ်ဆိုရင် စစ်တပ်နဲ့အဆက် အသွယ်မရှိလို့မရဘူး”လို့ ကင်က ပြောပါတယ်။ သူတို့ ဖြတ်မယ့် လမ်းကြောင်းကို ကင်းမလှည့်ဘဲ တခြား လမ်းကြောင်းကို ကင်းလှည့်ဖို့ စစ်တပ်က လူတွေကို လာဘ်ထိုးရပါတယ်။ မြောက်ကိုရီးယားနိုင်ငံကနေ လူတစ်ယောက်ကို ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၁၄၃၃ ကနေ ၂၁၄၉ လောက်အထိ ရတတ်ပါတယ်။လူတစ်ယောက် အတွက် ပွဲစားခရတဲ့ငွေက မြောက်ကိုရီးယား နိုင်ငံ ရဲ့ ပုံမှန်လူတန်းစားတွေအတွက် တစ်နှစ်စာဝင်ငွေရှိပါ တယ်။ ကင်က အဲဒီအလုပ်ကို ခြောက်နှစ်လောက် လုပ်ခဲ့သူပါ။ နောက်ဆုံးမှာတော့ စစ်တပ်ထဲမှာ ရှိတဲ့ သူ့ရဲ့အဆက်အသွယ်က သူ့ကို သစ္စာဖောက်ခဲ့ပါ တယ်။ အဲဒီအတွက် ကင်က ထောင်ငါးနှစ် ချခံခဲ့ရ တယ်။ ထောင်ကနေ ပြန်လွတ်လာချိန်မှာ အန္တရာယ် များလွန်းတဲ့ အဲဒီအလုပ်ကို စွန့်လွှတ်လိုက်တယ်။ ဒါပေမဲ့ အခြေအနေက အဲဒီလိုအလုပ်မျိုး ပြန်လုပ်ဖို့ သူ့ကို တွန်းပို့ခဲ့တယ်။ သူ ထောင်ကျနေတဲ့အချိန်မှာ သူ့ယောကျာ်းက နောက်အိမ်ထောင်ပြုပြီး သူ့သမီး နှစ်ယောက်ကို ခေါ်သွားတယ်။ အဲဒီတော့ ကင်လည်း စားဝတ်နေရေးအတွက် အလုပ်သစ်ရှာရတော့တာ ပေါ့။ မြောက်ကိုရီးယားကနေ ထွက်ပြေးမယ့်သူတွေကို မကူညီရဲတော့ပေမဲ့ သူ့ရဲ့အဆက်အသွယ်တွေကို အသုံးချပြီး အန္တရာယ်ပိုနည်းတဲ့ အကျိုးဆောင် တစ်မျိုး လုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံကို ထွက်ပြေး သွားသူတွေရဲ့ ငွေလွှဲကို တစ်ဆင့်ခံရယူပြီး သူတို့ရဲ့ မိသားစုဆီ ပို့ပေးတာ၊ တရားမဝင် ဖုန်းခေါ်ဆိုပေးတာ မျိုးတွေ လုပ်ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက မိုဘိုင်းဖုန်းတွေကို နိုင်ငံခြားဖုန်းခေါ်ဆိုမှု အဝင်ရော၊ အထွက်ရော ဖြတ်တောက်ထားတယ်။ ကင်ကတော့ တရားမဝင် ခိုးသွင်းလာတဲ့ တရုတ်ဖုန်း အသုံးပြုပြီး နိုင်ငံခြားကနေ ဖုန်းဆက်တာတွေကို ပိုက်ဆံယူပြီး အကျိုးဆောင်ပါတယ်။ နောက်ဆုံးမှာတော့ နောက် တစ်ကြိမ် အဖမ်းခံခဲ့ရပြန်ပါတယ်။ တောင်ကိုရီးယား နိုင်ငံကို ထွက်ပြေးသွားတဲ့မိခင်က သူ့သားကို ဖုန်းဆက် ချင်တယ်။ အဲဒီအတွက်ကင်ကသူတို့သားအမိ တွေ ဖုန်းပြောလို့ရအောင် သူ့သားကို တောင်ပေါ်ခေါ်လာခဲ့ တယ်။ ဒါပေမဲ့ သူတို့နောက်ကို လျှို့ဝှက်ရဲ တွေ လိုက်လာပြီး ဖမ်းဆီးခဲ့တာပါ။ ”သူတို့တောင်းသ လောက် ပိုက်ဆံပေးမယ်လို့ ကျွန်မပြောခဲ့ပါတယ်။ အထပ်ထပ် တောင်းပန်ခဲ့တယ်။ ပြည်ပြေးအမျိုးသမီးရဲ့ ကလေးက ဖြစ်ကြောင်းကုန်စင် သိသွားလို့ သူတို့လည်း မဖုံးကွယ်ပေးနိုင်ဘူးလို့ ရဲအရာရှိတွေက ပြောပါတယ်”လို့ ကင်က ပြန်ပြောင်း ပြောပြပါတယ်။ မြောက်ကိုရီးယားမှာ လူတစ်ယောက် ကို သတ်တာထက် ရန်သူနိုင်ငံတွေလို့ သတ်မှတ်ထားတဲ့ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်နိုင်ငံတွေနဲ့ ပတ်သက်ဆက်နွှယ်တာက ပိုပြီးအပြစ်ကြီးပါတယ်။ ဒီအခြေအနေကို သိထားတဲ့ ကင်ကလည်း သူ့ဘဝတော့ ဆုံးပြီလို့ တွက်ထားသူပါ။ ရုံးတင်စစ်ဆေးမှု ခံယူဖို့ စောင့်ဆိုင်းနေချိန်မှာ ဂျီယွန်နဲ့ စတွေ့ခဲ့တာပါ။
သူက ဒုတိယအကြိမ် ပြစ်မှုကျူးလွန်ထားသူဖြစ်လို့ သူ့အတွက် အခြေအနေမဟန်ဘူးဆိုတာလည်း ကင် သိပါတယ်။ ဂျီယွန်က သူ့အသက်အန္တရာယ်အတွက် စိုးရိမ်စရာမရှိပေမဲ့ သူ့ဘဝသူ စိတ်ပျက်နေသူပါ။ ရဲအရာရှိတစ်ယောက် ဖြစ်လာဖို့က ဂျီယွန်ရဲ့ကလေး ဘဝအိပ်မက်ပါပဲ။ စစ်မှုမထမ်းမနေရအမိန့်ကြောင့် တပ်ထဲဝင်တော့ မြောက်ကိုရီးယားနိုင်ငံကို တည်ထောင် ခဲ့တဲ့ ကင်အီဆွန်းရုပ်တုကို စောင့်ကြပ်တာ၊ ကျွဲ၊ နွား တိရစ္ဆာန်တွေအတွက် မြက်စိုက်ပေးတာ အစရှိတဲ့ ပုံမှန်တာဝန်တွေလုပ်ရပါတယ်။ ဒါပေမဲ့ သူ့အဖေက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မခြွင်းမချန် ပြောပြခဲ့ပါ တယ်။ ”တစ်နေ့မှာ အဖေက ကျွန်တော့် ကို ထိုင်ပါဦး လို့ ပြောတယ်။ ပြီးတော့ ကျွန်တော့်လို မိဘမျိုးရိုးနဲ့ ဆိုရင် ရဲအရာရှိဖြစ်မှာမဟုတ်ဘူးလို့ အဖေက ပြော တယ်”လို့ ဂျီယွန်က ဆိုပါတယ်။ ဂျီယွန်ရဲ့မိဘတွေဟာ သူ့အဘိုးအဘွားတွေလိုပဲ လက်သမားတွေပါ။
”မြောက်ကိုရီးယားနိုင်ငံမှာ ထိပ်တန်းနေရာ ရောက်ဖို့ ပိုက်ဆံလိုတယ်။ အဲဒီကိစ္စက တဖြည်းဖြည်း ပိုပိုဆိုးလာတယ်။ တက္ကသိုလ်ကနေဘွဲ့ရဖို့ စာမေးပွဲ ဖြေရင်တောင် အမှတ်ကောင်းကောင်းရဖို့ ပါမောက္ခ တွေကို လာဘ်ထိုးရတယ်”လို့ ဂျီယွန်က ပြောပါတယ်။ ထိပ်တန်းတက္ကသိုလ်က ဘွဲ့ရသူပဲဖြစ်ဖြစ်၊ အမှတ် ကောင်းကောင်းနဲ့ ဘွဲ့ရတာပဲဖြစ်ဖြစ် ပိုက်ဆံမရှိရင် အနာဂတ်တောက်ပမယ်ဆိုတဲ့ အာမခံချက်မရှိပါဘူး။ ”ဂုဏ်သိက္ခာကြီးတဲ့ ကင်အီဆွန်း တက္ကသိုလ်ကနေ ထိပ်တန်းအဆင့်နဲ့ ဘွဲ့ရထားသူတစ်ယောက်နဲ့သိပါ တယ်။ သူက စျေးထဲမှာ အသားတုရောင်းနေရတယ်” လို့ ဂျီယွန်က ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံသား တော်တော်များများအတွက် အသက်ရှင်သန်နိုင်ရေး က ရုန်းကန်မှုတစ်ခုပါပဲ။ ဂျီယွန် ငယ်ငယ်တုန်းက ကြုံခဲ့တဲ့အခြေအနေနဲ့ စာရင်တော့လက်ရှိအခြေအနေ က ပိုကောင်းလောက်ပါတယ်။ ဂျီယွန် ငယ်ငယ်က မြောက်ကိုရီးယားနိုင်ငံမှာ ဘေးဒုက္ခချီတက်ပွဲလို့ တင်စားခေါ်ဝေါ်ကြတဲ့ လေးနှစ်ကြာ အငတ်ဘေး ဆိုက်မှုကြုံခဲ့ရပါတယ်။
ရဲအရာရှိဖြစ်ချင်တဲ့ သူ့ရည်မှန်းချက်မဖြစ်နိုင်မှန်း သိလိုက်ရတဲ့နောက်မှာ သူ့ရဲ့ဘဝကို ပြောင်းလဲနိုင် မယ့် တခြားနည်းလမ်းတစ်ခုကို ဂျီယွန်တွေးခဲ့ပါတယ်။ ကင်နဲ့တွေ့ချိန်မှာ သူ့ရဲ့အကြံအစည်က မျိုးစေ့အဆင့် လောက်ပဲရှိပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် စကားပြောဖြစ်ပြီးနောက်မှာတော့ အဲဒီအကြံအစည် က ပိုခိုင်မာလာခဲ့ပါတယ်။ အကျဉ်းသားနဲ့ ထောင် အစောင့်အကြပ်ဆိုတာ မိတ်ဆွေဖြစ်ဖို့ တော်တော် ခဲယဉ်းပါတယ်။ အကျဉ်းသားတွေက ထောင်အစောင့် အကြပ်တွေကို စေ့စေ့တောင်ကြည့်ခွင့်မရှိပါဘူး။ အဲဒီ တော့ အကျဉ်းသားနဲ့ ထောင်အစောင့်အကြပ်ဆိုတာ မိုးနဲ့မြေလို ခြားနားပါတယ်။ ဒါပေမဲ့ ဂျီယွန်နဲ့ ကင်က တော့ အကျဉ်းထောင်သံတိုင်ကြားကနေ နှစ်ကိုယ် ကြား လေသံနဲ့ စကားပြောကြပါတယ်။ ”ကင်မရာ တစ်လုံးတပ်ထားပါတယ်။ ဒါပေမဲ့ မီးမကြာခဏပျက် နေလို့ စောင့်ကြည့်ကင်မရာမှတ်တမ်းကို ကြည့်လို့မရ ဘူး။
တခါတလေတော့လည်း ကင်မရာကို တခြား ဘက် လှည့်ထားတယ်။ အကျဉ်းသားတိုင်းကဘယ်သူနဲ့ ဘယ်သူ ရင်းနှီးလဲဆိုတာ သိကြတယ်။ ဒါပေမဲ့ ထောင်ထဲမှာ အစောင့်အကြပ်ကပဲ အာဏာရှိပါတယ်။ ဂျီယွန်ကတော့ ကင်နဲ့ စိတ်ချင်းဆက်နွှယ်နေသလို ခံစားရလို့ ကင်ကို ပိုဂရုစိုက်ပါတယ်။ သူတို့ စတင် တွေ့ဆုံပြီး နှစ်လအကြာမှာတော့ သူတို့နှစ်ယောက်ရဲ့ မိတ်ဆွေဆက်ဆံရေးက ထူးခြားတဲ့အဆင့်တစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။ ကင်ကို ရုံးတင်စစ်ဆေးပြီး ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လ ချမှတ်ခဲ့ပါတယ်။ ကင်ကို ကြောက်စရာကောင်းတဲ့ ချွန်ဂိုရီအကျဉ်းထောင်ထံ ပို့တော့မှာပါ။ ချွန်ဂိုရီကနေ အရှင်လတ်လတ် ပြန်ထွက် လာနိုင်မှာမဟုတ်ဘူးဆိုတာ ကင် သိပါတယ်။ အကျဉ်းသားဟောင်းတွေနဲ့ အင်တာဗျူးတွေကြည့်ရင် မြောက်ကိုရီးယားထောင်တွေမှာ ဘယ်လောက်နှိပ်စက် လဲဆိုတာ သိကြမှာပါ။ ”ကျွန်မ လက်မှိုင်ကျသွားတယ်။ ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်ဖို့ အကြိမ်တစ်ဒါဇင်လောက်တွေး တယ်။ ငိုပြီးရင်း ငိုမိတော့တာပါပဲ”လို့ ကင်ကပြောပါတယ်။
”ကျို၀ါဆို အကျဉ်းထောင်ပို့ခံရရင် နိုင်ငံသား အဖြစ်ကနေ ရုပ်သိမ်းခံရမယ်။ လူလို့ သတ်မှတ်လို့ မရတော့ဘူး။ တိရစ္ဆာန်နဲ့ ဘာမှ မခြားတော့ဘူး”လို့ ဂျီယွန်က ဆိုပါတယ်။ တစ်နေ့မှာတော့ ဂျီယွန်က ကင်ကို စကားခပ်တိုးတိုးပြောခဲ့ပါတယ်။ အဲဒီစကား လုံးတွေကပဲ သူတို့ဘဝတွေကို ထာဝရပြောင်းလဲ သွားစေခဲ့တာပါ။ ”အစ်မကို ကူညီချင်တယ်။ ထောင် ထဲမှာ အစ်မ သေသွားလိမ့်မယ်။ အစ်မအသက်ကို ကျွန်တော် ကယ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်း ကတော့ ထောင်ထဲကနေ ခေါ်ထုတ်သွားဖို့ပဲ” လို့ ဂျီယွန်က ပြောခဲ့တာပါ။ ဒါပေမဲ့ မြောက်ကိုရီးယား နိုင်ငံသားတော်တော်များများလိုပဲ ကင်က ဂျီယွန်ကို မယုံကြည်ခဲ့ဘူး။ ဒါက လှည့်စားမှုတစ်ခုလို့ သူထင်မိ ခဲ့တယ်။ ”အဲဒီတော့ သူ့ကို ကျွန်မ ရန်တွေ့လိုက်မိ တယ်။ နင်က သူလျှိုလား၊ ငါ့ကို သူလျှိုလုပ်ပြီးဖျက်စီး နေတာက နင့်အတွက် ဘာရလို့လဲလို့ ပြောခဲ့ပါ တယ်။ သူကတော့ သူလျှိုမဟုတ်ဘူးလို့ ငြင်းပါ တယ်”လို့ ကင်က ပြောပါတယ်။ နောက်ဆုံးမှာတော့ ဂျီယွန်က ကင်ကို တောင်ကိုရီးယားအထိထွက်ပြေး နိုင်အောင်ကူညီပေးမှာဖြစ်သလို သူကိုယ်တိုင်လည်း ကင်နဲ့အတူ လိုက်ခဲ့မယ်လို့ ပြောလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ဆွေမျိုးတွေရှိလို့ ဇာတ်မြှုပ် နေရာကနေ လယ်သမားမျိုးရိုး ဖြစ်သွားတဲ့အတွက် သူ့ရဲ့အနာဂတ်ရည်မှန်းချက် ထိခိုက်ခဲ့ပြီးနောက်မှာ ဂျီယွန်က အခုလို ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ဆွေမျိုးတွေက သူ့ကို မတူညီတဲ့ အနာဂတ် မျှော်လင့်ချက်ရောင်ခြည်သန်း စေပါတယ်။
ဂျီယွန်ဟာ နောက်ဆုံးတစ်ခေါက် အိမ်ပြန်တုန်း က သူ့မိဘတွေအိမ်ကနေ ခိုးထုတ်လာတဲ့ သူ့ဆွေမျိုး တွေရဲ့ဓာတ်ပုံတွေကို ကင်ကို ပြပါတယ်။ ဓာတ်ပုံ တွေရဲ့နောက်မှာ တောင်ကိုရီးယားက သူတို့လိပ်စာ ကို ဖော်ပြထားပါတယ်။ အဲဒီအချိန်ကစပြီး ကင်က လည်း ဂျီယွန်ကို ယုံကြည်လာခဲ့ပါတယ်။ ဒါပေမဲ့ ကင်က ထွက်ပြေးမယ့်အစီအစဉ်ကို တော်တော် ကြောက်ခဲ့ပါတယ်။ ”ကျွန်မရင်တွေ တဒုန်းဒုန်းခုန်နေ တယ်။ မြောက်ကိုရီးယားနိုင်ငံ သမိုင်းကြောင်းမှာ အကျဉ်းသားနဲ့ အကျဉ်းထောင် အစောင့်အကြပ် အတူတူ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ သမိုင်းကြောင်း မရှိဘူးလေ”လို့ ကင်က ပြောပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်မှာတော့ ထွက်ပြေးဖို့ အချိန်ကျပြီ ဆိုတာ ဂျီယွန် တွက်မိခဲ့ပါတယ်။ သိပ်မကြာခင်မှာ ကင်ကို ရဲဘက်စခန်း ပို့တော့မှာပါ။ ဒီညတော့ဂျီယွန် ရဲ့ အထက်အရာရှိက သူ့အိမ်ကို ပြန်အိပ်တယ်။ အမှောင်ထုကို အကာအကွယ်ယူပြီး သူတို့နှစ်ယောက် ပြတင်းပေါက်ကနေ ခုန်ချတယ်။ ပြီးတော့ ခြံစည်းရိုးကို ကျော်တက်ပြီး တူမန်မြစ်ထဲရောက်ဖို့ လယ်ကွင်းကို ဖြတ်ပြေးကြတယ်။ လနဲ့ချီ ထိန်းသိမ်းခံထားရလို့ အားနည်းနေတဲ့ ကင်ဟာ ခဏခဏ ခလုပ်တိုက်လိုက်၊ ချော်လဲလိုက် ဖြစ်နေပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် မြစ်ကမ်းဘေးကို ဘေးမသီရန်မခဘဲ ရောက်သွား တယ်။ ခဏနေတော့ မီတာ ၅၀ အကွာလောက်ကနေ မီးရောင်လှမ်းမြင်ရတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ကနေ ထွက်ပေါ်လာတဲ့ မီးရောင်ပါ။
”ကျွန်တော်တို့ ထောင်က ထွက်ပြေးသွားတာ သိသွားလို့ နယ်ခြားစောင့်တပ်ဖွဲ့ လုံခြုံရေးတင်းကျပ် နေပြီလို့ ထင်လိုက်မိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပုန်းပြီး ချောင်းကြည့်လိုက်တော့ သူတို့ အစောင့်ချင်း လဲနေတာ တွေ့ရတယ်။ ဂျူတီချိန်းရင်း စကားပြော နေတဲ့ သူတို့ရဲ့အသံတွေ ကြားရတယ်။ ကျွန်တော်တို့ လည်း စောင့်နေရတာပေါ့။ နာရီဝက်လောက်ကြာ တော့ တိတ်ဆိတ်သွားတယ်။ အဲဒါနဲ့ ကျွန်တော်တို့ လည်း မြစ်ထဲဆင်းတယ်။ ကျွန်တော် မြစ်ကမ်းပါးကို အခေါက်ခေါက်အခါခါ ရောက်ဖူးတယ်။ အမြဲတမ်း ရေခပ်တိမ်တိမ်ပဲ ရှိတယ်။ အဲဒီရေက ဒီလောက် နက်မှန်း မသိခဲ့ဘူး။ လူချင်းသက်သက်ပဲဆိုရင်တော့ ကျွန်တော် ရေကူးသွားလို့ရတယ်။ ဒါပေမဲ့ ကျွန်တော် က ကျောပိုးအိတ်လည်း လွယ်ထားရတယ်။ သေနတ် လည်း ပါတယ်။ သေနတ် ရေစိုသွားရင်သုံးလို့မရတော့ ဘူး။ အဲဒီတော့ သေနတ်ကိုင်ထားတဲ့လက်ကိုအပေါ် ထောင်ပြီး လျှောက်လာတယ်။ ဒါပေမဲ့ ရေကလည်း တဖြည်းဖြည်း ပိုနက်လာတယ်။ ဂျီယွန်က ရေကူးဖို့ စပြီးကြိုးစားလာပေမဲ့ ကင်ကတော့ ရေမကူးတတ်ဘူး။ အဲဒီတော့ ဂျီယွန်က လက်တစ်ဖက်ကို သေနတ်ကိုင်၊ လက်တစ်ဖက်က ကင်ကိုဆွဲရင်း မြစ်ထဲဖြတ်ခဲ့ရတယ်။ ”မြစ်လယ်ရောက်သွားတော့ ကျွန်မခေါင်းပါ ရေမြုပ် နေပြီ။ ကျွန်မ အသက်ရှူကျပ်ပြီး မျက်လုံးလည်းဖွင့်လို့ မရဘူး”လို့ ကင်က ပြန်ပြောပြပါတယ်။ ကင်က ဂျီယွန် ကို နောက်ကြောင်းပြန်လှည့်ဖို့ တောင်းပန်ခဲ့ပါတယ်။
”နောက်ကြောင်းပြန်လှည့်ရင် ကျွန်တော်တို့ နှစ်ယောက်လုံး သေသွားလိမ့်မယ်။ သေမယ့်အတူတူ ဒီမှာပဲ အသေခံမယ်။ ဟိုကို ပြန်သွားပြီး အသေမခံဘူး လို့ သူ့ကို ကျွန်တော် ပြောလိုက်တယ်။ကျွန်တော်လည်း ခြေကုန်လက်ပန်းကျနေပြီ။ ငါ ဒီလိုနည်းနဲ့ သေရတော့ မှာလား။ ဘယ်လိုအဆုံးသတ်သွားမှာလဲဆိုတာတွေ တွေးမိခဲ့ပါတယ်”လို့ ဂျီယွန်က ဆိုပါတယ်။ နောက်ဆုံး မှာတော့ ဂျီယွန်ရဲ့ခြေထောက်က မြေသားကို စမ်းမိခဲ့ ပါတယ်။ သူတို့တွေ ဒယီးဒယိုင်နဲ့ ကမ်းစပ်ကိုဖြတ်သွား ပြီး တရုတ်နယ်စပ်အမှတ်အသားဖြစ်တဲ့ သံဆူးကြိုးခွေ ဆီ ဦးတည်သွားခဲ့တယ်။ ဒီနေရာကို ရောက်လာပေမဲ့ စိတ်ချလို့မရသေးဘူး။ သူတို့ကတောင်ပေါ်မှာသုံးရက် ကြာ ပုန်းအောင်းခဲ့တယ်။ ပြီးတော့မှ ဒေသခံ တစ်ယောက်ဆီကနေ ဖုန်းတောင်းဆက်တယ်။ ကင် က အကူအညီတောင်းခံရမယ့် ပွဲစားတစ်ယောက်ကို ဖုန်းဆက်တာပါ။ မြောက်ကိုရီးယားအာဏာပိုင်တွေ က အသင့်အနေအထားရှိနေပြီး သူတို့နှစ်ယောက်ကို ဖမ်းဖို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားတယ်၊ အဲဒီနေရာ တစ်ဝိုက်မှာ တရုတ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလှုပ်ရှားနေကြ တယ်လို့ အဲဒီပွဲစားက သတင်းပေးပါတယ်။ ဒါပေမဲ့ ကင်ရဲ့အဆက်အသွယ်တွေ ကူညီပေးခဲ့လို့ သူတို့က တရုတ်နိုင်ငံကနေ ထွက်ခွာပြီး တတိယနိုင်ငံကို မရောက်ခင် ပုန်းစရာနေအိမ် တစ်အိမ်ပြီးတစ်အိမ် ပြောင်းခဲ့ကြတယ်။ သူတို့ရဲ့ခရီးစဉ်နောက်ဆုံးအဆင့် မပြီးဆုံးခင် ကျွန်တော်တို့ကို လျှို့ဝှက်နေရာတစ်ခုမှာ လက်ခံတွေ့ဆုံပြီး သူတို့ရဲ့အံ့အားသင့်စရာထွက်ပြေး လွတ်မြောက်မှုနဲ့ သက်ရောက်မှုတွေအကြောင်း ပြော ပြခဲ့ပါတယ်။
ဂျီယွန်နဲ့ ကင်တို့ရဲ့လုပ်ရပ်က သူတို့ရဲ့မိသားစု တွေကို မြောက်ကိုရီးယား လူတန်းစားစနစ် သတ်မှတ် ရာမှာ ထိခိုက်စေဖို့ သေချာသလောက်ပါပဲ။ ပြီးတော့ သူတို့ရဲ့ဆွေမျိုးသားချင်းတွေလည်း စစ်ဆေးမေးမြန်း တာ၊ စောင့်ကြည့်တာမျိုးတွေ ကြုံရမှာပါ။ သူတို့ နှစ်ယောက်ထွက်ပြေးတဲ့ကိစ္စက သူတို့မိသားစုတွေနဲ့ မပတ်သက်စေဖို့ ဂျီယွန်နဲ့ ကင်က မျှော်လင့်နေပါ တယ်။ ဂျီယွန်က စစ်တပ်ထဲမှာ နေခဲ့ရပြီးကင်ကလည်း သူ့ယောကျ်ား၊ သူ့သားသမီးတွေနဲ့ တကွဲတပြားစီ ဖြစ်နေတာပါ။ အဲဒီတော့ ဂျီယွန်နဲ့ ကင်ရဲ့အစီအစဉ်ကို သူတို့မသိဘူးလို့ သူတို့မိသားစုတွေက ငြင်းပိုင်ခွင့်ရှိပါ တယ်။ ”အသက်ဆက်ရှင်ဖို့အတွက် ထွက်ပြေးခဲ့တာ ကို အပြစ်လုပ်သလို ခံစားရတယ်။ ကျွန်မ ရင်ထုမနာ ဖြစ်ရပါတယ်”လို့ ကင်က မှတ်ချက်ပေးပါတယ်။ ဂျီယွန်ရဲ့ခံစားချက်ကလည်း အဲဒီအတိုင်းပါပဲ။ သူက ”အိမ်မှာ နွေဦးရောက်ပြီ (Spring at Home)ဆိုတဲ့ ကျေးလက်သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးညည်းဆိုရင်း သူ့လက်တွေကို ဆံပင်တွေထဲထိုးထည့်ပြီး သူ့ခေါင်း ကို ဆုပ်ကိုင်ထားပါတယ်။ သူနဲ့အတူတူ လိုက်လာခဲ့ တဲ့ ကင်နဲ့ လမ်းခွဲရတော့မယ့်အတွက်လည်း ဂျီယွန်က စိတ်မကောင်းဖြစ်နေပါတယ်။ ဂျီယွန်ဟာ အရင်တုန်း က တောင်ကိုရီးယားနိုင်ငံကိုသွားဖို့ စီစဉ်ထားပေမဲ့ စိတ်ပြောင်းသွားပြီး အမေရိကန်နိုင်ငံကို သွားချင်စိတ် ပေါက်လာခဲ့တယ်။
”ကျွန်တော်နဲ့အတူ အမေရိကန်နိုင်ငံကို လိုက်ခဲ့ ပါလား”လို့ ဂျီယွန်က မေးပေမဲ့ ကင်ကတော့ ခေါင်းကို တွင်တွင်ယမ်းပြနေပါတယ်။ ”ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး။ ငါက အင်္ဂလိပ်စကားမပြောတတ် ဘူး။ ငါ ကြောက်တယ်”လို့ ကင်က ပြန်ပြောပါတယ်။ သူတို့နှစ်ယောက်အတူတူ အင်္ဂလိပ်စာ လေ့လာနိုင် တယ်လို့ ဂျီယွန်က စည်းရုံးခဲ့ပေမဲ့ ကင်က လက်မခံခဲ့ ပါဘူး။ နင် ဘယ်သွားသွား၊ ငါ့ကို မမေ့ပါနဲ့ဟာဆိုတဲ့ စကားကိုပဲ တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အာဏာရှင်အစိုးရကိုချန်ရစ် ထားခဲ့နိုင်လို့ သူတို့နှစ်ယောက် ဝမ်းသာနေကြသလို ပါပဲ။ ”ပြန်တွေးကြည့်လိုက်တော့ ကျွန်တော်တို့ အားလုံး ထောင်ကျနေတာပါပဲ။ သွားချင်ရာကိုမသွား နိုင်ဘူး။ လုပ်ချင်ရာကို မလုပ်နိုင်ဘူး။မြောက်ကိုရီးယား နိုင်ငံသားတွေမှာ မျက်စိတွေပါပေမဲ့ မမြင်ရဘူး။ နား တွေပါပေမဲ့ မကြားရဘူး။ ပါးစပ်တွေပါပေမဲ့ စကား ပြောလို့မရကြဘူး”ဆိုတဲ့ ဂျီယွန်ရဲ့ စကားကတော့ မြောက်ကိုရီးယားပြည်သူတွေရဲ့ အခြေအနေကို ထင်ဟပ်ပြနေပါတယ်။
စာကြွင်း။ ။ သူတို့ရဲ့ အမည်တွေကို လွှဲပြီး ဖော်ပြထားပါတယ်။
Ref:BBC
Nz (ရိုးရာလေး)