One Championship က ကွေဒင်ဘေလက်စ်ကို သိုင်းပေါင်းစုံအားကစား သင်ကြားပေးမယ်

25feb202013.jpg

One Championship က ကွေဒင်ဘေလက်စ်ကို သိုင်းပေါင်းစုံအားကစား သင်ကြားပေးမယ်

လူပုရောဂါ ခံစားနေရလို့ ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ် ကွေဒင်ဘေလက်စ် (Quaden Bayles) ကို One Championship က King of Jungle ပြိုင်ပွဲ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ခန္ဓာကိုယ်အရွယ်အစားနဲ့ပတ်သက်ပြီး နေ့စဉ်နဲ့အမျှ အနိုင်ကျင့် စော်ကားခံနေရတာ မခံစားနိုင်တော့တဲ့ ကွေဒင်ဘေလက်စ်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့တောင် ဆုံးဖြတ်ခဲ့သူပါ။ မိခင်ဖြစ်သူ Yarraka Bayles က သားဖြစ်သူ ငိုယိုတောင်းဆိုနေတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ် တင်လိုက်ချိန်မှာတော့ သြစတြေးလျတစ်နိုင်ငံမှာတင်မဟုတ်ဘဲ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုလုံး ဝမ်းနည်းကြေကွဲမဆုံး ဖြစ်ခဲ့ကြပါတယ်။

“သားကို ဓားတစ်ချောင်းပေးပါ။ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေပြီ။ အသည်းနှလုံးတည့်တည့် ဓားနဲ့ထိုးသတ်ချင်နေပြီ။ ဒါမှမဟုတ် တစ်ယောက်ယောက် က သားကို ဓားနဲ့ ထိုးသတ်လိုက်ပါတော့” လို့ မျက်ရည်တွေနဲ့ ပြောနေတဲ့ Quaden လေးရဲ့ဗီဒီယိုဖိုင်က အားလုံးကို ဆွံ့အသွားစေခဲ့ပါတယ်။ အဆိုပါ ဗီဒီယို ဖိုင်ထွက်လာပြီးနောက်မှာတော့ ကလေးငယ်လေး စိတ်ပျက်အားငယ်ခြင်းမရှိစေဖို့အတွက် ကမ္ဘာတစ်ဝန်းမှာ #WeStandWithQuaden ဆိုတဲ့ မက်ဆေ့ချ် တွေနဲ့ အားပေးနှစ်သိမ့်နေကြပါတယ်။

မနှစ်မြို့စရာဖြစ်ရပ်ကြောင့် စိတ်ထိခိုက်ခံစားနေတဲ့ ကွေဒင်ဘေလက်စ်တို့မိသားစုကို ONE Championship က စင်ကာပူနိုင်ငံထံ ဖိတ်ခေါ်ပြီး ကိုယ်ခံ ပညာရပ် လာရောက်လေ့လာဖို့ ဖိတ်ခေါ်ထားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်ကျရင် စင်ကာပူအားကစားရုံမှာ ကျင်းပမယ့် King of Jungle ပြိုင်ပွဲ ကြည့်ရှုခွင့်အပြင် နာမည်ကျော် Evolve MMA မှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကို စနစ်တကျ လေ့လာသင်ကြားခွင့်ကိုပါ ပေးအပ်သွားမယ်လို့ သိရပါတယ်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားမှာ ကမ္ဘာကျော်နေတဲ့ အားကစားသမားအချို့ကလည်း တစ်ချိန်က Quaden လေးလိုပဲ ပတ်ဝန်းကျင်ရဲ့ အနိုင်ကျင့်စော်ကားမှုတွေကို ခံခဲ့ကြသူတွေပါ။ ဒါပေမဲ့လည်း သူတို့က အရှုံးမပေးဘဲ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းကို လေ့လာလိုက်စားချိန် မှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရရှိကာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တာ ကြောင့် လူ့အသိုင်းအဝိုင်းအတွင်း ဝင်ဆန့်လာသလို ကမ္ဘာ့ စင်မြင့်အထိပါ တက်လှမ်းလာနိုင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top