အရှင်လတ်လတ် မီးရှို့သတ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ်ကျောင်းသူ အမှုအတွက် လူ(၁၆)ယောက်ကို သေဒဏ်ချမှတ်

yyl-24-056.jpg

ကျောင်းအုပ်ဆရာကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနဲ့ တိုင်ချက်ဖွင့်ခဲ့ပြီးနောက်မှာ အရှင်လတ်လတ် မီးရှို့အသတ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ်ကျောင်းသူ အမှုမှာ တရားရုံးက လူ(၁၆)ယောက်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ အသက်(၁၉)နှစ်အရွယ်ရှိတဲ့ နျူဆရက်ဂျာဟန်ရာဖီ(Nusrat Jahan Rafi)ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့ကနေ မိုင်(၁၀၀)ကွာဝေးတဲ့ ဖန်နီမြို့မှာ နေထိုင်သူပါ။

ကျောင်းအုပ်ဆရာက သူ့ကို မဖွယ်မရာကိုင်တွယ်မှုတွေ ထပ်ဖန်တလဲလဲ လုပ်ခဲ့တယ်လို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပြီးနောက် (၁၁)ရက်အကြာမှာတော့ သူ့ရဲ့အတန်းဖော်တွေက ရာဖီကို ကျောင်းခေါင်မိုးပေါ် ဖျားယောင်းခေါ်ဆောင်သွားခဲ့ပါတယ်။ ကျောင်းခေါင်မိုးပေါ်ရောက်ချိန်မှာ ဘူခါရ်ခြုံထားသူ (၄)၊ (၅)ယောက်က သူ့ကိုဝိုင်းထားပြီး တိုင်ချက်ကို ပြန်ရုပ်သိမ်းဖို့ ဖိအားပေးခဲ့ပါတယ်။ ရာဖီက ငြင်းဆန်ချိန်မှာ သူ့ကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ကြပါတယ်။ အဲဒီသူတွေဟာ ရာဖီ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့ပုံစံမျိုး ဖြစ်အောင် ဖန်တီးခဲ့ကြတာပါ။

ဒါပေမဲ့ ရာဖီက ထွက်ပြေးခဲ့ပြီး အော်ဟစ်အကူအညီတောင်းခံနိုင်ခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့ (၈၀)ရာခိုင်နှုန်း မီးလောင်ခံခဲ့ရတဲ့ ရာဖီက သူ့အခြေအနေကို သူသိခဲ့ပြီး သူ့ရဲ့နောက်ဆုံးဆန္ဒကို ထုတ်ပြောခဲ့ပါတယ်။ သူစကားပြောနေချိန်မှာ သူ့အစ်ကိုက ဖုန်းနဲ့မှတ်တမ်းတင်ခဲ့ပါတယ်။ ”ကျောင်းအုပ်ဆရာက ကျွန်မကို ကိုင်ခဲ့တယ်။ အဲဒီပြစ်မှုကို နောက်ဆုံးထွက်သက်အထိ ရင်ဆိုင်တိုက်ပွဲဝင်သွားမှာပါ”လို့ ရာဖီက ပြောခဲ့ပါတယ်။ ရာဖီဟာ မီးရှို့ခံခဲ့ရပြီး နောက်(၄)ရက်အကြာဖြစ်တဲ့ ဧပြီလ(၁၀)ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး ရာဖီအတွက် တရားမျှတအောင် ဆောင်ရွက်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ရာဖီကို နှုတ်ပိတ်ဖို့ ကြံစည်သူတွေထဲမှာ သူ့ရဲ့အတန်းဖော်တွေနဲ့ သူတို့အသိုင်းအဝန်းမှာ သြဇာရှိတဲ့ အမျိုးသားတွေ ပါဝင်နေတာ တွေ့ရှိခဲ့ပါတယ်။ ကျောင်းအုပ်ဆရာ ဒိုလာဟာ ရာဖီရဲ့တိုင်ချက်ကြောင့် အဖမ်းခံထားရချိန်မှာ ရာဖီကို သတ်ဖို့ အချုပ်ခန်းထဲကနေ ညွှန်ကြားခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အာဏာရပါတီရဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်(၂)ယောက်လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် ရာဖီက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တယ်ဆိုတဲ့ သတင်းမှား ဖြန့်ဖို့အတွက် ဒေသခံရဲအရာရှိ တော်တော်များများလည်း ပူးပေါင်းပါဝင်ခဲ့တာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီလိုဖြစ်ရပ်မျိုးအတွက် နှစ်ရှည်လများ ရုံးတင်စစ်ဆေးရလေ့ရှိပေမဲ့ ရာဖီရဲ့အမှုကတော့ အချိန်အမြန်ဆုံး စီရင်ချက်ချမှတ်ခဲ့တဲ့အမှု ဖြစ်လာပါတယ်။ ဒါပေမဲ့ တရားပြိုင်တွေရဲ့ ရှေ့နေတွေကတော့ တရားရုံးရဲ့ စီရင်ချက်အပေါ် အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သေဒဏ်ချမှတ်ခံရသူတွေကို ကြိုးပေးကွပ်မျက်လေ့ရှိပါတယ်။

Ref:BBC

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top