ဂျပန်နိုင်ငံကိုကျော်ပြီး ဒုတိယအကြိမ် ဒုံးကျည်ပစ်ခတ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံ

nkorea-1.jpg

မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံကို ကျော်လွန်ကာ ဒုတိယအကြိမ် ဒုံးကျည်ပစ်လွှတ်ခဲ့ပြီး ဒါဟာ ရက်သတ္တပါတ်အတွင်းမှာပဲ မြောက်ကိုရီးယားရဲ့ဒုတိယ ရန်စမှုလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား စစ်ရေးကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ ပင်လယ်ပြင်အထက် မိုင်ပေါင်း ၄၇၈ မိုင်(၇၇၀ ကီလိုမီတာ) အထိပျံသန်းခဲ့ပြီး ၃၇၀၀ ကီလိုမီတာ အကွာအဝေးထိရောက်ခဲ့ကာ ဂျပန်နိုင်ငံမြောက်ဘက်ပိုင်းရှိ ဟိုကိုင်းဒိုးကျွန်းအလွန် (Hokkaido) ပင်လယ်ပြင်ထဲ ကျသွားခဲ့ပါတယ်။

ဂျပန်ဝန်ကြီချုပ် ရှင်ဇိုအာဘေး ကတော့ ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေကို သည်းခံမှာမဟုတ်ဘူးလို့ ထပ်မံပြောဆိုခဲ့ပြီး မြောက်ကိုရီးယားသာ ဒီလမ်းကို ဆက်လျှောက်နေမယ်ဆိုရင် မြောက်ကိုရီးယားအတွက် ပိုပြီးကံကြမ္မာဆိုးလာမှာပါ လို့ပြောခဲ့ပါတယ်။

ကုလသမ္မဂက မြောက်ကိုရီးယားကို စည်းကမ်းလိုက်နာစေရန် အရေးယူမှုများ ပြုလုပ်ထားလျက်နဲ့ ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တိုင်လာဆင် (Rex Tillerson) ကလည်း ဝေဖန်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိကစီးပွားရေး ကုန်သွယ်ဖက် နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားကို မြောက်ကိုရီးယားအား အရေးယူမှုပြုလုပ်ရန် တိုက်တွန်းခဲ့ပါတယ်။

“တရုတ်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံကို လောင်စာဆီတွေ ရောင်းပေးတယ်။ ရုရှားနိုင်ငံကျတော့ မြောက်ကိုရီးယား အလုပ်သမားအများစုကို အလုပ်ပေးထားတဲ့အတွက် တရုတ်နဲ့ ရုရှားတို့ဟာ မြောက်ကိုရီးယားရဲ့ မဆင်မခြင် ဒုံးကျည်ပစ်လွှတ်မှုကို အရေးယူချက် တစ်ခုခုလုပ်သင့်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်ပစ်လွှတ်မှုအပြီးမှာပဲ တောင်ကိုရီးယားက မြောက်ကိုရီယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဒုံးကျည်နှစ်လုံးကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပိုင် ယွမ်ဟပ်သတင်းစာက သတင်းပို့ခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံသမ္မတ ဖြစ်တဲ့ မွန်ဂျေအင် (Moon Jae-in) ကတော့ အမျိုးသားလုံခြုံရေး ကောင်စီအစည်းအဝေးခေါ်ခဲ့ပြီး ဒီစမ်းသပ်မှုဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် သံတမန်ရေးရာ အရေးယူမှုနဲ့ စီးပွားရေးရာ အရေးယူမှု လိုအပ်သေးတယ်ဆိုတဲ့အဓိပ္ပါယ် ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ စစ်ရေး ကျွမ်းကျင်သူ အဖွဲ့ကတော့ ဒီပစ်ခတ်မှုဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ တင်းကျပ်အပြီးမှာ ပစ်ခတ်ခဲ့တာလည်း ဖြစ်ပြီး ဂျပန်နိုင်ငံမှာ တော့ ဒေသတစ်လျှောက် အချက်ပေးဥဩသံတွေမြည်ခဲ့ကာ ပြည်သူများကိုလည်း အကာအကွယ်ယူဖို့ သတိပေးခဲ့ရပါသေးတယ်။

ကနဦးပိုင်းတွက်ချက် ချက်များအရ ဒီ ဒုံးကျည်ဟာ ဩဂုတ်လ ၂၉ ရက်မှာ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ထက် ပိုအားကောင်းပြီး ဩဂတ်လ ၂၉ ရက်နေ့က ဒုံးကျည်ဟာ မိုင်ပေါင်း ၂၇၀၀ ကီလိုမီတာ အထိသာ ပျံသန်းခဲ့ကာ စက်တင်ဘာ ၁၅ မှာ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ကတော့ ၃၇၀၀ ကီလိုမီတာ အထိ ပျံသန်းခဲ့တာလည်း ဖြစ်ပါတယ်။ ဂျပန် အတွင်းဝန်ကတော့ ပစ်ခတ်မှုကြောင့် လေယာဉ် ဒါမှမဟုတ် သင်္ဘော ပျက်ဆီးခဲ့ခြင်း မရှိဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အမေရိကန် စံတော်ချိန် ၆ နာရီမှာ ဂျပန်နဲ့ အမေရိကန်တို့ရဲ့ တောင်းဆိုချက်အရ နယူးယောက်မြို့မှာ ကျင်းပသွားမှာ ဖြစ်တယ် လို့သိရပါတယ်။

Ref : CNN News : North Korea fires second ballistic missile over Japan

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top