ရွှေတိဂုံစေတီတော်၏ နိုင်ငံခြားသား ဧည့်ဝင်ကြေး တိုးမြှင့်ကောက်ခံသွားဖို့ရှိ

27-7-2020-yyl-03၁.jpg

လက်ရှိအချိန်မှာတော့ ရွှေတိဂုံစေတီကို လာရောက်တဲ့ နိုင်ငံခြားသားတွေရဲ့ ဧည့်ဝင်ကြေးကို ၈၀၀၀ ကျပ် လို့ သတ်မှတ်ထားတာပါ။

လာမယ့် ဒီဇင်ဘာ တစ်ရက်နေ့ကနေ စပြီးတော့ နိုင်ငံခြားသားတွေရဲ့ ဧည့်ဝင်ကြေးကို တစ်သောင်းကျပ်သို့ တိုးမြှင့် ကောက်ခံသွားမယ်လို့ သိရပါတယ်။

အခုလို တိုးမြှင့် ကောက်ခံမှုကို ပြုလုပ်ဖို့ မေလ ကတည်းက စီစဉ်နေခဲ့တာ ဖြစ်ပေမယ့် ခရီးသွားလုပ်ငန်းရှင်တွေက တိုးမြှင့် ကောက်ခံမှု အကြောင်းကို ခြောက်လခန့် ကြိုတင် ကြိုတင် ကြေညာ ဆောင်ရွက်ပေးဖို့ တင်ပြတောင်းဆိုတာတွေ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် လာမယ့် ဒီဇင်ဘာလ ကနေ စပြီး တိုးမြှင့် ကောက်ခံသွားမယ့်အကြောင်း ကြိုတင်ကြေညာလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း မှ သိရပါတယ်။

နိုင်ငံတကာအနေနဲ့ဆိုရင်လည်း နိုင်ငံခြား ခရီးသည်တွေ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတွေမှာ အခုလို နိုင်ငံခြားသားတွေရဲ့ ဧည့်ဝင်ကြေးကောက်ခံတာက ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ရပ်လို့ဆိုရမှာပါပဲ။ ဥပမာ အနေနဲ့ ပြောရရင် သီရိင်္လကာ မှာဆိုရင် နိုင်ငံခြားသားတွေရဲ့ ဧည့်ဝင်ကြေးကို ငါးဒေါ်လာမှ စပြီး ဒေါ်လာ သုံးဆယ်အထိ နေရာအလိုက် ကောက်ခံတာတွေ ရှိတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း အမျိုးသားပန်းခြံကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသားတွေကို ဧည့်ဝင်ကြေး ဘတ် ၄၀၀ (မြန်မာငွေ ၁၆၀၀၀ ကျပ် ဝန်းကျင်ခန့်) ကောက်ခံတာတွေရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံးနဲ့ အကြီးမားဆုံး ဘုရားကျောင်း တစ်ခုဖြစ်တဲ့ Wat Pho မှာဆိုရင်တော့ နိုင်ငံခြားသားတွေရဲ့ ဧည့်ဝင်ကြေးကို ဘတ် ၁၀၀ ခန့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါ့ပြင် အန်ကောဝတ် ဘုရားကျောင်းကို ဝင်ရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေရဲ့ ဧည့်ဝင်ကြေးကိုလည်း ၂၀၁၆ ဩဂုတ်လကနေစပြီး နှစ်ဆအထိ တိုးမြှင့် ကောက်ခံခဲ့တာတွေလည်း တွေ့ရပါတယ်။ 

မှတ်တမ်းတွေအရဆိုရင်တော့ ရွှေတိဂုံစေတီတော်ကို လာရောက်ကြတဲ့ နိုင်ငံခြားသား အရေအတွက်ဟာ နှစ်စဉ် ငါးသိန်းကျော် ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေ လာရောက် နှုန်း မြှင့်မားတဲ့ ရွှေတိဂုံ ဘုရားကို လာရောက်တဲ့ နိုင်ငံခြားသားတွေရဲ့ ဧည့်ဝင်ကြေးတွေကို အခုလို တိုးမြှင့်ကောက်ခံမယ့်အပေါ် ဘယ်လို အကျိုးရလဒ်တွေ ရရှိလာမလဲဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရမယ့် အရာပဲ ဖြစ်ပါတယ်။ နိုင်ငံခြား ဧည့်သည်တွေ လာရောက်မှုကနေ တဆင့် ရရှိတဲ့ ဧည့်ဝင်ကြေးတွေကို အသုံးပြုပြီး ဘုရားပေါ်မှာ လိုအပ်နေတဲ့ သန့်ရှင်းရေးပိုင်းတွေ၊ လုံခြုံရေးပိုင်းတွေက အစ လိုအပ်တဲ့ အခန်း ကဏ္ဍတွေမှာ ပိုမို အဆင်ပြေလာအောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရင်တော့အကောင်းဆုံးပါပဲ။

တစ်ဖက်မှာ ကြည့်မယ်ဆိုရင်လည်း အခုလို နိုင်ငံခြားသားတွေဆီကနေ ဧည့်ဝင်ကြေးတွေ တိုးမြှင့် ကောက်ခံနေမယ့်အစား အလှူငွေသဘောပဲ ကောက်ခံသွားရင် ပိုကောင်းလိမ့်မယ် ဆိုပြီး ပြောဆို ဝေဖန် နေကြ သူတွေလည်း ရှိနေပါတယ်။
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top