အဝလွန် ကလေးငယ် တစ်ယောက်ရဲ့ ကျန်းမာရေး အန္တရာယ်များ

hello5large.jpg

 

အဝလွန်ရောဂါဖြစ်ပွားနေတဲ့ ကလေးအရေအတွက်ဟာ တစ်နေ့ထက်တစ်နေ့ တိုးများလာနေပါတယ်။

ဒါဟာ သင်လျစ်လျူရှုထားလို့ရတဲ့ အရာတစ်ခုတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ရှုပ်ထွေးတဲ့ပြဿနာတွေနဲ့ လှုပ်ရှားရခက်ခဲခြင်းတွေကို ရင်ဆိုင်ရနိုင်လို့ပါ။ ဒါ့အပြင် အဝလွန်ကလေးငယ်တွေဟာ နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချိုနဲ့ Cardiovascular ပြဿနာတွေကို ခံစားရနိုင်ဖို့ အခွင့်အလမ်းပိုများနေပါတယ်။

အဝလွန်ခြင်းဆိုတာဘာလဲ။

အဝလွန်ခြင်းကို အတည်ပြုဖို့ဆိုတာ ခက်ခဲတာတော့မဟုတ်ပါဘူး။ ဒါဟာ လူတစ်ယောက်မှာ ခန္ဓာကိုယ်က အဆီတွေ အလွန်အမင်းများပြားနေပြီး သူတို့ရဲ့ ကျန်းမာရေးကို ဆိုးကျိုးတွေသက်ရောက်စေနိုင်တဲ့ အခြေအနေတစ်ခုပါ။ ဒါဟာ နေရာအနှံ့ဖြစ်ပွားနိုင်ပြီး (အပြန့်နှံ့ဆုံးနဲ့ ) လူသားမျိုးနွယ်တွေအတွက် အန္တရာယ်အများဆုံး ရောဂါတစ်ခုပါပဲ။

ဖြစ်ပွားစေသော အချက်များ

-စားသောက်နေထိုင်မှု: ကယ်လိုရီမြင့်တဲ့စားစရာတွေ ဥပမာ- အသင့်အစားအစာတေါကို ပုံမှန်စားသောက်နေခြင်းဟာ ကလေးတွေမှာတော့ အဝလွန်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ချိုချဉ်၊ အချိုပွဲတွေနဲ့ သကြားပါဝင်တဲ့အချိုရည်တွေဟာလည်း အလေးချိန်တိုးခြင်းကိုဖြစ်စေနိုင်ပါတယ်။

-TV ကြည့်ခြင်း : အချို့သောလေ့လာမှုတွေအရ ကလေးတွေရဲ့ အိပ်ခန်းထဲမှာTV ထားရှိခြင်းဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်အတွက်တော့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ TV နဲ့ အလွမ်းသင့်နေတဲ့ကလေးငယ်ဟာ သူတို့ရဲ့အချိန်တွေကို TV ကြည့်တာနဲ့ပဲ အများဆုံးကုန်ဆုံးတတ်ကြပြီး အခြားသောလုပ်စရာတွေ၊ လေ့ကျင့်ခန်းတွေကို စိတ်ဝင်စားမှုမရှိကြတော့လို့ပါ။

-မျိုးရိုး : အဝလွန်ခြင်းဟာ တစ်စိတ်တစ်ပိုင်းကတော့ မိဘတွေထံမှ ရရှိတဲ့ မျိုးရိုးတွေက ဖုံးလွှမ်းထားတတ်ပါတယ်။ တကယ်လို့ မိဘတွေက အဝလွန်နေတယ်ဆိုရင် ကလေးတွေမှာလည်း အဝလွန်နိုင်ချေရှိပါတယ်။

-စားသောက်မှုအလေ့အထ (အကျင့်ဆိုး) : ညဉ့်နက်မှ သွားရည်စာတွေစားတာ ဒါမှမဟုတ် တစ်ထိုင်တည်း ကယ်လိုရီတွေအများကြီးစားပြီး ဘာလှုပ်ရှားမှုမှမလုပ်တာက ကလေးတွေအတွက် အလေးချိန်တိုးလာတာကို ထိန်းချုပ်ဖို့ ခက်ခဲစေပါတယ်။

လေ့ကျင့်ခန်းမလုပ်ခြင်း : လေ့ကျင့်ခန်းမလုပ်တဲ့ကလေးတွေဟာ အလေးချိန်တိုးဖို့ပိုလွယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းလုပ်တဲ့သူတွေလို ကယ်လိုရီတွေ လောင်ကျွမ်းစေနိုင်ခြင်း မရှိလို့ပါ။ တစ်နေရာထဲ ငြိမ်ပြီးနေရတဲ့အခြေအနေမျိုးမှာ အချိန်ဖြုန်းတာ ဥပမာ- TV ကြည့်ခြင်း၊ ဗွီဒီယိုဂိမ်းကစားခြင်းစတာမျိုးတွေမှာ အချိန်ဖြုန်းတာတွေက ပြဿနာကို ပိုဆိုးစေပါတယ်။

စိတ်ပိုင်းဆိုင်ရာ အချက်များ : ကိုယ်ရည်ကိုယ်သွေး၊ မိဘအုပ်ထိန်းမှုပုံစံနဲ့ မိသားစုတွင်း စိတ်ဖိစီးမှုတွေဟာ ကလေးတွေမှာ အဝလွန်နိုင်ချေကို ပိုတိုးစေပါတယ်။ အချို့သောကလေးငယ်တွေဟာ ပြဿနာကို ရင်ဆိုင် (ကျော်လွှား)နိုင်ဖို့၊ ခံစားချက်တွေနဲ့ ရင်ဆိုင်နိုင်ဖို့ နဲ့ ပျင်းရိခြင်းတွေ ပြေပျောက်ဖို့အတွက် အလွန်အကျွံစားမိတတ်ကြပါတယ်။

နောက်ဆက်တွဲပြဿနာများ။

အဝလွန်ကလေးငယါတွေဟာ အောက်ပါကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

-ကိုလက်စထရောများခြင်း

-အစောပိုင်း နှလုံးရောဂါ အခြေအနေ : သွေးတွင်းအဆီဓာတ်တက်ခြင်းနဲ့ သွေးတိုးရောဂါတွေကို အဝလွန်တဲ့ကလေးငယ်တွေမှာ မကြာခဏတွေ့ရလေ့ရှိပါတယ်။

-ဆီးချို

-အရိုးပြဿနာ : အဝလွန်ကလေးငယ်တွေမှာ ခန္ဓာဗေဒဆိုင်ရာ ပြဿနာအချို့ ရှိနေနိုင်ပါတယ။်

-အသက်ရှူခြင်းဆိုင်ရာပြဿနာများ ဥပမာ- အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း နဲ့ ရင်ကြပ်ခြင်း

-အရေပြားပြဿနာများ ဥပမာ- အနီပြင်ထခြင်း၊ မှိုကူးစက်ခြင်းနဲ့ ဝက်ခြံ

-ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံခံရခြင်း : ဒီလို ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်နေရတာအပြင်ကို အဝလွန်ကလေးငယ်တွေဟာ လူတွေရဲ့ခွဲဲခြားဆက်ဆံခြင်းကို ခံနေရတဲ့ ပစ်မှတ်တွေလဲဖ်ြနေပါသေးတယ်။ ဒီ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေဟာ မိမိကိုယ်ကို ယုံကြည်အားကိုးခြင်းတွေကို လျော့နည်းသွားစေပြီး ပညာရေးနဲ့ လူမှုဆက်ဆံရေးတွေမှာ အားနည်းမှုတွေဖြစ်စေပါတယ်။ ဒါတွေအားလုံးဟာလည်း အရွယ်ရောက်ပြီးအချိန်ထိ ခံစားသွားရနိုင်တဲ့ အရာတွေပါ။

အဝလွန်ကလေးကို ဘာတွေလုပ်ပေးနိုင်မလဲ။

တကယ်လို့သင့်မှာ အဝလွန်ကလေးတစ်ယောက်ရှိနေတယ်ဆိုရင် အရေးအကြီးဆုံးကတော့ သင်ဟာသူတို့ကိုထောက်ပံ့ပေးဖို့ သူတို့ဘက်မှာ အမြဲရှိနေတယ်ဆိုတာကို သူတို့သိအောင်လုပ်ပါ။ ကလေးငယ်တွေရဲ့ ခံစားချက်တွေဟာ မိဘတွေ သူတို့အပေါ်ဘယ်လိုသဘောထားတယ်ဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ။် တကယ်လို့ သင်က သင့်ကလေးရဲ့ အရှိကို အရှိအတိုင်းလက်ခံနိုင်တယ်ဆိုရင်တော့ သူတို့အတွက် ပိုပြီး နေသာထိုင်သာဖြစ်စေပါလိမ့်မယ်။

သင့်ကလေးကို သူတို့အခြေအနေအကြောင်းပြောပြပါ။ သူတို့အတွေးတွေနဲ့ စိတ်ပူပန်မှုတွေကို သင်နဲ့အတူ မျှဝေခံစားခွင့်ပေးလိုက်ပါ။ ဒါပေမယ့် သင့်ကလေးငယ်ကိုတော့ အဝလွန်တယ်ဆိုတာ ကျန်းမာရေးနဲ့မညီဘူးဆိုတာကိုတော့ နားလည်အောင်သေချာပြောပြပါ။ သူတို့ရဲ့ ဒီအဖြစ်ကိုပြောင်းလဲပေးနိုင်ဖို့သင်ကသူတို့နဲ့အတူရှိတယ်ဆိုတာ သူတို့သိအောင် ပြောပြပါ။ သင့်ကလေး အလေးချိန်တက်လာတာတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ ကျန်းမာစွာကြီးပြင်းလာဖို့ မိသားစုရဲ့စားသောက်နေထိုင်ပုံနဲ့ လေ့ကျင့်ခန်းလုပ်ရမယ့်အချိန်တွေကို စတင်ချိန်ညှိပါ။

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top