ခံတွင်းအနံ့ဆိုးခြင်းက ဖော်ပြနေသော သင့်ကျန်းမာရေး အကြောင်း

hello3large.jpg

ခံတွင်းအနံ့ဆိုးခြင်းဟာ ခံစားရသောသူတွေအတွက် သက်တောင့်သက်သာမဖြစ်စေတာထက်ပိုတဲ့အကြောင်းအရင်းတွေရှိနေပါသေးတယ်။

ဒီလို ခံတွင်းအနံ့ဆိုးခြင်းဟာပုန်းကွယ်နေတဲ့ရောဂါဝေဒနာတွေကို ဖော်ပြပေးနိုင်တဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ ဤဆောင်းပါးတွင် ခံတွင်းအနံ့ဆိုးခြင်းက သင့်ကျန်းမာရေးအခြေအနေကို ဘယ်လိုညွှန်ပြနိုင်သလဲဆိုတဲ့ အချက်အလက်တွေပြောပြပေးမှာဖြစ်ပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ

ဖြစ်လေ့ဖြစ်ထရှိတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ (ဥပမာ- အအေးမိခြင်းနှင့် နှာပိတ်ခြင်း) ဟာ သင့်ခံတွင်းအနံ့ဆိုးစေတဲ့ (သို့) ပုံမှန်မဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အအေးမိ၊ နှာပိတ်နေစဉ်မှာ နှာခေါင်းထဲရှိ ဘက်တီးရီးယားပိုးမွှားများ ပါဝင်တဲ့ နှာရည်ဟာ လည်ချောင်းထဲကို အဆက်မပြတ်စီးဝင်နေတဲ့အတွက် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။

အာခြောက်ခြင်း

အာခြောက်ခြင်းဟာ တံထွေးထုတ်ပေးသောအရည်အိတ်များ ပုံမှန်အလုပ်မလုပ်ဘဲ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ သင့်ခံတွင်းအနံ့ကို အာရုံခံခြင်းဖြင့် သင့်အာခေါင်ခြောက်မခြောက် ဆိုတာကို စစ်ဆေးလို့ရပါတယ်။ အကယ်၍ ခံတွင်းအနံ့ဆိုးနေပြီဆိုရင်တော့ အာခြောက်ခြင်းရောဂါရှိနေနိုင်ကြောင်း သိရှိရပါတယ်။

ဆီးချိုသွေးချိုရောဂါ

အံ့ဩစရာကောင်းလောက်အောင် သင့်ခံတွင်းအနံ့မှတစ်ဆင့် သင့်မှာဆီးချိုသွေးချိုရောဂါ ရှိမရှိ သိရှိနိုင်ပါတယ်။ ခံတွင်းမှာ သစ်သီးကဲ့သို့ ရနံ့ရှိနေတယ်ဆိုရင် သင့်မှာ Ketoacidosis လို့ခေါ်တဲ့ ဆီးချိုနောက်ဆက်တွဲ သွေးတွင်းသကြားဓာတ်ပမာဏကို မထိန်းနိုင်တဲ့အခြေအနေကို ခံစားနေရကြောင်း သိရှိနိုင်ပါတယ်။ Ketoacidosis ဆိုတဲ့အခြေအနေဟာ ခန္ဓာကိုယ်တွင်း စွမ်းအင်ရရှိမှုအတွက် သကြားဓာတ်မှတစ်ဆင့်ဖြိုခွဲအသုံးပြုရမယ့်အစား ကိုယ်တွင်းအဆီကို လောင်ကျွမ်းစေပြီး စွမ်းအင်ရယူကာ ketone များပြားလာတဲ့ အခြေအနေ တစ်ရပ် ဖြစ်ပါတယ်။

အဝလွန်ခြင်း

လေ့လာသုံးသပ်များအရ ခံတွင်းရနံ့ပုံမှန်မဖြစ်ခြင်းဟာ အဝလွန်ခြင်းကို ပြသနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်ကြောင်း သိရှိရပါတယ်။ BMI(ခန္ဓာကိုယ်ညွှန်းကိန်း)များပြီး အဆီပမာဏမြင့်မားတဲ့ သူတွေမှာ BMI ပုံမှန်ရှိတဲ့သူတွေထက်စာရင် Methane နှင့် Hydrogen ပမာဏပိုများနေပြီး ခံတွင်းရနံ့ဆိုးခြင်းကို ဖြစ်ပွားစေပါတယ်။ ဖော်ပြပါဓာတ်ငွေ့များဟာ ရေအိမ်ရနံ့နှင့် ဆင်တူယိုးမှားဖြစ်စေတဲ့ ခံတွင်းရနံ့ဆိုး ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကျောက်ကပ် (သို့) အသည်းပျက်စီးယိုယွင်းခြင်း

ကျောက်ကပ် (သို့) အသည်းယိုယွင်းပျက်စီးကြောင်း ဖော်ပြနိုင်တဲ့ သိသာထင်ရှားသော ရောဂါလက္ခဏာများ အပြင် ခံတွင်းရနံ့ဟာလည်း ကျောက်ကပ်(သို့) အသည်းယိုယွင်းပျက်စီးခြင်းကို ဖော်ပြန်ိုင်ပါတယ်။ ဖော်ပြပါရောဂါများ ခံစားနေရပြီဆိုရင် သင့်ခံတွင်းရနံ့မှာ သိသာထင်ရှားလာနိုင်ပါတယ်။ အသည်း (သို့) ကျောက်ကပ် ယိုယွင်းပျက်စီးခြင်းကြောင့် ခန္ဓာကိုယ်တွင်း အညစ်အကြေးများဟာ အဆုတ်မှတစ်ဆင့် ပြင်ပကို စွန့်ပစ်ရတဲ့အတွက် ခံတွင်းရနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။

အဆုတ်ကင်ဆာရောဂါ

အဆုတ်ကင်ဆာရောဂါ ခံစားနေရတဲ့သူတွေမှာ ကွဲပြားခြားနားတဲ့ အငွေ့ပျံ့နိုင်သော ဓာတုဒြပ်ပေါင်းများ ခံတွင်းအတွင်းရှိနေတဲ့အတွက် ခံတွင်းရနံ့ကို စမ်းသပ်စစ်ဆေးခြင်းဖြင့် အခြားသောအဆုတ်ရောဂါများနှင့် အဆုတ်ကင်ဆာကို ကွဲကွဲပြားပြားသိရှိနိုင်ပါတယ်။ ဖော်ပြပါဓာတုဒြပ်ပေါင်းများဟာ လေထုထဲ လွယ်ကူစွာ အငွေ့ပျံ့နိုင်ပြီးခံတွင်းရနံ့ကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါအပြင် အဆုတ်ကင်ဆာကို သိရှိစေဖို့အတွက် လျှပ်စစ်သုံးနှာခေါင်းတွင်း စစ်ဆေးမှုနည်းပညာနှင့် ရောဂါရှာဖွေလို့ ရပါတယ်။

Candida albnicansခေါ် မှိုရောဂါစွဲကပ်ခြင်း

ခံတွင်းရနံ့ဆိုးခြင်းကိုဖြစ်စေတဲ့ နောက်အကြောင်းအရာတစ်ခုကတော့ လျှာပေါ်မှာ အလှတန်ဆာဆင်သူတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ Candida albicans ခေါ် မှိုရောဂါစွဲကပ်ခြင်းဖြစ်ပါတယ်။ ဒီမှိုရောဂါဟာ သွားတွင်း အလှတန်ဆာဆင်သူများနှင့် အံကပ်တပ်သူများမှာလည်း ဖြစ်ပွားနိုင်ပါတယ်။

ခံတွင်းရနံ့ဆိုးခြင်းဟာ ခံစားရတဲ့သူတွေအတွက် သက်တောင့်သက်သာမဖြစ်စေတဲ့အပြင် မိမိကိုယ်ကိုယုံကြည်မှုလည်း သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ သင့်မှာခံတွင်းရနံ့ဆိုးခြင်းနှင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုခံစားနေရပြီဆိုရင် ဆက်လက်သိရှိလို သောလမ်းညွှန်မှုများ၊ ရောဂါရှာဖွေမှုများနှင့်ကုသမှုများအတွက် သင့်ရဲ့ဆရာဝန် (သို့) ကျန်းမာရေးစောင့်ရှောက်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top