ဗီလိန်မင်းသားဖြစ်ခဲ့ဖူးတဲ့ မင်းသားဟောင်း အော်စကာလီဟာ ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။ သူဟာ အနုပညာနယ်ပယ်ကနေ ထူးချွန်ဆုရရှိခဲ့တာမဟုတ်ဘဲ ယာဥ်အော်ပရေတာအလုပ်နဲ့ စွမ်းဆောင်ရည်ထူးချွန်ဆုကို ရရှိခဲ့တာပါ။
အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ အော်စကာလီက ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယာဥ်အော်ပရေတာအဖြစ် အလုပ်လုပ်ကိုင်နေတာပါ။ သူ့ရဲ့ကုမ္ပဏီက သူ့ကို လေဆိပ်လုံခြံရေးမှာ ထူးချွန်စွာစွမ်းဆောင်နိုင်တဲ့အတွက် ဆုချီးမြှင့်ပေးခဲ့တာပါ။
အော်စကာလီက အလိုအလျောက်မောင်းနှင်နိုင်တဲ့ယာဉ်တွေ လည်ပတ်ဖို့ ဘေးကင်းလားစစ်ဆေးဖို့ မနက် ၅ နာရီကနေ စတင်ပြီး တစ်နေ့ကို ၁၂ နာရီအလုပ်လုပ်ရပါတယ်။ သူ စွမ်းဆောင်ရည်ထူးချွန်ဆုကို ရရှိခဲ့တဲ့အတွက် အံ့အားသင့်သွားခဲ့ရပါတယ်။ “ကျွန်တော့်ရဲ့အလုပ်အတွက် ဆုရမယ်လို့ ကျွန်တော့် ဘယ်တုန်းကမှမတွေးမိခဲ့ဘူး။ ကျွန်တော် အရမ်းပျော်ပါတယ်”လို့ သူက Headline Daily အင်တာဗျူးမှာ ဖြေကြားထားပါတယ်။
2016 TVB Anniversary Awards မှာ ဟောင်ကောင်ဒေါ်လာ ၁ သန်းရခဲ့တဲ့အချိန်ကနဲ့ယှဉ်ကြည့်ရင် အခုဆုက ကံတရားပေါ်အခြေခံထားတာမဟုတ်ဘူးလို့ သူက ပြောပါတယ်။ သူ လေဆိပ်မှာ ၂ နှစ်နီးပါးအလုပ်လုပ်လို့ ရခဲ့တဲ့ ရလဒ်ဖြစ်ပြီး ဒါက သူ့ရဲ့ကိုယ်ပိုင်အားထုတ်မှုဖြစ်တယ်လို့ သူက ဆိုပါတယ်။
အော်စကာလီက ၁၉၉၉ ခုနှစ်မှာ TVB ရုပ်မြင်သံကြားကွန်ယက်ထဲ ဝင်ရောက်ခဲ့ပြီး TVB ဇာတ်လမ်းတွဲတွေမှာ ဗီလိန်ဇာတ်ရုပ်နဲ့ နာမည်ကြီးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ တရုတ်ပြည်မကြီးက အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး နောက်နှစ်မှာပဲ အနုပညာအလုပ်ကနေ နားခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ သမီးလေးကို ပိုင်ဆိုင်ထားပါတယ်။
Ref: Ex-TVB actor now works at HK airport 12 hours a day, wins outstanding performance award
WL (ရိုးရာလေး)