စိတ်ဓာတ်ခွန်အားတိုးတက်ကောင်းမွန်လာ​စေမယ့် နည်းလမ်းတွေ

16-2-2022-yyl16.jpg

စိတ်ဓာတ်ခွန်အားဆိုတဲ့အရာက ဘဝမှာ ဖြစ်လာနိုင်တဲ့ မရေတွက်နိုင်တဲ့ အခက်အခဲ၊ အတားဆီးတွေအပေါ် သင့်ရဲ့သဘောထားက ဘာလဲဆိုတာပါပဲ။ သင်ဟာ လက်ရှိအတွက်ရော မဝေးတော့တဲ့ အနာဂတ်အတွက်ပါ သေသေချာချာ အစီအစဥ်ဆွဲပြီး နေထိုင်နေပေမဲ့ သင့်ဆီရောက်လာမယ့် အခက်အခဲပြဿနာတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ပညာရှင်တွေကတော့ လူတစ်ဦးတစ်ယောက်က ဒုက္ခတွေကို သတ္တိရှိရှိ တွန်းလှန်နိုင်တဲ့အခါ ခံနိုင်ရည်ရှိခြင်းရဲ့အတိုင်းအတာအဖြစ် စိတ်ဓာတ်ခွန်အားကို အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

ဘဝအဖြစ်အပျက်တွေ၊ အကျပ်အတည်း၊ ငွေရေးကြေးရေးပြဿနာ၊ ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေမှာ မကောင်းတာတွေဖြစ်ပေါ်လာတာက လူသားတိုင်း ရင်ဆိုင်ရမယ့် ရှောင်လွှဲလို့မရတဲ့ အတားအဆီးတွေထဲက အနည်းငယ်ပါ။ ဒီအဆိုးမြင်ဖြစ်ရပ်တွေအပေါ် သက်ရောက်မှုရှိတဲ့ အတိုင်းအတာက လူတစ်ဦးနဲ့တစ်ဦး ကွဲပြားပြီး ဒီအကျိုးသက်ရောက်မှုတွေကို လူတစ်ဦးတုံ့ပြန်လိုက်ပုံက စိတ်ဓာတ်ခွန်အားဖြစ်ပေါ်စေတဲ့အရာပါ။

စိတ်ဓာတ်ခွန်အားကို ဘယ်လိုမြှင့်တင်မလဲ

စိတ်ဓာတ်ခွန်အားကို မြှင့်တင်ဖို့အတွက် လူတစ်ယောက်က တင်းကျပ်တဲ့ လေ့ကျင့်ရေးစနစ် (စိတ်ပိုင်စဆိုင်ရာလေ့ကျင့်ခန်း)ကို လက်ခံကျင့်သုံးဖို့ လိုပါတယ်။ အဲဒီမှာ အခြေခံယုံကြည်ချက်တွေကို နားလည်တာ၊ အားသာချက်၊ အားနည်းချက်တွေကို အဖြေရှာတာ၊ ကောင်းတဲ့အတွေးအမြင်တွေအတွက် အပိုနေရာဖန်တီးပေးတာ၊ စိတ်ခံစားချက်တွေကို ဖော်ဆောင်ဖို့ သင့်လျော်တဲ့နည်းလမ်းကို သိရှိတာနဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေကို စူးစမ်းကြည့်တာတွေ ပါဝင်ပါတယ်။

စိတ်ဓာတ်ခွန်အားကို မြှင့်တင်ဖို့အတွက် စိတ်စွမ်းအင်ကို အမြဲတစေအသုံးပြုသင့်ပါတယ်။ “သင် ထိန်းချုပ်လို့မရနိုင်တဲ့ အရာတွေနဲ့ပတ်သက်ပြီး နောက်ကြောင်းပြန်တွေးရင်း ဦးနှောက်စွမ်းအင်ကို ဖြုန်းတီးတာက စိတ်စွမ်းအင်ကို​ မြန်မြန်ကုန်စေပါတယ်။ သင် မဖြေရှင်းနိုင်တဲ့ အပျက်သဘောဆောင်တဲ့ ပြဿနာတွေအကြောင်း ပိုစဥ်းစားလေလေ၊ ဖန်တီးနိုင်စွမ်းရှိတဲ့ကြိုးပမ်းမှုအတွက် ချန်ထားတဲ့ စွမ်းအင်တွေနည်းပါးလေလေပါပဲ။ ဉပမာ မိုးလေဝသခန့်မှန်းမှုအကြောင်းစ ထိုင်ပြီး စိုးရိမ်ပူပန်နေတာက အကူအညီမဖြစ်ပါဘူး။ ​မုန်တိုင်းက သင့်ရဲ့လမ်းကြောင်းဆီ ဦးတည်လာတော့မယ်ဆိုရင် ဘာမှမလုပ်ဘဲ အဲဒါကို စိုးရိမ်ပူပန်နေတာက ကာကွယ်ရာမရောက်ပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး ထိုင်ပြီး စိုးရိမ်မနေဘဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်သင့်ပါတယ်။ သင် ထိန်းချုပ်လို့ရတဲ့ အရာတွေအပေါ်ကို အာရုံစိုက်ပါ”လို့ Forbes မဂ္ဂဇင်းရဲ့ဆောင်းပါးတစ်ပုဒ်မှာ ဆိုထားပါတယ်။

စိတ်စွမ်းအားကို ဘယ်လိုအသုံးပြုမလဲ

စိတ်စွမ်းအားကို ဖန်တီးနိုင်စွမ်းရှိတဲ့၊ အကျိုးရှိတဲ့ အလုပ်တွေအတွက် အသုံးပြုသင့်ပါတယ်။ ဥပမာအားဖြင့် ကျောင်းတက်စဥ်ကာလတုန်းက သင်စိတ်ဝင်စားခဲ့တဲ့ ကာလကြာရှည်စွာ မေ့ထားတဲ့ ဝါသနာ (သို့) အားလပ်ရက်လုပ်ဆောင်မှုတွေကို ရှာဖွေကြည့်ပါ။ သင့်ရဲ့အတွေးတွေ လုပ်ဆောင်နိုင်စွမ်းမရှိတဲ့အခါ ဝါသနာဘက်ကို အာရုံပြောင်းကြည့်ဖို့ကြိုးစားကြည့်ပါ။ သင် ဘယ်လောက်ပဲ စိတ်ဖိစီးနေပါစေ။ ဝါသနာက သင် နှစ်သက်တဲ့အရာတစ်ခုဖြစ်တဲ့အတွက် သင့်စိတ်ကို ဆွဲဆောင်နိုင်ပါတယ်။

အပြန်အလှန် ပြောဆိုဆက်ဆံပါ၊ သီးခြားမနေပါနဲ့။

အိုမီခရွန်ဖြစ်ပွားနေတဲ့အတွက် ဖြစ်နိုင်ရင် လူတွေနဲ့ ခပ်ခွာခွာ နေတာအကောင်းဆုံးပါပဲ။ လူတွေနဲ့ခပ်ခွာခွာနေခိုင်းတာက သင့်ကို အထီးကျန်စေတာမျိုးမဟုတ်ပါဘူး။ အပြင်မှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ လူချင်းမတွေရလည်း အွန်လိုင်းပေါ်ကနေ အပြန်အလှန်ဆက်သွယ် စကားပြောပါ။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အပြန်အလှန်ဆက်သွယ်တာ၊ စကား​ပြောဆိုတာ၊ တစ်ယောက်တည်းအထီးကျန်မနေတာ၊ သီးခြားမနေတာတွေက စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးရာရောက်ပါတယ်။

စာဖတ်ပါ၊ စာဖတ်ပါ

သင့်အတွက် တစ်ခုခုကို အာရုံစိုက်ဖို့ ဘယ်လောက်ခက်ခဲနေပါစေ စာဖတ်တာကိုတော့ မရပ်တန့်ပစ်ပါနဲ့။ သင့်ကို တိုးတက်စေမယ့် စာအုပ်တွေဖတ်တာက စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် ထိုးထွင်းသိမြင်မှုတွေကို ပေးစွမ်းရုံသာမက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အမျိုးမျိုးသော အချက်အလက်အကြောင်းအရာတွေကိုလည်း သိမြင်လာစေပါတယ်။ စာဖတ်တဲ့အချိန်က သင့်ကို ဘယ်တော့မှာ အချည်းနှီးမဖြစ်စေနိုင်ပါ။

Ref:​ Expert Approved Ways To Improve Your Mental Strength

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top