အလယ်ပစိတ်ဖိတ်သမုဒ္ဒရာအတွင်းမှာရှိတဲ့ အမေရိကန်ပိုင်နက် ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူမြို့ (Honolulu) လေးမှာတော့ သားအဖနှစ်ယောက် ပြန်လည်ဆုံတွေ့ခဲ့ကြတဲ့ ဖြစ်ရပ်လေးတစ်ခုဟာ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် ဖြစ်ပွားခဲ့ပါတယ်။
အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ ဒိုင်ယာနာကင် (Diana Kim) ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မိဘနှစ်ပါးဟာ သူမငယ်ရွယ်စဉ်မှာပဲ ကွာရှင်းခဲ့ကြပါတယ်။ ကင်ဟာ ထိုအရွယ်ကတည်းက သူ့ရဲ့ ဖခင်ကို မတွေ့ခဲ့တော့တာ ဖြစ်ပြီး စာမလာ သတင်းမကြားမို့ ကွယ်လွန်သွားပြီလို့ ထင်မှတ်ထားတာ သူမအသက် ၃၂ နှစ်အရွယ်အထိပါပဲ။ ဒါပေမဲ့ တစ်နေ့မှာတော့ ဟိုနိုလူလူ မြို့က အိမ်ယာမဲ့တွေအကြောင်း သူမ မှတ်တမ်းတင်ရင်းနဲ့ အမှိုက်ပုံး တစ်ပုံးအနားက သူ့ရဲ့ ဖခင်ကို တွေ့ခဲ့ရပါတယ်။
ကင်ဟာ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတဲ့ ပညာရပ်ကိုလည်း သူ့အဖေဆီကပဲ ငယ်စဉ်ကတည်းက သင်ကြားခဲ့သူတစ်ယောက်ပါ။ ကင်ရဲ့ မိဘတွေ မကွာရှင်းခင်တုန်းက ကင်ရဲ့ ဖခင်ဟာ ဟာဝိုင်အီပြည်နယ် မော်အီကျွန်း (Maui) မှာ ဓာတ်ပုံ စတူဒီယိုတစ်ခုကို ပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲ့ဒီဓာတ်ပုံစတူဒီယိုကနေပဲ ကင်ရဲ့ ဖခင်ဟာ ကင်ကို ဓာတ်ပုံရိုက်ကူးရေးပညာနဲ့ ဝါသနာကို မွေးမြူပေးခဲ့ပါတယ်။ ဒီဝါသနာကပဲ နောက်တစ်ချိန်မှာ သူတို့ သားအဖနှစ်ယောက်ကို ပြန်လည်ဆုံစည်းစေခဲ့တာပါပဲ။
သူတို့မိသားစုတွေ ကွာရှင်းခြင်းဆိုတဲ့ အိပ်မက်ဆိုးကြီးကြောင့် ပြိုကွဲခဲ့ရတဲ့အချိန်မှာတော့ ကင်ရဲ့ ဘဝ မုန်တိုင်းထန်ခဲ့တဲ့ အချိန်တွေပါပဲ။ ကင်ဟာ ထိုအချိန်ကတည်းက ဆွေမျိုးတွေအိမ်မှာ အိပ်လိုက်၊ ပန်းခြံမှာနေလိုက်၊ သူငယ်ချင်းအိပ်မှာ သွားအိပ်လိုက်နဲ့ ကြီးပြင်းခဲ့ရတာပါ။ အဲ့ဒီဘဝဖြစ်ရပ်တွေကပဲ သူမဟာ အိမ်ယာမဲ့တွေရဲ့ အမျိုးမျိုးသော နောက်ခံဇာတ်လမ်းတွေအကြောင်း စိတ်ဝင်စားတတ်လာခဲ့ပါတယ်။
ကင်တစ်ယောက် ၂၀၀၃ ခုနှစ်မှာ တက္ကသိုလ်တက်ရတော့ ကင်ဟာ သူမရဲ့ ဓာတ်ပုံပညာအတန်း Project အဖြစ် သူမတို့ မြို့လေးတစ်ဝိုက်က အိမ်ယာမဲ့တွေကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။ ကင်ဟာ သူ့ပရောဂျက်အတွက် အချိန် ၁၀ နှစ်နီးပါး အချိန်ပေးခဲ့ပြီး ဒီလို အားထုတ်မှုတွေရဲ့ အပိုဆုအဖြစ် ၂၀၁၂ ခုနှစ်မှာ သူမရဲ့ ငယ်စဉ်ကတည်းက မတွေ့ခဲ့ရတဲ့ ဖခင်ကို ပြန်တွေ့ခဲ့ရတာပါပဲ။
မတွေ့ခဲ့တာ နှစ်ပေါင်းများစွာကြာနေပေမဲ့ သွေးကစကားပြောတာမို့ ကင်က ဒီအိမ်ယာမဲ့လူကြီးဟာ သူနဲ့ ရင်းနှီးသလိုခံစားခဲ့ရတယ် လို့ဆိုပါတယ်။ နောက်ပိုင်းကင်က ဒီအိမ်ယာမဲ့လူကြီးအကြောင်း စုံစမ်းကြည့်ရာမှာ သူမရဲ့ ဖခင်ဖြစ်ကြောင်း သေချာခဲ့တယ် လို့ဆိုပါတယ်။ ကင်ရဲ့ဖခင်ဟာ ထိုအချိန်က ညစ်ပတ်ပေရေနေပြီး အဝတ်အစားအဟောင်းများကို ဝတ်ဆင်ထားကာ အလွန်အမင်း ပိန်နေခဲ့ပါတယ်။ ဒါ့အပြင်အဆိုးဆုံးကတော့ သူ့ရဲ့ သမီးဖြစ်သူ ကင်ကို မမှတ်မိတော့တာပါပဲ။ ကင်ရဲ့ ဖခင်ဟာ ဥပဒေအရ အိမ်မှ မောင်းနှင်ခြင်းခံခဲ့ရပြီးနောက် စိတ်ဝေဒနာကိုပါခံစားခဲ့ပြီး ကင်တို့ မိသားစုနဲ့ အဆက်ပြတ်သွားခဲ့တာပါ။
“ကျွန်မအဖေကို စတွေ့တုန်းက အဖေဟာလမ်းဆုံမှာ ထိုင်နေပြီး ကတ္တရာလမ်းကို မျက်တောင်မခတ်ထိုင်ကြည့်နေခဲ့တာပါ။ သူ့ရဲ့ဆံပင်တွေကလည်း လုံးထွေးနေပြီး သူ့မျက်နှာမှာလည်း အရေးအကြောင်းတွေ အပြည့်ပါပဲ။ ကျွန်မအဖေလို့ ပထမထင်လိုက်မိပေမဲ့ အဖေအနားကပ်လိုက်တော့ မဟုတ်နိုင်ပါဘူးလေ ဆိုတဲ့အတွေးဝင်လာမိပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဒီလူကြီးကို စကားလှမ်းပြောဖို့ ကျွန်မ သတ္တိမွေးလိုက်ပါတယ် ”လို့ ကင်က ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။
ထိုအချိန်ကစပြီး ကင်ဟာ သူ့အဖေလို့ထင်ရတဲ့ လူကြီးနေတဲ့ လမ်းလေးကို သွားပြီး သူ့အတွက်လိုအပ်တဲ့ အဝတ်အစား၊ အစားအသောက်တွေ သွားသွားပေးလေ့ရှိပါတယ်။ ကင်ရဲ့ အဖေဟာ စိတ်ကစဉ့်ကလျားရောဂါ (schizophrenia) ကိုခံစားနေရသူတစ်ယောက်ဖြစ်ပြီး သူ့ကို ကင်က ဆေးကုပေးဖို့ ကြိုးစားပေမဲ့ ကင်ရဲ့ အဖေက အမြဲတမ်း ရုန်းကန်ခဲ့ပါတယ်။ ဒီလိုနဲ့ ကင်ဟာ သူ့ရဲ့ ဖခင်လိုအပ်တဲ့ အစားအသောက်၊ အသုံးအဆောင်တွေ ဝယ်ပို့ရင်း တစ်နေ့မှာတော့ ကင်ရဲ့ ဖခင်ဟာ heart attack ဝေဒနာကို ခံစားခဲ့ရပါတယ်။ ကင်ရဲ့ ဖခင်ကို ရဲတွေက အမြန်ဆေးရုံပို့ပေးတဲ့အခါမှာတော့ အချိန်မှီ ကယ်ဆယ်နိုင်ခဲ့ပြီး အဲ့ဒီအချိန်မှာ အလှူရှင်ပေါ်လာတဲ့အတွက် ကင်ဟာ သူ့ဖခင်ရဲ့ စိတ်ကစဉ့်ကလျားဖြစ်တဲ့ ဝေဒနာကိုပါ ကုသပေးနိုင်ခဲ့ပါတယ်။
ယခုအချိန်မှာတော့ ကင်ရဲ့ ဖခင်ဖြစ်သူဟာ ကျန်းမာရေးသက်သာလာခဲ့ပြီး လူကောင်းပကတိနီးပါး ဖြစ်လာတဲ့အတွက် အလုပ်တောင်ရှာနေပြီလို့ သိရပါတယ်။ ဒါ့အပြင် အလုပ်လုပ်ပြီး ပိုက်ဆံစုပြီးရင် တောင်ကိုရီးယားက သူ့ဆွေမျိုးတွေကို သွားတွေ့ဖို့ဟာ ကင်ဖခင်ရဲ့ ဆန္ဒဖြစ်တယ် လို့သိရပါတယ်။
“အဖေသူ့ရဲ့ ငယ်ငယ်က ဝါသနာများ ပြန်စိတ်ဝင်စားလေမလားဆိုပြီး အဖေကို ကျွန်မ ကင်မရာတစ်လုံးဝယ်ပေးထားပါတယ်။ ကျွန်မ အဖေကို သူပျော်တဲ့နေရာမှာ နေစေချင်ပြီး သူတောင်ကိုရီးယားပြန်ဖို့အတွက်လည်း ကျွန်မ ပိုက်ဆံစုနေပါတယ်။ ကျွန်မတို့ ကမ္ဘာကြီးမှာ နေနေသ၍ နေရက်တိုင်းမှာ ဒုတိယ အခွင့်အရေးကို လှမ်းယူနိုင်ခွင့်ရှိပါတယ်။ ကျွန်မနဲ့ ကျွန်မအဖေ ဖြစ်ရပ်လေးက ဒါကို သက်သေပြနေပါတယ် ” လို့ကင်က ပြောဆိုခဲ့ပါသေးတယ်။
Ref : News : Woman Photographs Homeless Father
Slash (ရိုးရာလေး)