ရင်ဘတ်ထဲမှာ အမုန်းတရားတွေကို အလေးခံပြီးသိမ်းမထားပါနဲ့

201805280114022689_Lifes-Lessons-How-long-can-you-keep-hatred-in-your-heart_SECVPF.jpg

တစ်ခါတုန်းက သူငယ်တန်းဆရာမတစ်ယောက်က ကျောင်းသားတွေကို အသိပညာပေးချင်တဲ့အတွက် ဂိမ်းလေးတစ်ခုကစားကြဖို့ ပြောပါတယ်။ အဲ့ဒါကတော့ ကျောင်းသားလေးတွေအနေနဲ့ အာလူးတစ်လုံးကို ကိုယ်ကြည့်မရတဲ့ အမြင်မကြည်တဲ့ သူငယ်ချင်းကျောင်းသားတစ်ယောက်ရဲ့နာမည်ပေးပြီး အိတ်လေးထဲမှာ ထည့်ပြီး ယူလာဖို့ပါ။ နောက်တစ်ရက်မှာတော့ ကလေးတွေက သူတို့မုန်းတဲ့သူတွေရဲ့ နာမည်ပေးထားတဲ့အာလူးလေးတွေကို ကျောင်းကို သယ်လာခဲ့ပါတယ်။ တစ်ချို့ကလည်း တစ်လုံး၊ နှစ်လုံး။ အချို့တွေကတော့ ငါးလုံးထိ သယ်လာတဲ့သူတွေလည်းရှိပါတယ်။

ဆရာမက အဲ့ဒီအာလူးတွေကို ကျောင်းဆင်းရင် ယူပြန်ပြီး မနက်ကျောင်းပြန်လာတိုင်း တစ်ပတ်တိတိ ကျောင်းကို သယ်လာဖို့ ပြောပါတယ်။ ကျောင်းသားလေးတွေကလည်း အဲ့လို နေ့တိုင်းသယ်လိုက်ပြန်လိုက် လုပ်နေခဲ့တာပေါ့။ တစ်ပတ်လောက်လည်းရှိလာရော အာလူးတွေကလည်း အနံ့အသက်က မကောင်းတော့ပါဘူး။ ဒါ့ပြင် သယ်ရတာလည်း ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး နေ့တိုင်းသယ်နေရတော့ လေးတာပေါ့။ အဲ့ဒါနဲ့ တစ်ပတ်ပြည့်သွားမှပဲ ကျောင်းသားတွေလည်း သက်သာရာရသွားပါတော့။ အဲ့ဒီနောက်မှာ ဆရာမက ကျောင်းသားလေးတွေကို မေးပါတယ်။ တစ်ပတ်လုံး အခုလို အာလူးတွေကိုအလေးခံပြီး ကျောင်းသယ်လာရတဲ့အတွက် ဘယ်လိုခံစားရသလဲပေါ့။ ကျောင်းသားလေးတွေက အာလူးတွေနေ့တိုင်း သယ်လာရတာမို့ အနံ့အသက်လည်း မကောင်းတော့တဲ့ အကြောင်း၊ နောက်ပြီး အာလူးများများသယ်လာတဲ့ ကလေးတွေဟာဆိုရင်လည်း အရမ်းလေးပြီး ဝန်ထုပ်ဝန်ပိုးဖြစ်တဲ့အကြောင်း ပြောပြကြပါတယ်။

ဆရာမက ဂိမ်းရဲ့နောက်ကွယ်က အဓိပ္ပာယ်လေးကို ရှင်းပြပါတယ်။ ဒီဂိမ်းလေးက မင်းတို့မုန်းတဲ့သူတွေကို ရင်ထဲထည့်ထားတဲ့သဘောကို ပြတာပဲ။ ကိုယ်မုန်းတဲ့သူတွေ၊ နည်းရင်လည်းနည်းတဲ့အလျောက်၊ များရင်လည်း များတဲ့အလျောက်၊ နေ့တိုင်း ရင်ဘတ်ထဲထည့်သယ်ပြီး သွားလာနေရတာဖြစ်တယ်။ အနံ့အသက်မကောင်းတော့ဘဲ လေးလံလာတဲ့အာလူးတွေလိုပဲ ကိုယ်မုန်းတဲ့သူတွေနဲ့ ပတ်သက်ပြီး ရင်ဘတ်ထဲမှာရော ဘယ်လောက်တောင်မကောင်းတဲ့အနံ့တွေ ပျံ့နှံ့ပြီးလေးလံနေရမလဲဆိုတာ စဉ်းစားကြည့်ပါလို့ ဆုံးမလိုက်ပါတယ်။

ဒီဇာတ်လမ်းလေးကတဆင့်ပြောပြချင်တာကတော့ ကိုယ်မုန်းပါတယ်၊ ကြည့်မရပါဘူးဆိုပြီး အဲ့လူတွေနဲ့ ပတ်သက်တဲ့အမုန်းတွေကို ရင်ဘတ်ထဲမှာ လှောင်ပိတ်ခံ အလေးခံပြီး ဘဝတစ်လျှောက်လုံး သိမ်းထားသယ်ဆောင်နေမယ့်အစားလွှတ်ချလိုက်ပါ။ ခွင့်လွှတ်ကျေအေးပေးပြီး နားလည်ပေးလိုက်တာကတော့ အကောင်းဆုံးပါပဲ။ တစ်ဦးတစ်ယောက်နဲ့ ပတ်သက်ပြီး အမုန်းတရားတွေရှိနေမယ်ဆိုရင် ကိုယ့်စိတ်ကို ငြိမ်းငြိမ်းချမ်းချမ်းထားနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့်မို့လို့ ရင်ဘတ်ထဲမှာ အမုန်းတွေကို အလေးခံပြီး သယ်မနေဘဲ အကောင်းမြင်စိတ်နဲ့ကြည့်ပေးပြီး ကောင်းသောအရာ၊ ကောင်းသောအမှတ်တရတွေနဲ့သာ အချိန်တွေကို ဖြတ်သန်းနိုင်စေဖို့ တိုက်တွန်းလိုက်ရပါတယ်။

Ref: How long can you keep hatred in your heart?
Jong Kin (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top