ကမ္ဘာပေါ်က မူးယစ်အစွဲလန်းစေဆုံး အရာ(၅)မျိုး

yyl-012.jpg

ဘယ်မူးယစ်ဆေးဝါးက အစွဲလန်းစေတတ်ဆုံးလဲ။ ဒီမေးခွန်းလေးက ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ အဖြေက အမေးခံရတဲ့သူအပေါ်မှာပဲ မူတည်နေပါတယ်။ အမျိုးမျိုးသော သုတေသနပညာရှင်များကတော့ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်စေတဲ့ အန္တရာယ်တွေ၊ ဦးနှောက်ရဲ့ ဒိုပါမိန်းစနစ်ကို တက်ကြွစေတဲ့ အတိုင်းအတာ၊ လူတွေဟာ ဒီမူးယစ်ဆေးဝါးအပေါ်မှာ ဘယ်လောက် ယစ်မူးတယ်၊ မူးယစ်ဆေးဝါးက ဖြစ်စေတဲ့ ရောဂါလက္ခဏာအဆင့်တွေ၊ လူတစ်ယောက်ကို ဘယ်လိုမျိုး အလွယ်တကူ စွဲလန်းသွားစေတယ် ဆိုတဲ့ အချက်တွေအပေါ်မှာ ခန့်မှန်းအဖြေထုတ်ကြပါတယ်။

မူးယစ်ဆေးဝါးတွေကို စွဲလန်းမှု တိုင်းတာရာမှာ တခြားရှုထောင့်တွေလည်းရှိပါတယ်။ ဘယ်မူးယစ်ဆေးဝါးမှ အမြဲတမ်း စွဲစွဲလန်းလန်း မရှိဘူးဆိုတဲ့ အချက်ကို ငြင်းခုန်နေတဲ့ သုတေသနပညာရှင်တွေတောင် ရှိကြပါတယ်။ ၂ဝဝ၇ခုနှစ်မှာ ဒေးဗစ်နတ်ထ်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များက ကျွမ်းကျင်ပညာရှင်များကို စူးစမ်းမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ရရှိလာတဲ့ စိတ်ဝင်စားစရာ အချက်တွေက…

၁။ ဘိန်းဖြူ

အမြင့်ဆုံး ရမှတ်၃မှတ်မှာ ရမှတ်၃မှတ်နဲ့ ဘိန်းဖြူကို အစွဲလန်းတတ်စေဆုံး မူးယစ်ဆေးဝါးအဖြစ် ကျွမ်းကျင်ပညာရှင်များကအဆင့်သတ်မှတ်ပေးခဲ့ ကြပါတယ်။ ဘိန်းဖြူဟာ တိရစ္ဆာန်များနဲ့ စမ်းသပ်ချက်ကြည့်ရာမှာလည်း ဦးနှောက်အတွင်း ဒိုပါမိန်းအဆင့်ကို ၂ဝဝ% အထိမြင့်တက်စေတဲ့ မူးယစ်ဆေးဝါးတစ်မျိုး ဖြစ်နေပါတယ်။ ဒါ့အပြင် အစွဲလန်းစေဆုံး မူးယစ်ဆေးဝါးဖြစ်တာကြောင့် မြင့်မားတဲ့ ဆေးသုံးစွဲမှု ငါးကြိမ်တည်းနဲ့ သေဆုံးမှုကို ဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

အသုံးပြုသူများနဲ့ လူ့အဖွဲ့အစည်းနှစ်ရပ်စလုံးအတွက် ပျက်စီးမှုမှာ ဒုတိယမြောက် အန္တရာယ်အရှိဆုံး ဆေးဝါးအဖြစ်လည်း ဘိန်းဖြူကို အဆင့်သတ်မှတ်ထားပါတယ်။ ဘိန်းဖြူအပါဝင် တရားမဝင် မူးယစ်ဆေးဝါးများရဲ့ ဈေးကွက်ဟာ ၂ဝဝ၉ခုနှစ်အတွင်း ကမ္ဘာတစ်လွှားမှာ ၆၈ဘီလီယံဒေါ်လာတန်ကြေး ရှိတယ်လို့ ခန့်မှန်းရရှိပါတယ်။

၂။ ကိုကင်း

ကိုကင်းဟာ ဦးနှောက်ရဲ့ ဒိုပါမိန်း အသုံးပြုမှုကို တစ်နျူရွန်မှ နောက်တစ်နျူရွန်ထိ ပြောင်းလဲရာမှာ တိုက်ရိုက် အနှောင့်အယှက်ပေးပါတယ်။ ကိုကင်းဟာ ဒိန်ပါမိန်းအချက်ပြကို ပိတ်စေခြင်းကနေ နျူရွန်များကို ကာကွယ်ထားပါတယ်။ ရလဒ်ကတော့ ဦးနှောက်လမ်းကြောင်းတွေကို မူမမှန်စွာ တက်ကြွလှုပ်ရှားလာစေခြင်းပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်တွေနဲ့ စမ်းသပ်ရာမှာ ကိုကင်းဟာ ဒိုပါမိန်းပမာဏကို သာမန်အဆင့်ထက် သုံးဆပို မြင့်တက်လာစေခဲ့ပါတယ်။ ကိုကင်းအသုံးပြုသူဦးရေဟာ ကမ္ဘာတစ်လွှားမှာ လူဦးရေ ၁၄သန်းမှ သန်း၂ဝအကြား ခန့်မှန်းချေရှိပြီး ကိုကင်းဈေးကွက်ကတော့ ၂ဝဝ၉ ခုနှစ်မှာ ၇၅ဒေါ်လာဘီလီယံလောက် တန်ကြေး ရှိနေခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင်များက ကိုကင်းကို တတိယမြောက်အန္တရာယ်အရှိဆုံး အဖြစ် အဆင့်သတ်မှတ်ခဲ့ပြီး အင်အားပြင်းတဲ့ ကိုကင်းကိုတော့ ပဥ္စမမြောက် အန္တရာယ်အရှိဆုံး လို့ သတ်မှတ်ပါတယ်။ ကိုကင်းကို စမ်းသပ်သုံးစွဲတဲ့ ၂၁ရာခိုင်နှုန်းသော သူတွေဟာ တဖြည်းဖြည်းနဲ့ မသုံးရမနေနိုင် ဖြစ်လာပါလိမ့်မယ်။ ကိုကင်းဟာ အခြားသော စွဲလန်းစေတတ်တဲ့ စိတ်တက်ကြွဆေးဝါးများနဲ့ ပုံစံတူပါတယ်။ ဒီဆေးဝါးကို ပိုမိုကျယ်ပြန့်စွာ ရရှိလာတာကြောင့်လည်း ပိုကြီးမားလာတဲ့ ပြဿနာတစ်ရပ် ဖစ်လို့လာနေပါတယ်။

၃။ နီကိုတင်း

နီကိုတင်းဟာ ဆေးရွက်ကြီးရဲ့ အဓိက အစွဲလန်းစေဆုံး ပါဝင်ပစ္စည်းဖြစ်ပါတယ်။ လူတစ်ယောက် ဆေးလိပ်သောက်တဲ့အခါ နီကိုတင်းဟာ အဆုတ်ထဲ လျင်မြန်စွာ စိမ့်ဝင်ပြီး ဦးနှောက်ဆီ ပို့ဆောင်ပေးပါတယ်။ ကျွမ်းကျင်ပညာရှင်များဟာ နီကိုတင်း (ဆေးရွက်ကြီး)ကို တတိယမြောက် အစွဲလန်းစေဆုံးအရာအဖြစ် အဆင့်သတ်မှတ်ပေးထားပါတယ်။

ဆေးလိပ်သောက်ဖို့ စမ်းသပ်ခဲ့တဲ့ အမေရိကန်လူမျိုးများရဲ့ သုံးပုံနှစ်ပုံကျော်ဟာ သူတို့ရဲ့ဘဝသက်တမ်းအတွင်း နီကိုတင်းကို စွဲလမ်းတပ်မက်လာကြတယ်လို့ထုတ်ဖော်ပြောကြားကြတာကို တွေ့ရှိရပါတယ်။ ၂ဝဝ၂ခုနှစ်မှာ ဆေးလိပ်သောက်သုံးသူ တစ်ဘီလီယံကျော် ရှိခဲ့ပြီး ဆေးရွက်ကြီးဟာ နှစ်စဉ် လူပေါင်း ၈သန်းကျော်ကို သေစေလိမ့်မယ်လို့ WHO က ခန့်မှန်းထားခဲ့ပါတယ်။ ကြွက်တွေရဲ့ သွေးကြောထဲကို နီကိုတင်းတွေ တိုက်ရိုက်ဝင်ရောက်ဖို့ ခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာ ကြွက်ရဲ့ ဦးနှောက်စနစ်ထဲက ဒိုပါမိန်းအဆင့်ဟာ ၂၅-၄ဝ% ခန့် မြင့်တက်လာတာကိုတွေ့ရပါတယ်။

၄။ စိတ်ငြိမ်ဆေး

ကျည်ဆန်ပြာများ၊ ဂေါ်ရီလာ၊ နမ်ဘီး၊ ဘတ် စသဖြင့်လည်း လူသိများတဲ့ စိတ်ငြိမ်ဆေးတွေဟာ စိတ်ဖိစီးမှုတွေကို ကုသဖို့နဲ့ အိပ်စက်နိုင်စေဖို့ အသုံးပြုခဲ့ကြတဲ့ မူးယစ်ဆေးဝါး အဆင့်တစ်မျိုးဖြစ်ပါတယ်။ ဒီဆေးဝါးရဲ့ အကျိုးသက်ရောက်မှု အမျိုးမျိုးသော ဦးနှောက်အပိုင်းတွေကို ရပ်တန့်သွားစေပါတယ်။ အသုံးပြုမှု နည်းပါးရင် စိတ်ငြိမ်ဆေးများက ရွှင်လန်းတက်ကြွမှုကို ဖြစ်စေပြီး အသုံးပြုမှု မြင့်မားရင်တော့ အသက်ရှုခြင်းကို ချုပ်တည်းထားတာကြောင့် သေစေနိုင်ပါတယ်။ စိတ်ငြိမ်ဆေးတွေကို ဆေးစာရှိရင် အလွယ်တကူ ရရှိနိုင်ပေမဲ့ သူဟာလည်း အခြားမူးယစ်ဆေးဝါးများလိုပဲ သိသိသာသာ အားအင်ကို ယုတ်လျော့ကျဆင်းစေပါတယ်။ ကျွမ်းကျင်သူများက စတုတ္ထမြောက်အစွဲလန်းစေဆုံး အရာအဖြစ် အဆင့်သတ်မှတ်ပေးထားပါတယ်။

၅။ အရက်

အရက်ဟာ US နဲ့ UK နိုင်ငံတွေမှာ တရားဝင်ဖြစ်ပေမဲ့ ကျွမ်းကျင်ပညာရှင်များက အမြင့်ဆုံးရမှတ် ၃မှတ်မှာ ၁.၉မှတ် ပေးထားပါတယ်။ အရက်ဟာ ဦးနှောက်ကို သက်ရောက်များစွာ ဖြစ်စေပါတယ်။ တိရစ္ဆာန်တွေနဲ့ ဓာတ်ခွဲစမ်းသပ်ချက်အရ ဦးနှောက်စနစ်အတွင်းက ဒိုပါမိန်းအဆင့်ကို ၄ဝ ကနေ ၃၆ဝ% အထိ မြင့်တက်ခာစေပါတယ်။ များများပိုသောက်ရင် ဒိုပါမိန်းအဆင့် ပိုမြင့်မားလာပါတယ်။

အရက်သောက်သုံးတဲ့ ၂၂% ရာခိုင်နှုန်းသော သူတွေဟာ ဘဝမှာ အရက်အပေါ် အချိန်အတိုင်းအတာတစ်ခုအထိ မှီခိုလာခဲ့ကြပါတယ်။ ၂ဝဝ၂ ခုနှစ်မှာ အရက်သောက်သုံးသူ ၂ဘီလီယံရှိပြီး ၂ဝ၁၂မှာ အရက်သောက်သုံးမှုကြောင့် သေဆုံးခဲ့သူ ၃သန်းကျော်ရှိကြောင်း WHO ကခန့်မှန်းထားခဲ့ပါတယ်။ အခြားသော ကျွမ်းကျင်ပညာရှင်များကလည်း အရက်ဟာ အပျက်ဆီးစေနိုင်ဆုံး မူးယစ်ဆေးဝါးအဖြစ် နံပါတ်တစ်အဆင့် သတ်မှတ်ခဲ့ပါတယ်။

 

Ref : Knowledge : The five most addictive substances on Earth – and what they do to your brain

Htet Htet Tin Zar (ရိုးရာလေး))

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top