အဟောင်းထဲက အကောင်းလေး တစ်ခုဖြစ်တဲ့ ရသစာအုပ်ကောင်းလေး တစ်အုပ်

fresh-fruit-on-tray-P58VET9.jpg

Fresh fruit on a tray and bowl.

ကျွန်တော်တို့တွေလည်း ‘‘မချစ်စု’’ စိုက်ခဲ့ကြဖူးတယ်

‘‘အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းမှာပဲတလည်လည်’’ ဆိုတဲ့ စကားလေးကလည်း ရှိသေးတယ်မဟုတ်လား။ အဲဒါကြောင့် အဟောင်းထဲက အကောင်းလေးတစ်ခုဖြစ်တဲ့ ရသစာအုပ်ကောင်းလေး တစ်အုပ်ကို မိတ်ဆက်ပေးပါရစေ။

‘‘အိမ်နီးချင်း’’ဆိုတဲ့ ဝတ္တုတိုလေးနဲ့ စပြီးဖွင့်ထားပါတယ်။ ဒီဝတ္ထုတိုလေးဟာ ပတ်ဝန်းကျင်နှစ်ခုကို ယှဉ်ပြ ထားတဲ့ ဝတ္ထုတိုလေးပါ။ ဝတ္တုတိုထဲက အဓိက ဇာတ်ကောင်ဖြစ်တဲ့ အေးအေးကတော့ အဲဒီပတ်ဝန်းကျင် နှစ်ခုလုံးမှာ နေခဲ့ရပါတယ်။ အဲလိုလည်း နေပြီးရော အေးအေးက ညည်းပါတော့တယ်။ ဘယ်လိုညည်းလဲဆိုတော့ ‘‘နောက်ထပ် ဘယ်လိုနေရာမျိုးမှာ နေချင်ပါသည်ဟု ကြေးထူရမည်ကိုပင် ကျွန်မ မသိတော့ပါ’’လို့ ညည်းပါတယ်။ ဘာဖြစ်လို့ အဲလိုညည်းလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။

‘‘စိုက်တုန်းကတော့ မချစ်စု’’ဆိုတဲ့ ဝတ္ထုတိုလေးဟာ စာဖတ်သူရဲ့ရင်ထဲမှာ ဆွဲကျန်ပြီး ဆိုရိုးစကားလေးတောင် ဖြစ်သွားနိုင်တဲ့ ဝတ္ထုတိုမျိုးလေးပါ။ အချစ်တွေ၊ အလွမ်းတွေ၊ အသောတွေ၊ ခင်မင်မှုလေးတွေနဲ့ အင်မတန် လှပတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ပါ။ တက္ကသိုလ် ကျောင်းသူတွေဖြစ်တဲ့ ရီမာ၊ ချိုချို၊ နုနု၊ မကျည်းတန်၊ မာမီတို့တွေဟာ အနာဂတ်ရဲ့ စိတ်ကူးယဉ် စီမံကိန်းတွေကို ချမှတ်ကြပါတယ်။

‘‘မာ လက်ထပ်ရင် ဆရာဝန်မှ လက်ထပ်မယ်’’ ‘‘(မကျည်းတန်) ငါကတော့ ကျောင်းဆရာကလွဲရင် ဘာဖြစ်ဖြစ်’’ မဝါသည် အတန်ကြာစဉ်းစားသလို လုပ်နေပြီးမှ ခပ်တိုးတိုး ဖြေ၏။ ‘‘စာရေးဆရာ’’တဲ့။

သူတို့တွေဟာ တက္ကသိုလ်ကျောင်းသူဘ၀ ပြီးဆုံးပြီး အိမ်ထောင်တွေ ကျသွားကြပါပြီ။ အဲဒီထဲမှာ အကုန်လုံးတော့ ကံမဆိုးနိုင်ပါဘူး။ အကုန်လုံးလည်း ကံမကောင်းနိုင်ပါဘူး။ ဒါဆိုရင် ကံဆိုးသွားတာက ဘယ်သူတွေဖြစ်မလဲ။ ဘာဖြစ်လို့ ကံဆိုးသွားတာလဲ။ ဒီမေးခွန်းတွေက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

အိမ်ရှေ့တွင် သရက်ပင်ကြီးက အုပ်ဆိုင်းနေသည်။ သရက်သီးစိမ်းများသည် တွဲရရွဲကျနေ၏။ သရက်ပင် အောက်တွင် သင်ဖြူးခင်းပြီး ထိုင်ကြသည်။ အမေက သရက်သီးစိမ်းကို စိတ်၍ ငံပြာရည်နှင့် ငရုတ်သီးမှုန့်ဖျော်ကာ လာပေးသည်။

‘‘အမေ့ သရက်သီးက ဘာသရက်လဲ’’

ဒီဝတ္ထုရဲ့ အခရာ အကျဆုံးက ဒီမေးခွန်းပါပဲ။ စိုက်တုန်းကတော့ မချစ်စုဆိုတဲ့ အဓိပ္ပာယ်ကလည်း အများကြီး ကျယ်ပြန့်ပါတယ်။

‘‘စကားမဆိုဝံ့အောင်’’ဆိုတဲ့ ဝတ္ထုတိုလေးဆိုရင်လည်း သွက်သွက်ကလေးနဲ့ ချစ်စရာအင်မတန် ကောင်းပါတယ်။ ဝတ္ထုရဲ့ အစမှာက ‘‘ငွေတစ်ရာကို တစ်လ သုံးကျပ်၊ ငွေတစ်ရာ့ငါးဆယ် ငါးလဆိုတော့ အင်း၊ ငါးနှစ်လီ တစ်ဆယ်၊ နှစ်ခုနစ်လီ’’ တဲ့ ဝတ္ထုရဲ့ အဆုံးမှာက သုံးဘီးခ ၁ကျပ် ၇၀ပြား  ရုပ်ရှင် ၈ကျပ် မုန့် ၁ကျပ် ထမင်းစား ၄ကျပ် ၅၀ပြား  သံပရာရည် ၆၀ပြား ခေါက်ဆွဲ ၂ထုပ် ၃ကျပ် အင်္ကျီစ ၁၆ကျပ် အပြန်ကားခ ၅၀ပြား  စုစုပေါင်း ၃၅ကျပ် ၃၀ပြား ဟူ၍ ဖြစ်ပါသတည်း” တဲ့။

ကဲ .. ဇာတ်လမ်းကတော့ ကိန်းဂဏန်းတွေနဲ့ စပြီး ကိန်းဂဏန်းတွေနဲ့ ဆုံးထားပါတယ်။ ကြားထဲက ဇာတ်လမ်းလေးကတော့ ရယ်စရာ မောစရာကလေးပါ။ ရယ်စရာမောစရာဆိုလို့ ပေါ့ပေါ့ မတွေးလိုက်ပါနဲ့။ ဆရာဦးအောင်သင်းရဲ့ ရယ်စရာမောစရာပါ။ ရယ်စရာနောက်မှာ မောစရာတွေ ပါလာတတ်တယ် ဆိုတာပါပဲ။

‘‘ကျွန်မသာလျှင် မယားအစစ် ဖြစ်ပါကြောင်း’’ နဲ့ ‘‘အိမ်ကလူကြီး’’ဆိုတဲ့ ဝတ္ထုတို နှစ်ပုဒ်ဆိုရင်လည်း နာမည်လေးတွေက ရိုးရိုးကလေးနဲ့ လှနေပါတယ်။ ဒီနာမည်လေးတွေကို ကြည့်လိုက်တာနဲ့ အိမ်ထောင်ရေး ဝတ္ထုကလေးတွေဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်အနေနဲ့ ‘‘အိမ်က လူကြီး’’ဆိုတဲ့ ဝတ္ထုတိုကို ဖတ်ပြီးရင် သူ့အမျိုးသားကို အိမ်ကလူကြီးလို့ ခေါ်မိမှာ သေချာပါတယ်။

ထိုနည်းအတူပါပဲ ကျန်တဲ့ဝတ္ထုတွေဖြစ်တဲ့ စစ်သားမယား၊ ဘဝအမှောင်၊ ပို့စကတ်လေး တစ်စောင်၊ လောကထဲက ထွက်ပြေးချင်တယ်၊ သေသည်၏ အခြားမဲ့၌၊ ကိုယ်ရေးကြုံတော့၊ ဆယ်နှစ်ကျော် ကာလများ၊ ဘဝတိုက်ပွဲစတင်ခြင်း၊ နှောင်းမိုးဆိုတဲ့ ဝတ္ထုတိုလေးတွေဟာလည်း သူဟာနဲ့သူ ကောင်းနေကြတာချည်းပဲပါ။ တစ်ပုဒ်မှ ပစ်ရက်စရာ မရှိပါဘူး။

အဲဒီလို ပစ်ရက်စရာ မရှိအောင်ကောင်းတဲ့ ဝတ္ထုတိုလေးတွေ ပါဝင်တဲ့ စာအုပ်ကတော့ ဆရာမမိုးမိုး (အင်းလျား)ရဲ့ ဝတ္ထုတိုများ-၁ ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်ဟာ အမျိုးသားစာပေဆု ရရှိထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ ဝတ္ထုတို စုစုပေါင်း ၁၄ ပုဒ်ပါဝင်ပါတယ်။ ပိုက်ဆံ ၁၀၀၀ ကျပ်တည်းနဲ့ စာကောင်းပေကောင်းကို ဖတ်ရမယ့် စာအုပ်လည်းဖြစ်ပါတယ်။

ဆရာမမိုးမိုး(အင်းလျား)က ဝတ္ထုတိုလေးတွေ ရေးတဲ့နေရာမှာ ရသကလေးတွေနဲ့အတူ လူ့သဘာ၀ ကလေးတွေကို ချစ်စရာကောင်းအောင် ရေးဖွဲ့တတ်တဲ့ ဆရာမပါ။ ဆရာမဟာ အကြွေစောခဲ့သူ ဖြစ်ခဲ့ပြီး ၁၉၉၀ ခုနှစ်၊ အသက် ၄၆ နှစ် အရွယ်မှာ ဆုံးပါးသွားခဲ့ပါပြီ။

Kyaw Soe Thu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top
Englishဗမာစာ