ပြည်တွင်း သတင်းတို ကဏ္ဍ

23795723_530042907365351_6523094374410431066_n1.jpg

ဒီတစ်ပတ် ပြည်တွင်း သတင်းတို ကဏ္ဍမှာ အငှားယာဉ်ကုမ္ပဏီ Uber ရဲ့လုပ်ငန်းတွေကို Grab ကုမ္ပဏီထံ လွှဲပြောင်းတဲ့ သတင်း၊ မိတ္ထီလာမှာ ဗုံးသီးဟောင်းတွေ တွေ့တဲ့ သတင်းနဲ့ လေယာဉ်ပျက်ကျစဉ် သေဆုံးခဲ့တဲ့ ဗိုလ်မှူးကို တပ်ချုပ်ကိုယ်တိုင် ဂုဏ်ပြုလိုက်တဲ့ သတင်းတွေ နဲ့အတူ သတင်းတို ၆ ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။

အငှားယာဉ်ကုမ္ပဏီ Uber ရဲ့လုပ်ငန်းတွေကို Grab ကုမ္ပဏီထံ လွှဲပြောင်း

အငှားယာဉ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Uber ဟာ သူရဲ့လုပ်ငန်းတွေကို ဒီလ ၈ ရက် နောက်ဆုံးထားပြီး ပြိုင်ဘက်အငှားယာဉ်ကုမ္ပဏီ Grab ထံလွှဲပြောင်းပေးအပ်တော့မှာဖြစ်တယ်လို့ Uber က သတင်းထုတ်ပြန်လိုက်ပါတယ်။

Uber ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ မိတ်ဆွေရဲ့ ခရီးသွားလာရေးမှာ အဆင်မပြေမှုတွေကိုရှောင်လွှဲနိုင်ဖို့ နဲ့ အဲဒီနေ့ရက်နောက်ပိုင်း ယာဉ်ဆက်လက်ငှားရမ်းမှုတွေ ပြုလုပ်နိုင်ဖို့ ကျေးဇူးပြုပြီး Grab app ကိုဒေါင်းလိုက်ပါလို့ ဖော်ပြထားပါတယ်။

 

မိတ္ထီလာမှာ ဗုံးသီးဟောင်းတွေ တွေ့

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မြှားကျေးရွာအုပ်စု၊ ရှမ်းတဲကျေးရွာနေ ဦးခင်မောင်ဝင်းဟာ ဒီလ ၃ ရက် မွန်းလွဲပိုင်းက ၎င်းရဲ့သားဖြစ်သူနဲ့အတူ နေအိမ်ခြံဝင်းအတွင်း မြေကျင်းတူးရာမှာ ဗုံးသီးဟောင်းတွေတွေ့ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဗုံးသီးဟောင်းတွေတွေ့ရှိတာကြောင့် သတင်းအရ နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာတပ်က တာဝန်ရှိသူတွေဟာ သွားရောက်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ အရှည် ၁၆ လက်မ၊ လုံးပတ် ၁၂ လက်မလောက်ရှိတဲ့ ဗုံးသီးဟောင်း ခုနှစ်လုံး၊ အရှည် ၁၂ လက်မ၊ လုံးပတ် ၁၀ လက်မလောက်ရှိတဲ့ ဗုံးသီးဟောင်း သုံးလုံး နဲ့ အရှည် ၅ လက်မ၊ လုံးပတ် ၅ လက်မလောက်ရှိတဲ့ ဗုံးသီးဟောင်း သုံးလုံး၊ စုစုပေါင်း ၁၃ လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ ဒီဗုံးသီးဟောင်းတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

လေယာဉ်ပျက်ကျစဉ် သေဆုံးခဲ့တဲ့ ဗိုလ်မှူးကို တပ်ချုပ်ကိုယ်တိုင်ဂုဏ်ပြု

တောင်ငူမြို့ ကျွန်းကုန်းကျေးရွာသို့ လေယာဉ်ပျက်ကျမှုမရှိစေဖို့ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ လေသူရဲ ဗိုလ်မှူးအာကာဝင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချီးကျူးဂုဏ်ပြုတယ်လို့ Senior General Min Aung Hlaing ဖေ့ဘုတ်ပေ့ခ်ျမှာ ရေးသားထားပါတယ်။

လေယာဉ်ပျက်ကျမှုဖြစ်စဉ်နဲ့ ပက်သက်ပြီး အသေးစိတ်သိရှိစေဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) နဲ့ တပ်မတော်(လေ)မှ ပညာရှင်များပါဝင်တဲ့အဖွဲ့ဟာ ဒီလ ၄ ရက်နံနက်ပိုင်းမှာ တောင်ငူလေတပ်စခန်းဌာနချုပ်နဲ့ ဖြစ်စဉ်ဖြစ်ပွားတဲ့ နေရာကိုသွားရောက်ခဲ့ပြီး ပျက်ကျလေယာဉ်အစိတ်အပိုင်းတွေကို စစ်ဆေးခြင်း နဲ့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံပြည်သူတွေကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ အဲဒီပေ့ခ်ျမှာ ရေးသားထားပါတယ်။

ဒီလ ၃ ရက် ၁၀ နာရီ ၄၄ မိနစ်မှာ တောင်ငူလေတပ်စခန်းဌာနချုပ်မှ အက်ဖ်- ၇ လေယာဉ်ဟာ လေကျင့်ပျံသန်းမှု ဆောင်ရွက်နေတဲ့အချိန်မှာ လေယာဉ်ဆင်းပတ်လမ်းအတွင်းကို ဆင်းသက်ဝင်ရောက်ချိန် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့ပြီး ပျက်ကျခဲ့တာဖြစ်ပါတယ်။

 

တပ်မတော် နဲ့ တအန်းလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဆက်တိုက်ဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ကောင်းဟုန်းကျေးရွာ အနီး နဲ့ ပိန်ထွမ်ကျေးရွာအနီးမှာ တအန်းလက်နက်ကိုင်တပ်ဖွဲ့(TNLA) နဲ့ တပ်မတော်တို့ ဒီလ ၄ ရက်မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုန်ပြန်ပါတယ်။

နံနက် ၈ နာရီ ၁၅ မိနစ်မှ ၉ နာရီ ၃၀ မိနစ်ထိ TNLA တပ်ရင်း ၅၆၈ နဲ့ တပ်မတော် ခလရ(၅၉) တို့ တိုက်ပွဲ ဖြစ်ခဲ့သလို၊ ပိန်းထွမ်ကျေးရွာအနီး TNLA တပ်ရင်း ၁၈၉ နဲ့ တပ်မတော် ခမရ ၃၂၄ တို့ဟာလည်း နံနက် ၈ နာရီ ၅၅ နာရီမှ ၉ နာရီ ၅၀ မိနစ်ချိန်ထိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၃ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်မှာ နှစ်ကြိမ်၊ နမ္မတူမြို့နယ်မှာ ၁ ကြိမ် TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

မွန်တိုင်းရင်းသားတွေ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ဖို့ ညှိုနှိုင်းအစည်းအဝေးပြုလုပ်

မွန်တိုင်းရင်းသားတွေ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ဖို့အတွက် ဒီလ ၂ ရက်မှာ မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမှာ မွန်ပြည်သစ်ပါတီ(NMSP) နဲ့ အစိုးရတာဝန်ရှိသူတွေ၊ ငြိမ်းချမ်းရေးနဲ့ ပက်သက်တဲ့ကိုယ်စားလှယ်တွေ ညှိုနှိုင်းအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီညှိုနှိုင်းအစည်းအဝေးကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဌဦးကျော်တင့်ဆွေ ၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ UPDJC(EAO) အစုအဖွဲ့ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း၊ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ် ဦးသုဝေ နဲ့ NMSP မှ နိုင်အောင်မင်းတို့တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ဒီညှိုနှိုင်းအစည်းအဝေးမှာ ဦးကျော်တင့်ဆွေက မွန်ပြည်သစ်ပါတီအနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ရေးမြို့နယ်မှာ ကျင်းပဖို့ ၁၄ ကြိမ်မြောက် UPDJC အစည်းအဝေးက သဘောတူထားပြီးဖြစ်ကြောင်း ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကော်မတီလည်းဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီအနေနဲ့ ဒီနိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပပြီး မွန်တိုင်းရင်းသားတို့ရဲ့ လိုလားချက်တွေနဲ့ သဘောထားဆန္ဒတွေကို ထုတ်ဖော်ခွင့်ရရှိမှာဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အပစ်ရပ် လက်မှတ်ရေးထိုးတဲ့ မွန်ပြည်သစ်ပါတီဟာ အမျိုးသားအဆင့်န်ိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်မှသာ ၂၁ ရာစုပင်လုံတတိယ အစည်းအဝေးမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲက ရလာတဲ့အချက်တွေကို တင်ပြဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ၂၁ ရာစုပင်လုံညီလာခံကို မေလဆန်းမှာပြုလုပ်သွားဖို့ အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ သဘောတူညီထားပါတယ်။

 

e-Government တိုးတတ်ဖို့ ပူးပေါင်းဆောင်ရွက်မှုကို အမြန်ဆုံးဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

e-Government ဦးဆောင်ကော်မတီရဲ့ ပထမအကြိမ်လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို ဒီလ ၄ ရက် နံနက် ၉ နာရီခွဲမှာ နေပြည်တော်က ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအစည်းအဝေးမှာ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးပွဲမှာ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ျ အမှာစကားပြောကြားခဲ့ပါတယ်။

အမှာစကားပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က “e-Government ပတ်သက်လို့ ကျွန်မတို့ အစကတည်းက စီးပွားရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ မူဝါဒ ၁၂ ချက်ထဲမှာ တစ်ချက်ပါဝင်ပါတယ်။ အဲဒီအထဲမှာ ဖြစ်မြောက်အောင် လုပ်မယ်ဆိုတာ ပါဝင်ပါတယ်။ ဒါကို e-Government ဖြစ်မြောက်အောင် လုပ်မယ်ဆိုရင်လည်း ကျွန်မတို့ရဲ့ ဒီနှစ်အတွင်းမှာ အဲဒီဘက်က နှောင့်နှေးနေတာကိုလည်း သတိပြုမိပါတယ်။ e-Government မြန်မြန်လုပ်ဖို့၊ တိုးတက်ဖို့ဆိုရင် အချက် ၃ ချက်က အဓိက ဖြစ်ပါတယ်။ ကျွမ်းကျင်မှုလိုအပ်ချက်ရှိမယ်၊ ရှင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ရှိမယ်၊ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ချက်ရှိမယ်” လို့ ပြောကြားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။

“သုံးချက်ထဲမှာ အဓိက အမြန်ဆုံးစတင်လုပ်ရမှာတော့ ပူးပေါင်း ဆောင်ရွက်မှုပါပဲ။ အစိုးရအဖွဲ့ဌာန အသီးသီး ပြည်နယ်၊ တိုင်းအစိုးရများနဲ့ အားလုံး ပူးပေါင်းပြီး မလုပ်ရင် e-Government ဆိုတာ တကယ်တော့ ဖြစ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှုတွေကျတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ အခြေအနေအရ၊ ပညာရေးစနစ်အခြေအနေအရ ဒါတွေကို စောင့်ဆိုင်းပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ပူးပေါင်း ဆောင်ရွက်ခြင်းဆိုတာကတော့ ဒီနေ့က စပြီးလုပ်နိုင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒီလိုပူး ပေါင်း ဆောင်ရွက်မှုရှိမှလည်း e-Government ရည်ရွယ်ချက်က ထမြောက်နိုင်မှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

 

Thar Ko (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top