ကလေးရဲ့လက်ကို သန့်စင်ဖို့အတွက် လက်သန့်ဆေးရည်ကို အသုံးပြု သင့်လား

11-6-2020-yyl-013.jpg

COVID-19 ကူးစက်ခံရသူ အရေအတွက်က အရင်တုန်းလောက် မများတော့ပေမယ့် သင်နဲ့ သင့်မိသားစု ဘေးကင်းလုံခြုံဖို့အတွက် ကာကွယ်မှုတွေလုပ်ထားဖို့ လိုအပ်နေပါသေးတယ်။ ရောဂါကူးစက်ခံရမှုတွေမဖြစ်ဖို့ မိမိကစပြီး ကာကွယ်ရမှာဖြစ်ပါတယ်။ ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် (၂၀) ကြာ မကြာခဏ လက်ဆေးတာက ရောဂါကူးစက်ခံနိုင်ချေကို လျော့ချပေးတဲ့ အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ အပြင်သွားတဲ့အခါ၊ အိမ်ပြန်ရောက်တဲ့အခါ၊ သန့်စင်ခန်းသွားတဲ့အခါ၊ ညစ်ညမ်းတဲ့ နေရာတစ်ခုခုကို ကိုင်မိထိမိတဲ့အခါ လက်ဆေး ပေးသင့်ပါတယ်။ အပြင်ထွက်တဲ့အခါမျိုးမှာ ဆပ်ပြာ၊ရေတို့နဲ့ လက်ဆေးလို့မရတဲ့အခါ ဒုတိယရွေးချယ်ချက် အနေနဲ့ အယ်ကိုဟောပါဝင်မှု (၆၀) ရာခိုင်နှုန်းရှိတဲ့ လက်သန့်ဆေးရည်ကို အသုံးပြုဖို့ပါပဲ။ ဒါပေမဲ့ လက်သန့်ဆေးရည်ကို လူကြီးတွေ သုံးတာအဆင်ပြေပေမယ့် ကလေးတွေအတွက် ဘေးကင်းရဲ့လားဆိုတာကို မိဘတွေအများစုက ဒွိဟဖြစ်နေကြပါတယ်။

မိဘတွေ စိတ်ထဲမတင်မကျဖြစ်ရတာက ကလေးတွေဟာ လက်သန့်ဆေးရည်သုံးရင် မျက်စိယားယံတာ၊ အော့အန်တာ၊ ဗိုက်အောင့်တာ၊ ချောင်းဆိုးတာတွေ ခံစားရတယ်ဆိုတဲ့ ကိစ္စတွေကို ကမ္ဘာ့တစ်ဝှမ်းမှာ တွေ့နေရတာကြောင့် ဖြစ်တယ်ဆိုတာ သိသာပါတယ်။ အဲဒီလိုဖြစ်တဲ့ ကိစ္စတွေထဲမှာမှ (၉၀) ရာခိုင်နှုန်းလောက်က အသက် (၅) နှစ်အောက်ကလေးတွေ ဖြစ်ပါတယ်။ ဒီလိုပြောတဲ့အတွက် ကလေးတွေရဲ့ လက်တွေကို သန့်စင်ဖို့အတွက် လက်သန့်ဆေးရည်ကို အသုံးမပြုသင့်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။

အဲဒါဆိုရင် ဘယ်လိုလုပ်မလဲ

ကလေးတွေရဲ့ လက်ကိုသန့်စင်ဖို့အတွက် လက်သန့်ဆေးရည်သုံးတာ ရပ်ပစ်ဖို့ ကျွမ်းကျင်ပညာရှင်တွေက ပြောမထားပါဘူး။ ဒါပေမဲ့ ကလေးတွေအတွက် ဦးစားပေးရွေးချယ်မှုက ဆပ်ပြာ၊ ရေတို့နဲ့ လက်ဆေးတာပါပဲ။ ဆပ်ပြာ၊ ရေတို့နဲ့ လက်ဆေးလို့ မရတဲ့အခါမှသာ လက်သန့်ဆေးရည်ကို ရွေးချယ်သင့်ပါတယ်။ ကလေးတွေ လက်သန့်ဆေးရည် သုံးနေတဲ့အခါမှာလည်း မိဘတွေက စောင့်ကြည့်ရပါမယ်။ ကောင်တာမှာ တင်ရောင်းတဲ့ လက်သန့်ဆေးရည်က ထောက်ခံချက်ရထားတာဖြစ်ပေမယ့် ကလေးတွေအတွက် လက်သန့်ဆေးရည် သုံးမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ညွှန်ကြားတဲ့ လက်သန့်ဆေးရည်ကို ဂရုတစိုက်နဲ့ အသုံးပြုသင့်ပါတယ်။ COVIDကာလမှာ လက်သန့်ဆေးရည်က ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အသုံးတည့်တဲ့အရာဖြစ်ပါတယ်။

ကြိုတင်ကာကွယ်ချက်

လက်သန့်ဆေးရည်က အခြားအယ်ကိုဟောပါဝင်တဲ့ ဖျော်ရည်တွေထက်ပိုတဲ့ အယ်ကိုဟော (၆၀) ရာခိုင်နှုန်းပါဝင်ပါတယ်။ လက်သန့်ဆေးရည်ကို သုံးပြီး မျက်လုံးကို ထိမိတာ၊ ပါးစပ်ထဲဝင်သွားတာတွေက ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ပါတယ်။ ကလေးရဲ့ လုံခြုံဘေးကင်းဖို့အတွက် မိဘတွေက အောက်ကအချက်တွေကို လိုက်နာပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ထားသင့်ပါတယ်။

  • လက်သန့်ဆေးရည် အနည်းငယ်သာသုံးပြီး ခြောက်သွားတဲ့အထိ ကလေးရဲ့လက်တွေကို ပွတ်ပေးပါ
  • လက်သန့်ဆေးရည်ကို ကလေးနဲ့ တိရစ္ဆာန်တွေရဲ့ အနီးနားမှာ မထားပါနဲ့
  • ကလေးက လက်သန့်ဆေးရည်ကို မတော်တဆမျိုချ မိတယ်ထင်ရင် ချက်ချင်း ဆရာဝန်နဲ့ပြပါ
  • လက်သန့်ဆေးရည်သုံးပြီးရင် ပါးစပ်ကို လက်နဲ့မထိဖို့ ကလေးတွေကို ပြောပါ
  • မွေးကင်းစကလေးတွေကို လက်သန့်ဆေးရည်အသုံးပြုမပေးပါနဲ့
  • လက်သန့်ဆေးရည်ချည်း အရမ်းမသုံးပါနဲ့။ ဆပ်ပြာ၊ ရေတို့နဲ့ လက်ဆေးတာက ရောဂါပိုးမွှားတွေကို သတ်ပေးနိုင်တဲ့အကောင်းဆုံးနည်းဆိုတာကို မှတ်ထားပါ။

Ref: Should you use hand sanitizer to clean your baby’s hand

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top