အမှု ၂၆ မှုလုံး အနိုင်ရခဲ့တဲ့ ရှေ့နေအတုကို ကင်ညာရဲတပ်ဖွဲ့ ဖမ်းဆီး

18.10.23-yyl-၂.jpg

ရှေ့နေအဖြစ် တရားဝင် လေ့ကျင့်သင်ကြားခဲ့ခြင်း မရှိပေမဲ့ သူ ရှေ့နေလိုက်ခဲ့တဲ့ အမှုအားလုံး အနိုင်ရခဲ့တဲ့ ရှေ့နေအတုကို ကင်ညာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဘရိုင်ယန်အမ်ဝမ်ဒါဟာ နာမည်ကျော် ရုပ်သံစီးရီး Suits ထဲက ( ဥပဒေကျောင်းမတက်ဘဲ နာမည်ကျော်ဥပဒေလုပ်ငန်းစုမှာ အလုပ်ရခဲ့ပြီး အမှုများစွာ အနိုင်ရစေခဲ့တဲ့ ရှေ့နေ) မိုက်ရော့စ်နဲ့ ခိုင်းနှိုင်းခံခဲ့ရသူပါ။

အမ်ဝမ်ဒါဟာ အယူခံရုံးနဲ့ အထက်တရားရုံးတွေမှာ ရင်ဆိုင်ရတဲ့ အမှုပေါင်း ၂၆ မှုကို ရှေ့နေလိုက်ခဲ့ပြီး သူ ရှေ့နေလိုက်ခဲ့တဲ့ အမှု ၂၆ ခုလုံး အနိုင်ရခဲ့သူပါ။ သူ့ရဲ့ စူးရှထက်မြက်တဲ့ လျှောက်လဲချက်တွေကြောင့် တရားသူကြီးတွေကလည်း သူ့ကို ရှေ့နေအတုလို့ မထင်ကြပါဘူး။ ဒါပေမဲ့ အမ်ဝမ်ဒါ( သူနဲ့ အမည်တူတဲ့)ဆိုတဲ့ ရှေ့နေအစစ်တစ်ဦးက စောဒကတက်ခဲ့ပြီးနောက်မှာ ကင်ညာနိုင်ငံ ဥပဒေအသိုက်အဝန်း Law Society of Kenya (LSK) က သူ့ကို သံသယရှိလာခဲ့ကြတာပါ။

၂၀၂၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ ဘရိုင်ယန်အမ်ဝမ်ဒါက ရှေ့နေလိုင်စင် လျှောက်ထားခဲ့ပြီး သူနဲ့အမည်တူ ရှေ့နေအစစ်ရဲ့ အီးမေးလ်လိပ်စာကို အသုံးပြုခဲ့တာပါ။ ‌ရှေ့နေများကောင်စီက ရှေ့နေအစစ် အမ်ဝမ်ဒါဆီ ဖုန်းဆက်ပြီး လိုင်စင်လျှောက်ထားခြင်း ရှိ၊ မရှိ မေးမြန်းရာမှာ သူက အစိုးရရှေ့နေချုပ်ရုံးမှာ အလုပ်လုပ်နေတာဖြစ်လို့ လိုင်စင် လျှောက်စရာမလိုဘူး၊ လိုင်စင်လည်း မလျှောက်ထားဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

နောက်တစ်လအကြာမှာတော့ သူ့ရဲ့အီးမေးလ်အကောင့်ကို ဝင်ရောက်မှု မှားယွင်းနေတဲ့ လက္ခဏာတွေ တွေ့ခဲ့ရပြီးနောက် ရှေ့နေအစစ် အမ်ဝမ်ဒါက ကင်ညာနိုင်ငံ ဥပဒေအသိုက်အဝန်းထံ အကြောင်းကြားခဲ့တာပါ။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် သူတို့က ရှေ့နေအစစ် အမ်ဝမ်ဒါရဲ့ အီးမေးလ်ထဲကို ရှေ့နေအတု ဝင်ရောက်နိုင်အောင် လမ်းဖွင့်ပေးခဲ့ကြပါတယ်။ ရှေ့နေအတုက ရှေ့နေအစစ် အမ်ဝမ်ဒါရဲ့ အီးမေးလ်ထဲ ဝင်လို့ရပြီးနောက် သူ့ဓာတ်ပုံကို ပြောင်းလဲခဲ့ပြီး ရှေ့နေလိုင်စင် လျှောက်ထားခဲ့တာပါ။

အဲဒီနောက် ကင်ညာရဲတပ်ဖွဲ့က ရှေ့နေအတုကို ဖမ်းဆီးခဲ့ကြပါတယ်။ ဒီအကြောင်းဟာ ကင်ညာတစ်နိုင်ငံလုံးမှာ ပြောစမှတ်တွင်တဲ့ သတင်းတစ်ပုဒ်ဖြစ်သွားခဲ့ပြီး ဥပဒေကျောင်း မတက်ဖူးဘဲ အမှုအားလုံး အနိုင်ရခဲ့တဲ့ သူ့စွမ်းဆောင်ရည်ကို လေးစားတာကြောင့် ကင်ညာသန်းကြွယ်သူဌေးတစ်ဦးက သူ့အတွက် အာမခံငွေ ပေးဖို့ ကမ်းလှမ်းထားပါတယ်။

Ref: Fake Lawyer Wins All 26 of His Cases Despite Never Going to Law School

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top