လူမြင်ကွင်းမှာ ညဝတ်အင်္ကျီဝတ်သူတွေကို အရှက်ခွဲတဲ့လုပ်ရပ်အတွက် တရုတ်အရာရှိတွေ ပြန်တောင်းပန်

yyl-019-13.jpg

လူမြင်ကွင်းမှာ ညဝတ်အင်္ကျီဝတ်တဲ့သူတွေကို လူသိရှင်ကြား အရှက်ခွဲခဲ့တဲ့လုပ်ရပ်အတွက် တရုတ်နိုင်ငံ ဆူကျိုးမြို့ အရာရှိတွေက ပြန်တောင်းပန်ခဲ့ပါတယ်။ အန်းဟွေးပြည်နယ် ဆူကျိုးမြို့ အစိုးရအရာရှိတွေက လူမြင်ကွင်းမှာ ညဝတ်အင်္ကျီဝတ်သူ ၇ ယောက်ရဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့ပြီး မယဉ်ကျေးတဲ့ အပြုအမူဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ညဝတ်အင်္ကျီဝတ်ပြီး လူမြင်ကွင်းထွက်သူတွေကို စောင့်ကြည့်ကင်မရာနဲ့ ဓာတ်ပုံတွေ ရိုက်ပြီး အဲဒီဓာတ်ပုံတွေ၊ အမည်၊ နိုင်ငံသားကတ်ပြားအမှတ်၊ တခြားအချက်အလက်များကိုပါ အွန်လိုင်းပေါ်မှာ ဖော်ပြခဲ့ပါတယ်။ သူတို့က အယဉ်ကျေးဆုံးမြို့ ရွေးချယ်တဲ့ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတာလို့ ဆူကျိုးမြို့ အရာရှိတွေက ပြောပါတယ်။

ဒါပေမဲ့ သူတို့ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ပြည်သူတွေက ဒေါသတကြီးတုံ့ပြန်ခဲ့ချိန်မှာတော့ သူတို့ရဲ့အမှားကို ပြန်တောင်းပန်ခဲ့ပါတယ်။ နောက်ပိုင်းကျရင် ဓာတ်ပုံများဖော်ပြတဲ့အခါ ဘယ်သူဘယ်ဝါ မခွဲခြားနိုင်အောင် မျက်နှာပုံရိပ်ကိုဝါးပေးမယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြည်သူတွေအပေါ်စောင့်ကြည့်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့(၂)နှစ်က တရုတ်နိုင်ငံမှာ စောင့်ကြည့်ကင်မရာ သန်း ၁၇၀ အထိရှိခဲ့ပြီး ဒီနှစ်အကုန်မှာ နောက်ထပ်စောင့်ကြည့်ကင်မရာ သန်း ၄၀၀ ထပ်တိုးလာဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ စောင့်ကြည့်ကင်မရာ တော်တော်များများကို မှတ်ဉာဏ်တုနည်းပညာနဲ့ ချိတ်ဆက်ထားလို့ ဓာတ်ပုံထဲက လူကို အလိုအလျောက် ခွဲခြားဖော်ပြနိုင်စွမ်းရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top