ဗင် ဒင်ဇယ် (Vin Diesel) က Fast & Furious ဇာတ်ကားရဲ့၁၀ကားမြောက်လည်းဖြစ်တဲ့၊ နောက်ဆုံးဇာတ်ကားမှာ ပြန်လည်ပါဝင်ပေးဖို့ ဒွိန်း ဂျွန်ဆင် (Dwayne Johnson) (The Rock) ကို တောင်းဆိုလိုက်ပါတယ်။ ၂၀၁၁ခုနှစ်က Fast & Furious ဇာတ်ကားမှာ The Rock ဟာ အေဂျင့် Hobbs အဖြစ် ပါဝင်ခဲ့ပေမဲ့ မကြာသေးခင်က နောက်ဆက်တွဲဇာတ်ကားတွေမှာတော့ မပါဝင်ခဲ့သလို နောက်ထပ်ရိုက်ကူးမယ့် Fast & Furious ဇာတ်ကားတွေမှာ ပါဝင်တော့မှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
ဗင် ဒင်ဇယ်က ပေါလ် ဝေါကာ (Paul Walker) ကို ရည်ညွှန်းတဲ့ ဇာတ်ကောင် Pabloအတွက် Fast & Furious ဇာတ်ကားဟာ ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းဖြစ်ရမယ်ဆိုတဲ့ သူ့ရဲ့ကတိကို ဖြည့်ဆည်းချင်ခဲ့တာပါ။ အဲဒါကြောင့် ဗင် ဒင်ဇယ်က အင်စတာဂရမ်မှာ The Rock ကို နောက်ဆုံးဇာတ်ကားမှာ ပါဝင်ပေးဖို့ တောင်းဆိုလာခဲ့တာပါ။ ဗင် ဒင်ဇယ်က The Rock ကို ညီလေး ဒွိန်းလို့ ခေါ်ဝေါ်ရင်း Fast & Furious ကနေ ထွက်မသွားဖို့ တောင်းဆိုခဲ့ပါတယ်။ The Rock ဟာ အလွန်အရေးကြီးအခန်းကဏ္ဍမှာ ပါဝင်ပြီး သူ့ရဲ့ဇာတ်ကောင် Hobbs ကို အခြားဘယ်သူမှာ ပါဝင်သရုပ်ဆောင်မှာမဟုတ်ဘူးလို့လည်း ဗင် ဒင်ဇယ်က ပြောခဲ့ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2021/11/11-9-2021yyl5.png)
အင်စတာဂရမ်မှာ ဗင် ဒင်ဇယ်ရေးသားတောင်းဆိုထားတာက “ငါ့ညီလေးဒွိန်း… အချိန်ကျပြီ။ ကမ္ဘာကြီးက Fast 10 ရဲ့ နောက်ဆုံးဇာတ်သိမ်းကို စောင့်မျှော်နေပါတယ်။ မင်းသိတဲ့အတိုင်းပဲ ငါ့ကလေးတွေက ငါ့အိမ်မှာ မင်းကို အန်ကယ်ဒွိန်းလို့ ခေါ်တယ်။ သူတို့တွေနဲ့ မင်း ဆုမွန်ကောင်းတောင်းမပေးဖြစ်ခဲ့တဲ့ အားလပ်ရက်တစ်ခုမဟုတ်ဘူး။ ဒါပေမဲ့ အချိန်တန်ပါပြီ။ အမွေအနှစ်က စောင့်ကြိုနေပါတယ်။ Pablo ကို ပေးထားတဲ့ကတိကို ဖြည့်ဆည်းပေးမယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ မင်းကို ပြောခဲ့ဖူးပါတယ်။ (၁၀) ကားမြောက်ဖြစ်တဲ့ နောက်ဆုံးဇာတ်ကားမှာ အကောင်းဆုံး Fast ကို ငါတို့ ထုတ်ပြမယ်လို့ ငါ ကျိန်ဆိုခဲ့တယ်။ ငါ ဒါကို ချစ်မြတ်နိုးတာကြောင့်ပြောတာ… ဒါပေမဲ့ မင်း ထုတ်ပြရမယ်။ မင်း ဇာတ်ကားကနေ ထွက်မသွားပါနဲ့။ မင်းက အရမ်းအရေးကြီးတဲ့အခန်းမှာ ပါဝင်တယ်။ Hobbs ဇာတ်ကောင်ကို အခြားဘယ်သူမှ ပါဝင်သရုပ်ဆောင်နိုင်မှာမဟုတ်ဘူး။ မင်း ဇာတ်ကားမှာ ပါဝင်ပြီး မင်းရဲ့ကံကြမ္မာကို ဖြည့်ဆည်းပေးမယ်လို့ ငါမျှော်လင့်တယ်”ဆိုတာပါပဲ။
အရင်က အက်ရှင်မင်းသားကြီး နှစ်ဉီးကြားမှာ အငြင်းပွားစရာရှိခဲ့ပါတယ်။ The Rock က ဗင် ဒင်ဇယ်နဲ့သူ The Fate of the Furious ဇာတ်ကားအတွက် ဘယ်ဇာတ်ဝင်ခန်းမှ အတူတူမရိုက်ကူးခဲ့ရဘူးလို့ ပို့စ်တင်ခဲ့ပြီးတဲ့နောက်မှာ သူတို့နှစ်ဉီးအချင်းချင်း သဘောထားမတိုက်ဆိုင်ဖြစ်ခဲ့ရပါတယ်။
![](https://yoyarlay.com/wp-content/uploads/2021/11/11-9-2021yyl6.jpg)
၂၀၁၇ခုနှစ်ရဲ့ Fast & Furious ဇာတ်ကားက ဇာတ်ဝင်ခန်းတစ်ခုမှာ The Rock နဲ့ ဗင် ဒင်ဇယ်နှစ်ဉီးစလုံး အတူတူပါဝင်ခဲ့ပေမဲ့ အဲဒီအခန်းကို တည်းဖြတ်လိုက်တာကြောင့်ဖြစ်ပါတယ်။ အဲဒီဇာတ်ကားရိုက်ကူးတဲ့ နောက်ဆုံးအပတ်မှာ The Rock က အင်စတာဂရမ်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အဲဒီပို့စ်မှာ တွဲဖက်သရုပ်ဆောင်လို့ သုံးနှုန်းထားပေမဲ့ အမည်ဖော်ပြမထားပါဘူး။ “တချို့က သူတို့ကိုယ်သူတို့ ယောက်ျားပီသပြီး စစ်မှန်တဲ့ ပရော်ဖက်ရှင်နယ်တွေအဖြစ် ကျင့်ကြံကြပေမဲ့ တချို့ကတော့ မလုပ်တတ်ကြပါဘူး။ ဒီဇာတ်ကားကို လာမယ့်ဧပြီလမှာမင်း ကြည့်တဲ့အခါ ဒီဇာတ်ဝင်ခန်းအချို့မှာ ငါမပါဝင်သလို ဖြစ်နေမယ့်ပုံပါပဲ။ ငါ့ရဲ့သွေးတွေ ဆူပွက်နေတယ် — မင်း ပြောတာမှန်တယ်”လို့ The Rock က ရေးသားခဲ့ပါတယ်။
ဒီပို့စ်ကို The Rock က ဖျက်ပစ်လိုက်ပေမဲ့ အဲဒါက ဗင် ဒင်ဇယ်ကို ရည်ညွှန်းနေတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ The Rock က အဲဒါက ဗင် ဒင်ဇယ်ကို ရည်ညွှန်းနေတာလို့ ဘယ်တုန်းကမှ တရားဝင်အတည်မပြုခဲ့ပါဘူး။ ဗင် ဒင်ဇယ်ကလည်း အဲဒါက သူ့ကို ပြောတာဆိုပြီး အင်စတာဂရမ်မှာ ဗီဒီယိုတစ်ခု မျှဝေခဲ့ပါတယ်။ “ရိုးရိုးသားပြောရရင် ငါကို တစ်စက္ကန့်လောက် အချိန်ပေး၊ ငါ မင်းကို အရာအားလုံးပြောပြမယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီနှစ်နောက်ပိုင်းမှာလည်း Fast & Furious ဇာတ်ကားမှာ ပါဝင်တဲ့ မီရှဲလ် ရိုဒရီဂွက်ဇ် (Michelle Rodriguez) က ရိုက်ကွင်းမှာ ဗင် ဒင်ဇယ်နဲ့ The Rock ကြား တင်းမာမှုတွေရှိခဲ့ပေမဲ့ သူငယ်ချင်းတွေကြား သာမန်အငြင်းပွားမှုပါပဲလို့ အတည်ပြုခဲ့ပါသေးတယ်။ Fast & Furious 10 ကို ၂၀၂၃ခုနှစ် ဧပြီလမှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။ The Rock ကတော့ ဗင် ဒင်ဇယ်ရဲ့တောင်းဆိုမှုကို တုံ့ပြန်လာခဲ့ခြင်းမရှိသေးပါဘူး။
Ref: BBC “Fast & Furious: Vin Diesel asks The Rock to return”
WL (ရိုးရာလေး)