နှစ် ၃၀ နီးပါးကြာအောင် သန့်စင်ခန်းသုံးရေကို သောက်သုံးရေအဖြစ် သတိမထားမိဘဲ အသုံးပြုနေခဲ့တဲ့ ဂျပန်ဆေးရုံတစ်ခု

11-9-2021yyl1.jpg

ဂျပန်ဆေးရုံတစ်ခုက ရေပိုက်သွယ်တန်းမှုမှားယွင်းခြင်းကြောင့် သန့်စင်ခန်းသုံးရေကို သောက်ရေအဖြစ် နှစ် ၃၀ နီးပါးကြာအောင် သတိမထားမိဘဲ သောက်သုံးနေခဲ့ရပါတယ်။ Yomiuri Shimbun သတင်းဌာနအရ ဂျပန်နိုင်ငံရဲ့ အိုဆာကာတက္ကသိုလ်ဟာ ကျောင်းရဲ့ဆေးဘက်ဆိုင်ရာဌာနက ရေပိုက်ခေါင်းတချို့ကို မှားယွင်းတပ်ဆင်ထားခဲ့တဲ့အတွက် သောက်သုံးရေပိုက်ကို သန့်စင်ခန်းနဲ့ဆက်ထားမိခဲ့တယ်။ ဒီလိုပြဿနာမျိုးနဲ့ ရေပိုက်ခေါင်း ၁၂၀ ရှိခဲ့တယ်လို့ အောက်တိုဘာ ၂၀ ရက်နေ့က ကြေညာခဲ့တယ်လို့ သိရပါတယ်။

ဆေးရုံကို ၁၉၉၃ခုနှစ်မှာ ဖွင့်လှစ်ခဲ့ကတည်းကဆို ရေပိုက်သွယ်တန်းမှုပြဿနာက နှစ် ၃၀ နီးပါးကြာနေခဲ့ပါပြီ။ ဒီကာလအတွင်းမှာ ဆေးရုံမှာ လုပ်ကိုင်နေခဲ့တဲ့ ဝန်ထမ်းတွေနဲ့ ဆေးကုသမှုခံယူနေခဲ့တဲ့ လူနာတွေဟာ သောက်ရေအတွက်အပြင် လက်ဆေးတာ၊ ပလုံကျင်းတာတွေအတွက် သန့်စင်ခန်းသုံးရေကို အသုံးပြုနေခဲ့ရတာပါ။ ဒီပြဿနာဖြစ်နေခဲ့တာ ကြာနေပေမဲ့လည်း ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။ ဆေးရုံက ဆေးကုသဆောင်အသစ် တည်ဆောက်ဖို့ ပြင်ဆင်တဲ့အခါမှ ဒီပြဿနာကို ရှာတွေ့သွားခဲ့တာပါ။

သတင်းထုတ်ပြန်ချက်အရ ဆေးရုံက ရေရဲ့အရောင်၊ အနံ့၊ အရသာ အစရှိတာတွေကို တစ်ပတ်တစ်ခါ စစ်ဆေးလေ့ရှိပါတယ်။ ရှိပြီးသားမှတ်တမ်းတွေကို အကဲဖြတ်ကြည့်တော့လည်း ၂၀၁၄ခုနှစ် ဧပြီကစပြီး ဘာပြဿနာမှမရှိခဲ့ပါဘူး။ ရေရဲ့အရည်အသွေးကို စစ်ဆးတဲ့တစ်လျှောက်လုံး ကျန်းမာရေးအန္တရာယ်မရှိခဲ့ဘူးလို့ အိုဆာကာတက္ကသိုလ်က ပြောခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဒါရိုက်တာ၊ ဒုဉက္ကဌ ကာဇူဟီတို နာကာတာနီ (Kazuhiko Nakatani) က တောင်းပန်ခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုကုသမှုပေးတဲ့ တက္ကသိုလ်ဆေးရုံက ဒီပြဿနာကို ဖြစ်စေခဲ့တဲ့အတွက် ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်”လို့ ဆိုပါတယ်။ တက္ကသိုလ်မှာ ရိုးရိုးရေကို အသုံးပြုရတဲ့ အဆောက်အဉီး ၁၀၅ခုရှိပြီး အဲဒါတွေရဲ့ရေပိုက်သွယ်တန်းမှုကို ကျောင်းက စစ်ဆေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Ref: Ladbible “Hospital Accidentally Used Toilet Water For Drinking For Nearly 30 Years”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top