စွမ်းရည်

unibailsafarizone-e1563692357801.jpg

မကြာသေးသောနေ့တစ်နေ့ကဖြစ်သည်။ ကျွန်တော်နှင့် သူငယ်ချင်းကျောင်းဆရာလေးတို့လည်း ဝါတွင်းကာလ လပြည့်နေ့ဖြစ် သောကြောင့် ဘုရားသို့ ထွက်လာကြလေသည်။

ဘုရားသို့ ရောက်သောအခါ သာမန်အခါရက်များထက် လူများပိုစည်ကားနေသည်ကို တွေရလေသည်။ ဘုရားကို လူငယ်အများပို၍ အလေးထားလာပြီးလားဟု၍ ဝမ်းသာမိတော့သည်။ ဘုရားကို ခြေဦးပင် မလှည့်ဖူးသူများ၊ ရပ်ကွက်အတွင်းမှ အလွာစုံ အရွယ်စုံ အလုပ်မျိုးစုံက လူများကို ဘုရားတွင်တွေ့ရသည်။ ထူးတော့ ထူးဆန်းနေပြီဟု ထင်မိသည်။ ဘာသာခြား အချိုကိုပါ တွေ့ရသည့်အခါ အတော်ပင် အံဩရတော့သည်။ ကျွန်တော်တို့လည်း သေချာစုံစမ်းကြည့်လိုက်ရာ ထိုလူငယ်များသည် ဘုရားကို ကြည်ညိုသဖြင့် ရောက်ရှိနေခြင်းထက် ယခုအချိန်တွင် ခေတ်စားနေသော Pokemon Go ဆိုသည့် အွန်လိုင်းဂိမ်း တစ်ခုကို လာရောက်ကစားနေခြင်းဖြစ်သည်။ သဲကြီးမဲကြီး ကစားနေကြခြင်း ဖြစ်လေသည်။ ဂိမ်းကစားခြင်းသည် အပြစ်တစ်ခုတော့ မဟုတ်ပေ၊ သာသနာ့မြေတွင် ကစားကြသည်မှာလည်း GPS တွင် တည်နေရာအရ ဆုံမှတ်ဖြစ်သဖြင့် လာရောက်ကြသည် ဆိုခြင်းမှာလည်း အပြစ်တစ်ခု မဟုတ်ပေ၊ မည်သူမဆို လာနိုင်သည်၊ နားခိုနိုင်သည်။ ဘုရားရိပ်သည် အေးမျှပေသည်။

မြတ်ဗုဒ္ဓက “ပြင်းထန်သော ဆန္ဒရှိသူတစ်ယောက်အဖို့ မိမိ အလိုရှိအပ်သောအရာသည် စကြာဝဠာ၏ ဟိုမှာဘက်ကမ်းတွင် ရှိသည်ဆိုငြားအံ့၊ ထိုအရာအား မီးခင်းသည့်လမ်းကို နင်းလျက် သွားရောက်ယူခြင်း ဖြစ်သာလျှင် ရယူနိုင်မည်ဟုလည်း ဆိုငြားအံ့၊ ထိုသူသည် ဆန္ဒ၏အဟုန်ဖြင့် သွားရောက်ယူပေလိမ့်မည်။ ရရှိသောအခါ၌မူ ထိုသူ၏ ခြေဖဝါးကိုပင် မီးမကူးကြောင်း တွေ့မြင်ရ ပေလိမ့်ဦးမည်။ ဤကား ပြင်းထန်သောဆန္ဒ၏ သတ္တိတည်း” ဟု ဆန္ဒ၏အကြောင်းကို ဟောပြတော်မူခဲ့သည်။ လူတို့သည် ပြင်ထန်သော ဆန္ဒ၏ တန်ခိုးသတ္တိတို့ကြောင့် လောကအရာရာကို ပြောင်းလည်းစေနိုင်သည်။ မဖြစ်နိုင်သောအရာများ မလုပ်နိုင်သောအရာများ များစွာသော လောကအကြောင်းအရာတို့ကို ဖြစ်စေနိုင်သည်ပင် ဖြစ်သည်။ ယခုလည်း ဂိမ်းတစ်ခုကို အကြောင်းပြုပြီး စိတ်၏ဆန္ဒတို့ကြောင့် ဘုရားကျောင်း မရောက်သူများ ရောက်ခဲ့ကြရပြီဖြစ်သည်။ လမ်းလျှောက်ပျင်းသူများ လမ်းလျှောက်ခဲ့ကြပြီဖြစ်သည်။ ဘာသာခြားသူများပင် အခြား ဘာသာတစ်ခု၏ ဘုရားကျောင်းသို့ ရောက်လာခဲ့ကြသည်ပင်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းသည် စိတ်ဆန္ဒ၏ သတ္တိကြောင့်ဖြစ်သည်။

ကျွန်တော်တို့ ဒီလို ဂိမ်းတစ်ခုကို အကြောင်းပြုပြီး ဆန္ဒများ၊ ဝိရိယများ များစွာစိုက်ထုတ်ပြီး ဂိမ်းအဆင့်မြင့်အောင် နည်းမျိုးစုံဖြင့် အားထုတ်ကြိုးစားသကဲ့သို့ မိမိအတွက်၊ မိသားစုအတွက်၊ ရပ်ကွက်အတွက်၊ နိုင်ငံအတွက်၊ အမျိုးဘာသာ သာသနာတော်အတွက်၊ လူသားများအားလုံးအတွက်၊ ကမ္ဘာကြီးအတွက်စသည့် အတွက်များစွာအတွက် ကောင်းသော အတွေး၊ ကောင်းသောအကြံ၊ကောင်းသော လုပ်ဆောင်ချက်များဖြင့် တိုးတက်အောင် စိတ်ဆန္ဒ၏ သတ္တိဖြင့် အားစိုက်ဆောင်ရွက်ကြမည်ဆိုလျှင် ဂိမ်းအဆင့်တက်သလို မိမိဘဝအဆင့်လည်း မြင့်မာလာမည့်အကြောင်း သူငယ်ချင်း ကျောင်းဆရာနှင့် ပြောဖြစ်ကြတော့သည်။ သူငယ်ချင်း ကျောင်းဆရာလေးက ကျွန်တော်တို့ပြောဖြစ်သည့် အကြောင်းအရာကို ဂိမ်းကစားနေသည့် လူငယ်များ နှစ်သက်ကြလိမ်မည် မဟုတ်ဟု မှတ်ချက်ပြုလေသည်။ မိုးလည်းအတော်ချုပ်လာပြီဖြစ်ရာ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်တို့လည်း အိမ်ပြန်ခဲ့ကြတော့သည်။

လေပြေမောင်( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top