မိခင်ဆီကနေ မျိုးရိုးလိုက်မဲ့ ကျန်းမာရေးအခြေအနေများ

yyl-022-2.jpg

မျိုးရိုးဗီဇက ကျွန်တော်တို့ကျန်းမာရေးမှာဆိုရင်လည်း ကြီးမားတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ မိန်းကလေးတစ်ယောက်က သူ့မိခင်ဆီကနေ မျိုးရိုးလိုက်တဲ့ကျန်းမာရေးအခြေအနေတွေရှိပြီး သူ့မိခင် ရာသီစလာတဲ့အချိန်ရဲ့ သုံးလအတွင်း ရာသီစပြီးလာဖို့ ၅၇ ရာခိုင်နှုန်းရှိတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဒါကြောင့် မိခင်ဆီကနေ ဘယ်လိုကျန်းမာရေးအခြေအနေမျိုးတွေကို အမွေဆက်ခံမလဲဆိုတာကို ဆက်လက်ဖတ်ရှုကြည့်ရအောင်..။

နှလုံးရောဂါ

သင့်အမေက နှလုံးရောဂါရှိတယ်ဆိုရင် သင်လည်း နှလုံးရောဂါရှိနိုင်ခြေ ၂၀ ရာခိုင်နှုန်းအခွင့်အရေးများပါတယ်။ သင့်အမေ နှလုံးရောဂါခံစားရရင် သင့်ရဲ့နှလုံးရောဂါရနိုင်ခြေအခွင့်အရေးကလည်း တိုးလာတယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့လေ့လာချက်တစ်ခုက ဆိုပါတယ်။ အမွေရထားတဲ့သွေးကြောဆိုင်ရာရောဂါက နှလုံးမှာရှိတဲ့ နှလုံးပတ်သွေးလွှတ်ကြောကိုကော၊ ဦးနှောက်မှာရှိတဲ့ ဦးနှောက်ဆိုင်ရာသွေးလွှတ်ကြောကိုပါ သက်ရောက်မိတဲ့အတွက်ကြောင့်ဖြစ်ရတာပါ။

ရင်သားကင်ဆာ

BRCA1 ၊ BRCA2 စတဲ့ မျိုးရိုးဗီဇ gene တွေကို သယ်ဆောင်ထားတဲ့ အမျိုးသမီးတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။ ဒီမျိုးရိုးဗီဇရှိတဲ့အမျိုးသမီးအများစုက အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေက အသက် (၄၀) ကျော်ရင် ရင်သားကို X rays ရိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ သင့်ဆွေမျိုးထဲက တစ်ယောက်ယောက် (ဒါမှမဟုတ်) သင့်မိခင်မှာ ရင်သားကင်ဆာရှိရင် မျိုးရိုးလိုက်တတ်တဲ့အတွက် သင်က ရင်သားကင်ဆာရှိမရှိ စစ်ဆေးသင့်ပါတယ်။

မှတ်ဉာဏ်ချွတ်ယွင်းတဲ့ရောဂါ

မှတ်ဉာဏ်ချွတ်ယွင်းတဲ့ရောဂါကလည်း မျိုးရိုးလိုက်တဲ့ရောဂါပါပဲ။ သင့်အမေက မှတ်ဉာဏ်ချွတ်ယွင်းတဲ့ရောဂါကို ခံစားနေရတာ၊ ခံစားခဲ့ဖူးတယ်ဆိုရင် သင်က မှတ်ဉာဏ်ချွတ်ယွင်းတဲ့ရောဂါဖြစ်နိုင်ခြေ ၃၀-၅၀ ရာခိုင်နှုန်းရှိပါတယ်။ သင့်ကိုယ်အလေးချိန်၊ သွေးဖိအား၊ ကိုလက်စထရောပမာဏတွေကို ပုံမှန်စစ်ဆေးပေးတာ၊ ကျန်းမာရေးနဲ့ညီညွှတ်စွာနေထိုင်စားသောက်တာတွေက မှတ်ဉာဏ်ချွတ်ယွင်းတဲ့ရောဂါဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းနီးပါးလောက် လျော့ချပေးနိုင်ပါတယ်။

စိတ်ကျရောဂါ

စိတ်ပိုင်းဆိုင်ရာအားနည်းခြင်းကလည်း မျိုးရိုးလိုက်ပါတယ်။ သင့်မိသားစုမှာ စိတ်ပိုင်းဆိုင်ရာအားနည်းဖူးတဲ့သူရှိတယ်ဆိုရင် သင်လည်း စိတ်ကျရောဂါကို အမွေဆက်ခံနိုင်ခြေ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ စိတ်ကျရောဂါ ရနိုင်ခြေကို လျော့ချဖို့အတွက် သင့်တင့်မျှတစွာအိပ်ပါ၊ အယ်ကိုဟောပမာဏကို လျော့ချပါ၊ စိတ်ဖိစီးမှုမဖြစ်အောင် ထိန်းပေးပါ။

ခေါင်းတစ်ခြမ်းကိုက်ခြင်း

သင့်မိခင်က ခေါင်းတစ်ခြမ်းကိုက်တတ်တယ်ဆိုရင် သင့်လည်း ခံစားရနိုင်ခြေ ၇၀- ၈၀ရာခိုင်နှုန်းရှိတယ်ဆိုတာကို သိရင် အံ့သြသွားမယ်ထင်ပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ မျိုးရိုးဗီဇကလည်း လက်ဆင့်ကမ်းနိုင်ပါတယ်။ မိန်းကလေးတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်းမဖြစ်အောင် ရာသီလာစဉ်အတွင်း ဟော်မုန်းဓာတ်ကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

သွေးဆုံးချိန်စောခြင်း

သင့်မိခင်က စောစောသွေးဆုံးတယ်ဆိုရင် သင်လည်း အဲဒီလိုဖြစ်နိုင်ခြေ ၇၀-၈၅ ရာခိုင်နှုန်းရှိပါတယ်။ သွေးဆုံးချိန်ရောက်တဲ့ပျှမ်းမျှအသက်အရွယ်က ၅၁ နှစ်ပါ။ ဒါပေမဲ့ (၄၆) နှစ်မတိုင်ခင် သွေးဆုံးတာတွေလည်းရှိပါတယ်။ သွေးဆုံးချိန်စောတာကို ကြိုတင်ကာကွယ်ဖို့ သင်လုပ်နိုင်တဲ့အရာ ဘာမှမရှိပါဘူး။ ဒါပေမဲ့ ဆရာဝန်နဲ့ တွေ့ဆုံပြီး အကြံဉာဏ်တောင်းကြည့်လို့ရပါတယ်။

Ref: Six health conditions you can inherit from your mother

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top