ONE Warrior Series 9 မှ စိတ်ဝင်စားဖွယ် အကောင်းဆုံး တွဲဆိုင်း ၄ ခု

yyl-029-1.jpg

အရည်အသွေးရှိသည့် မျိုးဆက်သစ်၊ ရွက်ပုန်းသီး ကစားသမားများကို ONE Championship ပြိုင်ပွဲကြီးသို့ တက်လှမ်းနိုင်ရန် အခွင့် အလမ်းများ ဖန်တီးပေးနေသည့် Rich Franklin ၏ ONE Warrior Series 9 ပြိုင်ပွဲကြီး ယခု ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပ တော့မည်ဖြစ်သည်။ ယခုနှစ်အတွင်း နောက်ဆုံးကျင်းပသည့် OWS ပြိုင်ပွဲ ဖြစ်သည်နှင့်အညီ တစ်နှစ်တာ အကောင်းဆုံး လက်စွမ်းပြ ခဲ့ကြသူတို့၏ တွဲဆိုင်းများကို မြင်တွေ့ခွင့်ရမည် ဖြစ်သော ယင်းပြိုင်ပွဲကြီးမှ စိတ်ဝင်စားဖွယ် တွဲဆိုင်းအချို့ကို ထုတ်နုတ် တင်ပြ လိုက်ရပါသည်။

(၁) Min Jong Song နှင့် Micael De Jesus

အဓိကခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် တောင်ကိုရီးယားသား Min Jong “Double Hearts” Song နှင့် ဘရာဇီးလ်သား Micael De Jesus တို့၏ပွဲမှာ စိတ်ဝင်စားဖွယ် အကောင်းဆုံး တွဲဆိုင်းတစ်ခု ဖြစ်သည်။ တောင်ကိုရီးယား ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ Road FC တွင် ဖလိုင်းဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့သူ Min Jong သည် ၂ဝ၁၂ ခုနှစ်က ONE Championship ပြိုင်ပွဲ တစ်ပွဲပင် ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးသူ ဖြစ်သည်။ အသက် ၂၈ နှစ် ရှိသူ မင်ဂျောင်သည် လက်ရှိတွင် အကောင်းဆုံးလက်စွမ်းနှင့် လုံလောက်သည့် အတွေ့အကြုံများ ရှိနေပြီ ဖြစ်ကာ OWS တွင်လည်း နှစ်ပွဲဆက်တိုက် အနိုင်ရထားသည်။

၎င်းနှင့် ရင်ဆိုင်ရမည့် Micael မှာ OWS တွင် ပထမဆုံး ပွဲဦးထွက် ယှဉ်ပြိုင်ရမည့်သူ ဖြစ်ပြီး ယခင်က ဘရာဇီးလ် ပြည်တွင်း ပြိုင်ပွဲများ တွင်လှည့်လည် ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။ ကစားသမား ဘဝ တစ်လျှောက် ပွဲပေါင်း ၁၁ ပွဲ ယှဉ်ပြိုင်ခဲ့ဖူးပြီး ၈ ပွဲနိုင် ၃ ပွဲရှုံး ရလဒ် ပိုင်ဆိုင် ထားသည်။ Micael သည် ဘရာဇီး ဂျူဂျစ်ဆု ပညာကို ကျွမ်းကျင်စွာ တတ်မြောက်သူ ဖြစ်ပြီး ၎င်း၏ နိုင်ပွဲ ၈ ပွဲ အနက် ၄ ပွဲကို မြေပြင် ချုပ်ကွက် ဖြင့် အနိုင်ယူထားသူ ဖြစ်သည်။ ပြိုင်ဘက် ကစားသမား Min Jong မှာလည်း ကစားပေါက် စုံလင်ပြီး ပြိုင်ဘက်ထံမှ အမှတ် ရအောင် ယူတတ်သူ ဖြစ်သဖြင့် ၎င်းတို့ တွေ့ဆုံမှုတွင် မည်သည့် ရလဒ် ထွက်ပေါ်မည် ဆိုသည်ကို စိတ်ဝင်စားဖွယ် ကောင်းလှသည်။

(၂) Carlos Prates နှင့် Joseph Luciano

ခေါင်ပွဲ မတိုင်ခင် နောက်ဆုံး ကစားမည့်ပွဲ ဖြစ်သော ဘရာဇီးသား Carlos “Carlao” Prates နှင့် သြစတြေးလျသား Joseph Luciano တို့၏ ပွဲကလည်း စိတ်ဝင်စားဖွယ် ကောင်းသည့် ပွဲတစ်ပွဲ ဖြစ်သည်။ အသက် ၂၅ နှစ် ရှိသူ Prates သည် ငယ်စဉ် ကတည်းက ကိုယ်ခံ ပညာကို အရူးအမူး စွဲလမ်းသူဖြစ်ပြီး အသက် ၁၈ နှစ် ကတည်းက ပရော်ဖက်ရှင်နယ် တစ်ဦးအဖြစ် ဘရာဇီး ပြည်တွင်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နေသူ ဖြစ်သည်။ လွန်ခဲ့သည့် ၃ နှစ်မှ စတင်ကာ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ အခြေချခဲ့ပြီး ယင်းနောက်ပိုင်း ယှဉ်ပြိုင်သမျှ ပွဲတိုင်းနိုင် ခဲ့သည်။ နောက်ဆုံး ကစားခဲ့သည့် OWS ပြိုင်ပွဲတွင်မှ သုံးနှစ်အတွင်း ပထမဆုံး ရှုံးပွဲ တွေ့ကြုံ ခဲ့ရသည်။

Luciano မှာမူ အပျော်တမ်း ကစားသမား ဘဝဖြင့် နောက်ဆုံး ၃ နှစ်အတွင်း ပွဲပေါင်း ၁၆ ပွဲခန့် ယှဉ်ပြိုင် ခဲ့ဖူးသူ ဖြစ်သော်လည်း ပရော် ဖက်ရှင်နယ် ဘဝတွင် OWS ပြိုင်ပွဲ တစ်ပွဲသာ ယှဉ်ပြိုင်ခဲ့ဖူးသည်။ သို့သော် ယင်းပွဲဦးထွက် ပွဲတွင်ပင် ၎င်းထက် များစွာ ပရော်ဖက်ရှင်နယ် အတွေ့အကြုံ ရင့်ကျက်သည့် ဂျပန်နိုင်ငံသား Koji “Animal” Shikuwa ကို အနိုင်ယူ ထားသူဖြစ်ရာ Luciano ၏ လက်စွမ်းကို လျှော့တွက်၍ မရနိုင်ပေ။ ကစားသမား နှစ်ဦးစလုံးသည် ONE Championship သို့ တက်ရောက် ယှဉ်ပြိုင်နိုင်သည့် လက်စွမ်းမျိုး ရှိသူများ ဖြစ်သဖြင့် စိတ်ဝင်စားဖွယ် ပွဲကောင်း တစ်ပွဲ ဖြစ်လာမည် ဖြစ်သည်။

(၃) Ji Yeon Seo နှင့် Rocel Catalan

နောက်ထပ် စိတ်ဝင်စားဖွယ် ပွဲကောင်း တစ်ပွဲမှာ အမျိုးသမီး တွဲဆိုင်း တစ်ခု ဖြစ်သည့် ကိုရီးယား အားကစားမယ် “Honey Bee” Ji Yeon Seo နှင့် ဖိလစ်ပိုင် အားကစားမယ် Rocel “The Ilongga” Catalan တို့၏ ပွဲဖြစ်သည်။ တောင်ကိုရီးယား၏ အလားအလာ အရှိဆုံး လူငယ် ကစားသမား တစ်ဦး ဖြစ်သည့် Seo သည် အသက် ၁၈ နှစ်သာ ရှိသေးသူ ဖြစ်သည်။ အသက် အရွယ်နှင့် မလိုက်အောင် အတွေ့ အကြုံများသည့် Seo သည် ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတစ်လျှောက် ပွဲပေါင်း ၁ဝ ပွဲ ယှဉ်ပြိုင်ခဲ့ကာ ၆ ပွဲနိုင် ၄ ပွဲရှုံး ရလဒ် ရရှိထားသည်။ ထို့ပြင် Seo သည် ကနေဒါ နိုင်ငံ၏ TFC ပြိုင်ပွဲ စတောဝိတ်တန်းတွင် ထိပ်တန်း ကစားသမားလည်း ဖြစ်သည်။

ONE Championship တွင် မောင်နှမ ကစားသမားများ ရေပန်းစား နေသည့် အချိန် OWS ပြိုင်ပွဲတွင်လည်း ဖိလစ်ပိုင်မှ Olsim မောင်နှမ ကဲ့သို့ အတွဲလိုက် ယှဉ်ပြိုင်နေ သူများ ရှိကြသည်။ ယခုပွဲတွင် နောက်ထပ် OWS ကြိုးဝိုင်းထဲ ဝင်လာသူမှာ ဝူရှူး ကမ္ဘာ့ချန်ပီယံ ၄ ကြိမ် ဖြစ်ဖူးသည့် Rene Catalan ၏ ညီမ Rocel ဖြစ်သည်။ Catalan ညီအစ်ကိုများသည် ONE Championship ပြိုင်ပွဲတွင် လက်စွမ်းပြနေ သကဲ့သို့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကထဲ ယခုမှ စဝင်လာသည့် Rocel သည်လည်း မည်မျှအထိ လက်စွမ်း ပြနိုင်မည်ကို Seo နှင့် အစမ်းသပ် ခံရမည် ဖြစ်သည်။

(၄) Uyan Ha နှင့် Kristy Obst

OWS 9 ပြိုင်ပွဲတွင် စိတ်ဝင်စားဖွယ် အမျိုးသမီး တွဲဆိုင်း အများအပြား ပါဝင်သည့် အနက် နောက်ထပ် အကြိတ်အနယ် ရှိမည့် ပွဲတစ်ပွဲမှာ သြစတြေးလျ-ဗီယက်နမ် အားကစားမယ် Uyen Ha နှင့် သြစတြေးလျ အားကစားမယ် Kristy “KO” Obst တို့၏ တွဲဆိုင်း ဖြစ်သည်။ ဗီယက်နမ် မိဘများက သြစတြေးလျ နိုင်ငံတွင် မွေးဖွားခဲ့သည့် Uyen Ha သည် အသက် ၂ဝ ကျော်မှ ကိုယ်ခံပညာကို စတင် လေ့လာ သင်ယူခဲ့သူ ဖြစ်သော်လည်း ၎င်း၏ ပညာရေး ထက်ပင် ပိုမို စွဲလမ်းခဲ့သဖြင့် ကျောင်းတစ်ဘက် နှင့်ပင် ထိုင်းနိုင်ငံသို့ သွားကာ ကိုယ်ခံပညာကို သင်ယူခဲ့သူ ဖြစ်သည်။ OWS တွင် ၂ ပွဲ ကစားခဲ့ပြီးချိန်၌ ၂ ပွဲစလုံးကို အလဲထိုး/ဒိုင်ပွဲရပ်ဖြင့် အနိုင်ရထားသူ Uyan Ha သည် ONE Championship သို့ တက်ရောက်ခွင့် ရရန် အလားအလာ ကောင်းနေသူ ဖြစ်သည်။

သြစတြေးလျသူ Obst သည်လည်း OWS ပြိုင်ပွဲမှတဆင့် ပရော်ဖက်ရှင်နယ် အားကစား လောကထဲ ဝင်လာသူ ဖြစ်သော်လည်း ပွဲဦးထွက် ပွဲတွင် ပြိုင်ဘက်ကို အလဲထိုး/ဒိုင်ပွဲရပ် ရလဒ်ဖြင့် အနိုင်ယူ နိုင်ခဲ့သူ ဖြစ်သည်။ အပျော်တမ်း ကစားသမား ဘဝ တွင်လည်း တစ်ပွဲသာ ရှုံးနိမ့်ခဲ့ဖူးသူ Obst သည် ၎င်း၏ ဒုတိယမြောက် ပွဲတွင် နိုင်ငံတူ ကစားသမား Uyen Ha နှင့် ရင်ဆိုင်ရခြင်းက အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပွဲတစ်ပွဲ ဖြစ်လာစေမည် ဖြစ်သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲ ဝင်ကာစ တက်သစ်စ ကစားသမား နှစ်ဦး ထိပ်တိုက် တွေ့ခြင်းက စိတ်ဝင်စားဖွယ် ပွဲကောင်းတစ်ပွဲ ဖြစ်လာစေမည် ဖြစ်သည်။

ONE: Mark Of Greatness ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားကွင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းတိုင်းရင်းသား ကစားသမား ထီရယ်ထန်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို မြန်မာစံတော်ချိန် ၄း၃၀ နာရီ၌ Skynetsport HD, SkynetSport 3 နှင့် MNTV (Free to Air) တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top