ONE: Fire and Fury မှ စိတ်ဝင်စားဖွယ် အကောင်းဆုံး တွဲဆိုင်း ၄ တွဲ

yyl-015-18.jpg

ONE Championship ပြိုင်ပွဲကြီးသည် ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာတွဲဆိုင်းများကို ပရိသတ်များထံ တင်ဆက်ပေးလျှက်ရှိရာ လာမည့် ဇန်နဝါရီ ၃၁ ရက်၌လည်း ONE: Fire & Fury ပြိုင်ပွဲကြီးကို စီစဉ်တင်ဆက်ဦးမည်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပပြုလုပ်မည့် အဆိုပါ ပြိုင်ပွဲကြီးတွင် တွဲဆိုင်းပေါင်း ၁၁ တွဲအထိပါဝင်ပြီး အာရှနှင့် ကမ္ဘာ့တစ်လွှားမှ ထိပ်တန်း ကစားသမားများ လက်စွမ်းပြ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းပြိုင်ပွဲမှ စိတ်ဝင်စားဖွယ် အကောင်းဆုံး တွဲဆိုင်း ၄ တွဲ အကြောင်း ဖော်ပြလိုက်ရပါသည်။

၁။ ကမ္ဘာ့ချန်ပီယံဟောင်းများ တွေ့ဆုံမှု

ဖိလစ်ပိုင် နိုင်ငံတွင် Eduard “Landslide” Folayang ကို ခေတ်တစ်ခုကို ထူထောင်နိုင်ခဲ့သည့် ကစားသမားဟု ပြောနိုင်သည်။ အသက် ၃၅ နှစ် ရှိပြီဖြစ်သည့် Folayang သည် ကစားသမားကောင်းများ ပေါများသည့် ONE လိုက်ဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို နှစ်ကြိမ်တိုင်တိုင် ရယူခဲ့ဖူးသည့် ကစားသမား ဖြစ်သည်။ ထို့ထက်ပို၍ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ၎င်း၏ နောက်ခံဇာတ်လမ်းဖြင့် ပရိသတ်များကို စိတ်ဓာတ်တက်ကြွအောင် နှိုးဆော်ပေးနိုင်ခြင်းဖြစ်သည်။ ဖိလစ်ပိုင် မြို့ငယ်လေးတစ်မြို့မှ ဆင်းရဲ နွမ်းပါးသည့် လူငယ်ကျောင်းဆရာ တစ်ဦးဘဝမှနေ၍ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သည့် Folayang ၏ ဇာတ်လမ်းသည် ကြားရသူတိုင်းကို စိတ်ဓာတ်ခွန်အား ပေးနိုင်ခဲ့သည်။

၎င်း၏ ပြိုင်ဘက်ပါကစ္စတန် ကစားသမား Ahmed “Wolverine” Mujtaba ကလည်း Folayang နှင့် နောက်ခံအခြေအနေချင်းများစွာ ကွာခြားမှုမရှိသူဖြစ်သည်။ ဖခင်မရှိဘဲ မိခင်တစ်ဦးတည်း၏ ရှာဖွေကျွေးမွေးမှုဖြင့် မောင်နှမ ၃ ယောက် ရုန်းကန်ခဲ့ရသည့် ငယ်ဘဝမှ WFL ပြိုင်ပွဲ၏ ကမ္ဘာ့ချန်ပီယံအဆင့်အထိ ရောက်ရှိအောင် အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရသည်။ ဘဝနာခဲ့သည့် ချန်ပီယံဟောင်း နှစ်ဦး ထိပ်တိုက်တွေ့မှုသည် ပရိသတ်အတွက် စိတ်ဝင်စားဖွယ် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖွယ် ရှိနေသည်။ Mujtaba က Folayang ထက် ၉ နှစ် ပိုငယ်သော်လည်း ဖယ်သာဝိတ်တန်းမှ တက်လာသည့် ကစားသမား ဖြစ်သည့်အတွက် ဝါသမ္ဘာရော၊ ကိုယ်အလေးချိန် အရပါ အသာစီးရနေသည့် Folayang အိမ်ရှင် ပရိသတ်ရှေ့တွင် ရလဒ်ကောင်း နိုင်ဖွယ် ရှိသည်။

၂။ အကောင်းဆုံး မွေထိုင်းတွဲဆိုင်း

ONE ဖလိုင်းဝိတ်တန်း Kickboxing ချန်ပီယံဟောင်း Petchdam “The Baby Shark” Petchyindee Academy သည် ပြီးခဲ့သည့် နှစ်အတွင်းက ကမ္ဘာ့ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ၃ လသာ ထိန်းသိမ်းနိုင်ခဲ့ပြီး ပထမဆုံး ချန်ပီယံ ကာကွယ်ပွဲ တွင်ပင် ပြန်လည် လက်လွှတ်ဆုံးရှုံး ခဲ့ရသည်။ ၎င်း၏လက်စွမ်း အပြင် ထူးခြားသော ပွဲထွက် ဖျော်ဖြေမှုများကြောင့်ပါ လူသိများသည့် Petchdam သည် WBC ကမ္ဘာ့ချန်ပီယံ၊ Lumpinee အားကစားကွင်း ချန်ပီယံနှင့် Toyota မာရသွန် ရှုံးထွက် ချန်ပီယံ ခါးပတ်များ သိမ်းပိုက် နိုင်ခဲ့သူ ဖြစ်သော်လည်း ONE တွင် ၎င်း၏ လက်စွမ်းကို ထပ်မံ သက်သေပြရန် လိုအပ်နေသည်။

Petchdam ကဲ့သို့ပင် ဂျပန်နိုင်ငံ၏ WBC ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် Momotaro “Momotaro” မှာ ONE Championship တွင် ၃ ပွဲ ကစားပြီး ၂ ပွဲနိုင် ၁ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသည်။ အသက် ၂ဝ ကတည်းက ကိုယ်ခံပညာ အားကစား လောကထဲ ဝင်ခဲ့သူ Momotaro သည် ကမ္ဘာအနှံ့တွင် မွေထိုင်းနှင့် Kickboxing ပြိုင်ပွဲများ လှည့်လည် ယှဉ်ပြိုင်ပြီး ရလဒ်ကောင်းများ ရရှိထားသူလည်း ဖြစ်သည်။ လက်ရှိ ONE ဖလိုင်းဝိတ်တန်းတွင် Jonathan Haggerty ကို နှစ်ခါပြန် အနိုင်ယူပြီး လက်စွမ်းပြ နေသည့် ချန်ပီယံ Rodtang Jitmuangnon ကို စိန်ခေါ်ခွင့် ရရန် ယခုပွဲက အဆုံးအဖြတ် ဖြစ်နိုင်သဖြင့် ကစားသမား နှစ်ဦးစလုံး လက်စွမ်းပြ ယှဉ်ပြိုင်ကြမည့် ပွဲတစ်ပွဲ ဖြစ်သည်။

၃။ Juniku အတွက် ဒုတိယ အခွင့်အရေး

သြစတြေးလျသူ မိန်းမချောလေး Alma Juniku သည် ONE Championship တွင် တစ်ပွဲသာ ယှဉ်ပြိုင်ခွင့် ရသေးသော်လည်း လူသိများသည့် ကစားသမား စာရင်းတွင် မြန်မြန်ဆန်ဆန်ပင် ပါဝင်လာခဲ့သည်။ Juniku သည် ONE ၏ အမျိုးသမီး ကိုယ်ခံပညာရှင်များ ပါဝင် တင်ဆက်သည့် Who Runs The World အစီအစဉ် တွင်လည်း ပင်တိုင်ပါဝင်သူ ဖြစ်သဖြင့် ယခုကဲ့သို့ နာမည်ကြီး လာခြင်း ဖြစ်သည်။ ၎င်း၏ ပထမဆုံး ONE Championship ပွဲမှာ မွေထိုင်း ဘုရင်မ Stamp Fairtex နှင့် ချန်ပီယံ စိန်ခေါ်ပွဲဖြစ်ပြီး ၅ ချီ လုံးလုံး အကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှ အမှတ်ဖြင့် ရှုံးနိမ့်ထားခြင်း ဖြစ်သဖြင့် လက်စွမ်းကို လျှော့တွက်၍ မရသည့် ကစားသမား ဖြစ်သည်။

၎င်း၏ပြိုင်ဘက် ONE Championship မျက်နှာသစ် နော်ဝေ ကစားသမား Anne “Ninja Line” Line Hogstad မှာ နော်ဝေနှင့် စကင်ဒီနေးဗီးယန်း ဒေသတစ်ဝိုက်တွင် ကျော်ကြားသူ တစ်ဦးဖြစ်သည်။ ISKA မွေထိုင်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ၂ ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးသည့် Hogstad သည် ငယ်စဉ်က ကျွမ်းဘား ကစားသမား တစ်ဦး ဖြစ်သဖြင့် အံ့သြဖွယ် ကောင်းလောက်အောင်

ပျော့ပြောင်းသည့် ခန္ဓာကိုယ် မျိုးကို ပိုင်ဆိုင်သည်။ ယင်းခန္ဓာကိုယ်နှင့် မွေထိုင်းပညာကို ပေါင်းစပ်ကာ နင်ဂျာတစ်ဦးပမာ မယုံနိုင် ဖွယ်ရာများ လုပ်ပြတတ်သူ ဖြစ်သဖြင့် Hogstad သည် Juniku အတွက် ခက်ခဲသည့် ပြိုင်ဘက် ဖြစ်လာမည် ဖြစ်သည်။

၄။ လူငယ်နှစ်ဦး၏ ပေါက်ကွဲအား ပြိုင်ဆိုင်မှု

ONE Championship သည် ဒေသတွင်း လက်စွမ်း ထက်မြက်သည့် လူငယ်ကစားသမား များကိုလည်း ကြိုးဝိုင်းအတွင်း ပါဝင်ယှဉ်ပြိုင်ခွင့်ပေးကာ မွေးထုတ်လျက် ရှိသည်။ ဖိလစ်ပိုင် ကစားသမား Lito “Thunder Kid” Adiwang နှင့် ထိုင်းလူငယ် Pongsiri “The Smiling Assassin” Mitsatit တို့သည် ယင်းသို့ ပေါ်ထွက်လာသည့် လက်စွမ်းထက် လူငယ်ကစားသမား နှစ်ဦးဖြစ်သည်။ နှစ်ဦးစလုံး လုံလောက်သည့် ပွဲအရေအတွက် ကစားခဲ့ကြပြီး ဖြစ်သလို အကောင်းဆုံး အသက်အရွယ် ရောက်ရှိနေ ကြသူများလည်း ဖြစ်သည်။

ကစားသမား နှစ်ဦးစလုံး၏ နောက်ခံ အခြေအနေ များကလည်း တစ်ဦးနှင့်တစ်ဦး များစွာ မကွာခြားလှပေ။ Adiwang သည် ဖိလစ်ပိုင်၏ URCC ပြိုင်ပွဲတွင် လက်စွမ်းပြယှဉ်ပြိုင်ခဲ့ပြီးနောက် ONE Warrior Series သို့ ရောက်ရှိလာခဲ့ပြီး ၎င်း၏ လက်စွမ်းကို သဘောကျ သဖြင့် ONE Championship သို့ စာချုပ်ချုပ်ဆို ခေါ်ယူခံခဲ့ရသူ ဖြစ်သည်။ Mitsatit မှာလည်း ထိုင်းနိုင်ငံ၏ Full Metal Dojo ပြိုင်ပွဲတွင် လက်စွမ်းပြနိုင် ခဲ့သဖြင့် ONE Championship သို့ ရောက်လာခဲ့သူ ဖြစ်သည်။ သို့သော် လတ်တလော လက်စွမ်း အနေအထား အရ နောက်ဆုံး ၆ ပွဲဆက်တိုက် အနိုင်ရထားသည့် Adiwang က နောက်ဆုံး ၅ ပွဲတွင် ၁ ပွဲသာ နိုင်ထားသူ Mitsatit ထက် အသာစီး ရနေပြီး အကြိတ်အနယ် ရှိမည့် ပွဲတစ်ပွဲ ဖြစ်သည်။

ONE: Fire & Fury ပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ ၌ မြန်မာစံတော်ချိန် ၄ နာရီ ၃၀ မိနစ် အချိန်တွင် အစောပိုင်း (Lead Card) တွဲဆိုင်းများကို ONE Championship ၏ Facebook၊ Youtube၊ ONE Super Apps ၊ MNTV နှင့် Skynet Sports 3 တို့တွင် တိုက်ရိုက်ကြည့်ရှူ့နိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top