“နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖန်တီးမှုပြိုင်ပွဲကြီး၏ ဆန်ခါတင် ရွေးချယ်ခံရသူများစာရင်း ထွက်ရှိလာ

Team-B6_One-of-Top-Ten-Finalists.jpg

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် – လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် ပထမဦးဆုံးအကြိမ် မဲပေးရမည့် မဲဆန္ဒရှင်များအား ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်လိုသည့် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လှုပ်ရှားမှု အစီအစဉ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်ခဲ့သည့် “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖန်တီးမှုပြိုင်ပွဲကြီး၏ ဆန်ခါတင် (၁၀) ဦးအား International Foundation for Electoral Systems (IFES) မှ ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။ အကဲဖြတ်ဒိုင်များဖြစ်ကြသော ဥက္ကဦးသာ၊ အားတီနှင့် မိစန္ဒီတို့မှ ပြိုင်ပွဲဝင်သီချင်းများအတွင်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွင်း လူငယ်များ တစ်တပ်တစ်အား ပါဝင် လာကြစေရေး တိုက်တွန်းအားပေးနိုင်ရန် ဖန်တီးထားမှု၊ သီချင်းရေးသား ဖွဲ့စည်းပုံနှင့် တင်ဆက်မှုစွမ်းရည်များအပေါ် မူတည်၍ မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားမှ ဆန်ခါတင် (၁၀) ဦးအား ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့အတွင်း ပြိုင်ပွဲဝင်သီချင်းများ ပေးပို့ရမည့် အချိန်ကာလအတွင်း ရာပေါင်းများစွာသော သီချင်းများ လက်ခံရရှိခဲ့ပါသည်။ ပြိုင်ပွဲဝင်များမှာ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည်ကို တွေ့ရသောကြောင့် ပြိုင်ပွဲကြီး၏ အားလုံး အတူတကွ ပါဝင်နိုင်မှုကို ထင်ဟပ်ပြသနိုင်ခဲ့ပြီး ဂီတအနုပညာဖြင့် လူငယ်များကို အားပေးတိုက်တွန်းလိုသော အစီအစဉ်၏ ချဉ်းကပ်မှုနည်းလမ်း မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါသည်။

ဆန်ခါတင် (၁၀) ဦးသည် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ရှိသူများ ဖြစ်ကြသည်။ ဆန်ခါတင် ရွေးချယ်ခံရသူများ အားလုံးမှာ ဂီတပြိုင်ပွဲကြီး၏ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း မည်သည့်ပါတီကိုမှ ဘက်လိုက်ခြင်းမရှိသည့် မူရင်း တေးသီချင်းများကို ပေးပို့ယှဉ်ပြိုင်ခဲ့ကြပါသည်။ ၎င်းတို့၏ သီချင်းစာသားများတွင် လူငယ်များ မဲပေးကြရန် တိုက်တွန်းထားပြီး ဒီမိုကရေစီစနစ်တွင် တစ်ဦးချင်းစီ၏ မဲများသည် အလွန်အရေးပါသည်ဆိုသော သတင်းစကားကို ရှင်းရှင်းလင်းလင်း ပုံဖော်ပြသနိုင်သည့် စာသားများပါရှိပါသည်။ သီချင်းများကို pop ၊ rock နှင့် Hip Hop အစရှိသဖြင့် အမျိုးမျိုးသော ဂီတအမျိုးအစားများဖြင့် ရေးဖွဲ့ထားကြပါသည်။

*ဆန်ခါတင် (၁၀) ဦးနှင့် ပတ်သက်ပြီး အသေးစိတ်အကြောင်းအရာများကို နောက်ဆက်တွဲ ဇယားတွင် ကြည့်ရှုနိုင်ပြီး ၎င်းတို့မှ ပေးပို့ယှဉ်ပြိုင်ထားသော သီချင်းဗီဒီယိုများကို https://bit.ly/352hl2L တွင် ကြည့်နိုင်ပါသည်။

ရွေးချယ်ခံရသည့် ဆန်ခါတင် (၁၀) ဦး၏ ဗီဒီယိုများကို First Time Youth Voters For 2020 Facebook စာမျက်နှာတွင် တင်ပေးထားမည်ဖြစ်ပြီး အများပြည်သူ မဲပေးနိုင်ရန်အတွက် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့အထိ ခွင့်ပြုထားမည် ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် မိမိကြိုက်နှစ်သက်သော ပြိုင်ပွဲဝင်၏ သီချင်းကို (Share) ပါက ၃ မှတ်၊ ‘Heart’ နှင့် ‘Care’ ပးပါက ၂ မှတ်၊ ‘Like’ ပေးပါက ၁ မှတ် စသည့်ဖြင့် မဲပေးနိုင်ပါသည်။ မိမိနှစ်သက်သည့် သီချင်းကို မဲပေးနိုင်သည့် အကြိမ်အရေအတွက်အား ကန့်သတ်ထားခြင်း မရှိပါ။

“နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖန်တီးမှုပြိုင်ပွဲကြီး၏ အနိုင်ရရှိသူ (၃) ဦးအား အများပြည်သူ၏ မဲပေးသည့် အမှတ်များဖြင့် ဆုံးဖြတ်ရွေးချယ်သွားမည်ဖြစ်ပြီး အနိုင်ရရှိသူများအား မူရင်းသီချင်း အသစ်တစ်ပုဒ် ဖန်တီးနိုင်ရန်အတွက် ဂီတပညာရပ်ဆိုင်ရာ သင်ကြားပေးမည်ဖြစ်ပြီး သီချင်းသစ်ကို ပညာရှင်အဆင့် အသံသွင်း၊ တည်းဖြတ်ပြီးနောက် အွန်လိုင်းဂီတ ပလက်ဖောင်းတစ်ခုမှတဆင့် ဖြန့်ချိပေးသွားမည် ဖြစ်သည်။ ထို့အပြင် အနိုင်ရရှိသူ (၃) ဦးသည် အဆိုပါ သီချင်းသစ်အတွက် ဂီတဗီဒီယိုတစ်ခု ဖန်တီးနိုင်မည့် အခွင့်အရေးကိုလည်း ရရှိကြမည် ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဂီတဖန်တီးမှုပြိုင်ပွဲကြီး ကျင်းပနေသည့် ကာလတလျှောက် အပိုင်း (၁၂) ပိုင်း ပါဝင်သော အခန်းဆက် စကားဝိုင်းအစီအစဉ်တစ်ခုကို First Time Youth Voters For 2020 Facebook စာမျက်နှာ မှတစ်ဆင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၉ ရက်နေ့အတွင်းနှင့် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့များ အတွင်း တင်ဆက်ပြသသွားမည် ဖြစ်ပါသည်။ အွန်လိုင်းစကားဝိုင်းများတွင် ပြည်တွင်းရှိ နာမည်ကြီးပုဂ္ဂိုလ်များမှ မဲပေးသူများ သိသင့်သည့် အကြောင်းအရာများနှင့် အသိပညာပေးစည်းရုံးရေး အကြောင်းအရာများကို ပါဝင်ဆွေးနွေးကြမည် ဖြစ်ပါသည်။ ဆွေးနွေးမည့် အကြောင်းအရာများအတွင်း မဲစာရင်း စစ်ဆေးခြင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် တရားဝင် သတင်းအချက်အလက်များ ရှာဖွေနိုင်သည့် နေရာများ၊ ရွေးကောက်ပွဲကာလအတွင်း သိထားသင့်သည့် ဒစ်ဂျစ်တယ် နားလည်တတ်မြောက်မှု၊ ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ပါဝင်ရန် အကြံပြုချက်များ စသည်တို့ကို ထည့်သွင်းဆွေးနွေးမည် ဖြစ်ပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်သည့် ဂီတပြိုင်ပွဲကြီး၏ အနိုင်ရရှိသူ (၃) ဦးအား “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” အွန်လိုင်းစကားဝိုင်းအခန်းဆက်၏ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် တင်ဆက်သွားမည့် အထူးအစီအစဉ်တွင် ကြေညာပေးမည် ဖြစ်ပါသည်။ အနိုင်ရရှိသူ (၃) ဦးအား မကြေညာမီ ဆန်ခါတင် (၁၀) ဦး၏ သီချင်းများအား အောက်တိုဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် ထုတ်လွှင့်သွားမည့် စကားဝိုင်းအစီအစဉ်များတွင် ထည့်သွင်းပြသ ပေးသွားမည် ဖြစ်သည်။

ကိုဗစ်-၁၉ ကာလအတွင်း ပထမဆုံးအကြိမ် မဲပေးမည့် မဲဆန္ဒရှင်များအတွက် အရေးကြီးသည့် အချက်အလက်များ

လတ်တလော ကြုံတွေ့နေရသော ကိုဗစ်-၁၉ အခြေအနေများသည် ပုံမှန် ရွေးကောက်ပွဲများကဲ့သို့ မဲရုံသို့ လာရောက် မဲထည့်ရန် အခက်အခဲ ရှိလာနိုင်ပါသည်။ လူငယ်များ အားလုံးအနေဖြင့် ၎င်းတို့၏ မဲများသည် နောက်ငါးနှစ်အကြာ ၎င်းတို့၏အနာဂတ်အား သိသိသာသာ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရှိထားရန် လိုအပ်သလို မဲပေးရာတွင် မိမိ၏ ဘေးကင်းလုံခြုံရေးကိုလည်း ဂရုပြုရန် မမေ့လျှော့သင့်ပါ။ UEC အနေဖြင့်လည်း ကူးစက်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း မဲရုံတစ်ခုချင်းစီ၌ မဲပေးရန် တန်းစီရာတွင် တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေးအတိုင်း ခွာနေစေခြင်း၊ မဲရုံရှိ လုပ်အားပေးများအတွက် အကာအကွယ် ပစ္စည်းများနှင့် လက်သန့်ဆေးများ ထားရှိပေးခြင်း စသည်ဖြင့် ရွေးကောက်ပွဲတွင် ပါဝင်မည့် ပြည်သူအားလုံး ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်ရေး အစီအမံများ ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

တစ်နိုင်လုံးအတိုင်းအတာဖြင့် ပြုလုပ်မည့် ‘နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ’ ဂီတဖန်တီးမှုပြိုင်ပွဲကြီးနှင့် တိုက်ရိုက် ထုတ်လွှင့်မည့် အွန်လိုင်းစကားဝိုင်းများအကြောင်း သိရှိလိုပါက www.facebook.com/FirstTimeYouthVotersFor2020 တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top