စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုမှုဆိုင်ရာဆောင်ရွက်ချက်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ပံ့ပိုးမြှင့်တင်ပေးမည့် စီမံကိန်းသစ်တစ်ရပ်အား Building Markets မှစတင်ဆောင်ရွက်သွားမည်

Image_3.jpg

Building Markets သည် အလုပ်အကိုင်ဖန်တီးမှု၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဆောင်ရွက်နေသည့် အကျိုးအမြတ်အတွက်မရည်ရွယ်သောအဖွဲ့အစည်းဖြစ်ပြီး ၎င်း၏စီမံကိန်းသစ်ကို စတင်ဆောင်ရွက်ရန် ကမ္ဘာ့ပတ်ဝန်းကျင်နေ့တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးရှိ Mercure Hotel ၌ စတင်မိတ်ဆက်ခဲ့သည်။ Building Markets သည် The Coca-Cola Foundation ၏ အကူအညီဖြင့် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုမှုလုပ်ငန်းစဉ်များ ဆောင်ရွက်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင်သူပေါင်း (၁၀၀) ကျော်အတွက် တိုးတက်ရေးအခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် စွမ်းရည်မြှင့်တင်ပေးရန် ယင်းလုပ်ငန်းရှင်များနှင့် အနီးကပ်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါအစီအစဉ်အား တရားဝင်စတင်ဆောင်ရွက်ခြင်း မိတ်ဆက်အခမ်းအနားကို “အမှိုက်ကနေရွှေ၊ စွန့်ပစ်ပစ္စည်းမှ တန်ဖိုးတစ်ခုဖန်တီးခြင်း” (‘A Mhike Ka Nay Shwe (Trash to Treasure): Creating Value from Waste’) ဟူသော ခေါင်းစဉ်ဖြင့် ဇွန်လ (၅) ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ပစ်ပစ္စည်းမှပစ္စည်းသစ်ထုတ်လုပ်သူ recycler များ၊ အစိုးရဌာနများမှ တာဝန်ရှိသူများ (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လွှတ်တော်ကိုယ်စား လှယ်များနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီအပါအဝင်)၊ စက်မှုလုပ်ငန်းအဖွဲ့အစည်းများ၊ Coca-Cola နှင့် Building Markets ၏ မိတ်ဖက်များနှင့် အခြားအဖွဲ့အစည်းများ (ဒေသခံလူမှုအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းကာ အများပြည်သူအပန်းဖြေနေရာများ ဖန်တီးပေးလျက်ရှိသော လူမှုရေးလုပ်ငန်းဖြစ်သည့် “ဒို့အိမ်” အပါအဝင်) စသည့် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချသည့်နယ်ပယ်တွင် အဓိကဆောင်ရွက်နေကြသူများ တက်ရောက်ခဲ့ကြသည်။

Building Markets ၏ ယခုစီမံကိန်းတွင် SMEs ကဏ္ဍအတွက်လိုအပ်ချက်များကို ဖြည့်တင်းဆောင်ရွက်နိုင်မည့် သင်တန်းများနှင့် ပညာပေးလမ်းညွှန်မှုများရေးဆွဲရာ၌ ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့များရှိ စီးပွားရေး လုပ်ငန်းပေါင်း (၁၀၀) ကျော်မှ ကောက်ယူရရှိထားသောအချက်အလက်များအပေါ် မူတည် ရေးဆွဲသွားမည်ဖြစ်သည်။ ထိုအဖွဲ့အစည်းသည် စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုမှုလုပ်ငန်းစဉ်များရှိ သတင်းအချက်လက်များကို ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်နှင့် အသုံးပြုနိုင်ခွင့်ရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့် အလားအလာရှိသော အစုစပ်စီးပွားရေးလုပ်ငန်းများနှင့် ဈေးကွက်တီထွင်မှုများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးသွားမည်ဖြစ်သည်။

The Coca-Cola Foundation ၏ အထောက်အပံ့ဖြင့်ဆောင်ရွက်သော ယင်းစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုရေးမြှင့်တင်ပေးသည့်စီမံကိန်းအမျိုးအစားဖြစ်သည်။ “ဒီအမှိုက်ကနေရွှေ၊ စွန့်ပစ်ပစ္စည်းမှ တန်ဖိုးတစ်ခု ဖန်တီးခြင်း” (‘A Mhike Ka Nay Shwe (Trash to Treasure): Creating Value from Waste’) စီမံကိန်းသည် မြန်မာနိုင်ငံလူမှုအဖွဲ့အစည်းတိုးတက်မှုကို ရေရှည်ထောက်ပံ့ပေးနိုင်မည့်စီမံကိန်းတစ်ခုဖြစ်ကာ Coca-Cola ၏ “World Without Waste” လေလွင့် အမှိုက်ကင်းစင်ကမ္ဘာ ဆိုသည့် ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်နှင့်လည်း ချိတ်ဆက်လျက်ရှိပါသည်။ ဒီလေလွင့်အမှိုက်ကင်းစင်ကမ္ဘာ ရည်မှန်းချက်အရ ရောင်းချလိုက်သမျှ ထုတ်ကုန်များ၏ထုပ်ပိုးမှုဖြစ်သော ပုလင်းခွံ၊ သံဗူးခွံများအားလုံးကို ၂၀၃၀ အရောက်တွင် ပြန်လည်အသုံးချနိုင်ရမည်ဟုရည်ရွယ်ထားပါသည်။

စီမံကိန်းမိတ်ဆက်အခမ်းအနားတွင် မြန်မာနိုင်ငံရှိ စွန့်ပစ်ပစ္စည်းများအား ပြန်လည်အသုံးချရေးနယ်ပယ်တွင် အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိသူများ ဝိုင်းဖွဲ့ဆွေးနွေးသည့်စကားဝိုင်းအစီအစဉ်ပါဝင်ခဲ့ပြီး ပွဲတက်ရောက်သူများအား ယင်းစကားဝိုင်းအပြီးတွင် အမှတ် ၃၅၊ ဘားလမ်းရှိ နောက်ဖေးဥယျာဉ်တွင် “ဒို့အိမ်” အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ထားသည့် ပြပွဲသို့လည်း ဖိတ်ကြားပြသခဲ့ပါသည်။ တက်ရောက်သူများ အနေနှင့်လည်း စီမံကိန်းတွင်ပါဝင်သည့်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ရန်၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ခင်းကျင်းပြသမှုများမှတစ်ဆင့် စွန့်ပစ်ပစ္စည်းများ အသစ်တဖန်ပြန်လည်ဖန်တီးအသုံးချရေးခရီးစဉ်တွင် တစ်စိတ်တစ်ဒေသ ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့သည်။

Building Markets သည် စွန့်ပစ်ပစ္စည်းမှ တန်ဖိုးတစ်ခုဖန်တီးရန်ရည်ရွယ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့် ပါဝင်သော အစီအစဉ်ကို တရားဝင်စတင်မိတ်ဆက်ခြင်းအခမ်းအနားအပြီး လအနည်းငယ်အကြာတွင် စတင် ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း Coca-Cola မှဆောင်ရွက်လျက်ရှိသော ရေရှည်တည်တံ့သည့် လူထုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောမိတ်ဖက်အဖွဲ့အစည်းများ

စွမ်းရည် – ၂၀၁၂ ခုနှစ်မှ စတင်ကာ Pact Myanmar နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အမျိုးသမီးစွမ်းရည်မြှင့် အစီအစဉ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသမီး ၃၇,၀၀၀ ကျော်ကို စွမ်းရည်မြှင့်တင် ပေးနိုင်ခဲ့သည်။

တန်ဖိုးရှိတယ် – ဤအစီအစဉ်သည် အချိုရည်ထုပ်ပိုးပစ္စည်းများအား ပြန်လည်အသုံးပြုနိုင်ရေး၊ ထုပ်ပိုးပစ္စည်း ထုတ်လုပ်ခြင်းကို ဆန်းသစ်နိုင်ရေး၊ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုနိုင်ရေး နှင့် ထုပ်ပိုးပစ္စည်းများအား ပြန်လည် အသုံးပြုခြင်းကို မြှင့်တင်ရန် ကမ္ဘာအရပ်ရပ်ရှိ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့အတွက် Coca-Cola ၏ ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ဖြစ်သည့် “World Without Waste” (လေလွင့် အမှိုက်ကင်းစင် ကမ္ဘာတစ်ခွင်) နှင့်အညီ ဖော်ဆောင်သွားမည့် အစီအစဉ်သစ် ဖြစ်ပါသည်။

ကိုကာကိုလာ ‘လက်လီ’ စီးပွားရေး ကျွမ်းကျင်မှုသင်တန်း – နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO) နှင့် မြန်မာနိုင်ငံံ စက်မှုလုပ်ငန်း ဝန်ကြီးဌာန တို့နင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်ဖြစ်ပြီး လက်လီ စီးပွားရေး လုပ်ငန်းရှင်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများကို ပို့ချပေး လျှက် ရှိပါသည်။ ယနေ့အထိ ထိုအစီအစဉ်ကနေ၍ လက်လီ စီးပွားရေးလုပ်ငန်းရှင် နှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၅,၀၀၀ ကျော် ကို သင်တန်းပို့ချပေးပြီး ဖြစ်ပါသည်။

ရေကောင်းရေသန့်ရရှိရေး ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး (WASH) – ၂ဝ၁၅-၂ဝ၁၆ ခုနစ်အတွင်း Coca-Cola Foundation ၏ ထောက်ပံ့မှုရရှိထားသော WASH အစီအစဉ် အား NGOတစ်ခုဖြစ်သည့် Pact Myanmar နှင့်အတူ မှော်ဘီ မြို့နယ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးရွာများအတွက် ရေရရှိရန် အဝီစိတွင်း တူးဖော်ခြင်း၊ အနီးတစ်ဝိုက်ရှိ ကျောင်းများတွင် သန့်စင်ခန်းများ ဆောက်လုပ်ပေးခြင်း၊ ရေသန့်စင်စက်များ တပ်ဆင်ပေးခြင်း တို့ကို ပြုလုပ်ပေးခဲ့ပါသည်။ WASH အစီအစဉ်မှတဆင့် ကျောင်းနေအရွယ် ကလေးငယ် ၁,၀၀၀ အပါအဝင် ရွာသူရွာသား ၁၂,၅၀၀ ကျော် အကျိုးကျေးဇူး ရရှိခဲ့သည်။

သဘာဝဘေးအန္တရာယ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးပံ့ပိုးကူညီမှုများ – မြန်မာနိုင်ငံတွင်သာမက မိမိတို့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်လျှက်ရှိသည့် မည်သည့်နိုင်ငံတွင်မဆို Coca-Cola သည် လူမှုပတ်ဝန်းကျင်အတွက် လိုအပ်ချိန် တိုင်းတွင် ပံ့ပိုးကူညီပေးရန် အမြဲ အသင့်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် ကျွနု်ပ်တို့သည် ၂၀၁၅ ခုနှစ်မှ စတင်ကာ ရေဘေး ကဲ့သို့သော သဘာဝဘေးအန္တရာယ်သင့် ဒေသများအတွက် သောက်ရေသန့် ပုလင်း ၃၅၀,၀၀၀ ကျော်နှင့် အမေရိကန် ဒေါ်လာ ၂၀၀,၀၀၀ ခန့်ကို လှူဒါန်းခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ပံ့ပိုးပေးခဲ့ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top