အငြိမ်းစားမီးသတ်သမားကြီး အလန်ကန့်ဟာ (Alan Kent) လွန်ခဲ့တဲ့ ၂၂ နှစ်က လူနာတင်ယာဉ်ပေါ်မှာ သူကိုယ်တိုင် မွေးဖွားပေးခဲ့တဲ့ မိန်းကလေးငယ်ရဲ့ ဘွဲ့နှင်းသဘင်ပွဲကို မိုင် ၈၀၀ ကျော် ခရီးနှင်ပြီး လာရောက်ဂုဏ်ပြုခဲ့ပါတယ်။
၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတုန်းက ကလိုဝီရဲ့မိခင်ဟာ လမစေ့ဘဲ ရုတ်တရက် ဗိုက်နာလာလို့ အရေးပေါ်ဌာနကို ဖုန်းဆက် အကူအညီတောင်းခဲ့ရပြီး မီးသတ်သမား အလန်ကန့်က အခြေအနေအရ လူနာတင်ယာဉ်ပေါ်မှာပဲ ကလေးငယ်ကို ဘေးကင်းစွာ မွေးဖွားပေးခဲ့တာပါ။ အဲဒီအချိန်ကစပြီး ကလိုဝီရဲ့မိသားစုတွေနဲ့ မီးသတ်သမား အလန်ကန့်တို့ သံယောဇဉ် ချည်နှောင်ခဲ့ကြတာပါ။
အလန်ကန့်က ကလိုဝီကို ကမ္ဘာပေါ်မှာ ပထမဆုံး စတင်ပွေ့ချီပေးခဲ့သူဖြစ်ပြီး ကလိုဝီရဲ့မိသားစုနဲ့ အလန်ကန့်တို့ကြား ကတိတခုလည်း ထားရှိခဲ့ကြပါတယ်။ အဲဒါကတော့ “ဘဝရဲ့ အရေးကြီးတဲ့ မှတ်တိုင်တိုင်းကို အတူတူ ဆင်နွှဲကြမယ်”ဆိုတဲ့ ကတိပါပဲ။
ကလိုဝီရဲ့ မွေးနေ့ပွဲတွေကို မီးသတ်စခန်းမှာ နှစ်စဉ်အတူ ကျင်းပခဲ့သလို၊ မီးသတ်သမားအလုပ်ကနေ အလန်ကန့် အငြိမ်းစားယူတဲ့ပွဲကိုလည်း ကလိုဝီက သွားရောက်ဂုဏ်ပြုခဲ့ပါတယ်။
၂၀၂၆ ခုနှစ်မှာတော့ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ ကလိုဝီက Grand Canyon တက္ကသိုလ်ကနေ ပညာရေးဘွဲ့ကို ရရှိခဲ့ပြီး ကလိုဝီရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်ဖို့အတွက် အငြိမ်းစားမီးသတ်သမားကြီး အလန်ကန့်က ကော်လိုရာဒိုပြည်နယ်ကနေ အာရီဇိုးနားပြည်နယ်အထိ မိုင်ပေါင်း ၈၀၀ ကျော် ခရီးကို ကိုယ်တိုင်ကားမောင်းပြီး လာရောက်ဂုဏ်ပြုခဲ့တာပါ။
“လူ့လောကထဲကို စရောက်လာချိန်မှာ ကျွန်မကို ပထမဆုံး ပွေ့ချီပေးခဲ့တဲ့သူက အခု ကျွန်မ ဘဝရဲ့ အအောင်မြင်ဆုံးနေ့မှာလည်း ဘေးနားမှာအတူ ရှိနေပေးခဲ့ပါတယ်” လို့ ကလိုဝီက ဆိုပါတယ်။ ဒါဟာ စစ်မှန်တဲ့ သံယောဇဉ်ရဲ့ အလှတရားကို ဖော်ကျူးနေတဲ့ ကြည်နူးစရာ အကြောင်းအရာတစ်ရပ်ပဲ မဟုတ်လား။
Ref: Firefighter who delivered baby 22 years ago travels nearly 800 miles to attend her graduation
NZ (ရိုးရာလေး)

