COVID-19 ကူးစက်ခံရပြီး ကိုမာဖြစ်သွားခဲ့တဲ့ (၅) လသားလေး ရောဂါကို ကျော်လွှားနိုင်ခဲ့ပြီ

3-6-2020-yyl-014.jpg

ဘရာဇီးနိုင်ငံက COVID-19 ရောဂါကူးစက်ခံခဲ့ရတဲ့ (၅)လသားလေး Little Dom ဟာ (၃၂) ရက်တာ ကိုမာဖြစ်ပြီးတဲ့နောက်မှာ သူ့မိဘတွေနဲ့ပြန်တွေ့ဆုံခွင့်ရခဲ့ပါပြီ။ ကလေးလေးဟာ မွေးပြီးပြီးချင်း လအနည်းငယ်မှာ ရောဂါကူးစက်ခံရပြီး (၂၂) ရက်တာ ဆေးရုံတက်ကုသမှုခံယူပြီးတဲ့နောက်မှာ ကိုမာဖြစ်သွားခဲ့ရတာပါ။ Little Dom လေးဟာ ဆေးရုံမှာ ကိုမာဖြစ်တာအပါအဝင် (၅၄) ရက် ဆေးကုသမှုခံယူပြီး အသက်ရှုစက်တပ်ထားခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ဖခင် ဝါနာ အန်ဒရာဒီကတော့ သူ့သားလေး ရောဂါကို ကျော်လွှားနိုင်ခဲ့တာက အံ့ဖွယ်ဖြစ်ရပါလို့တောင် ဆိုပါတယ်။

ကလေးလေးက ဆရာဝန်တွေကို ဘတ်တီးရီးယားကူးစက်ခံနေရတယ်လို့ ယူဆသွားစေတဲ့ အသက်ရှုရခက်ခဲတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေပေးတဲ့ဆေးကလည်း အလုပ်မဖြစ်ခဲ့ဘဲ ကလေးလေးက ဖျားနာလာခဲ့ပါတယ်။ အဲဒီနောက်မှာ မိဘတွေက နောက်ထပ်ဆေးရုံတစ်ခုမှာ ရောဂါစမ်းသပ်ဖို့အတွက် ကလေးလေးကို ခေါ်သွားခဲ့တဲ့အခါမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တာပါ။ Little Dom ရဲ့မိဘတွေက ကလေးကို ဗိုင်းရပ်စ်ပိုး ဘယ်လိုကူးစက်ခံလဲဆိုတာကို အဖြေရှာလို့မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ဆွေမျိုးတွေအိမ်ကို သွားလည်ရင်းနဲ့ ဗိုင်းရပ်စ်ပါလာတာဖြစ်နိုင်တယ်လို့တော့ ခန့်မှန်းခဲ့ပါတယ်။

Little Dom လေး အသက်ရှုရအရမ်းခက်ခဲတာကို သူ့မိခင်က သတိပြုမိခဲ့ပြီး ဆရာဝန်ခေါ်ခဲ့ပြီးတဲ့နောက်မှာ ချက်ချင်းပဲ ဆေးရုံတင်ခဲ့ရပါတယ်။ အခုတော့ ကလေးလေးက နှစ်လနီးပါး ဆေးရုံတက်ပြီးနောက် (၆)လပြည့်မွေးနေ့ကို အိမ်မှာ ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။ ဇွန်လ (၁၄) ရက်နေ့မှာ ဗီဒီယို Call ကနေတဆင့် သူ့နဲ့အတူ ဆွေမျိုးတွေက မွေးနေ့ဂုဏ်ပြုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Little Dom ရဲ့ဖခင် ဝါနက “အရင်ဆုံး ကျွန်တော် စိတ်သက်သာရာရခဲ့ပြီး ပြောမပြတက်လောက်အောင် ပျော်ရွင်ခဲ့ရပါတယ်။ ရက် (၅၀) ကျော်ကြာမှ သူ့ကို အိမ်ပြန်ခေါ်သွားနိုင်တော့မှာပါ” လို့ ပြောပါတယ်။

ဘရာဇီးနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးခဲ့ရတဲ့ အသက် (၁) နှစ်အထက်ကလေး (၂၅) ဦးရှိတယ်လို့ ဘရာဇီးရဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ရောဂါဖြစ်ပွားမှုအများဆုံးမြို့ဖြစ်တဲ့ ဆောပိုလိုမြို့မှာတော့ လူ (၃၀,၀၀၀) နီးပါးသေဆုံးနေရပါတယ်။

Ref: Five-month-old ‘miracle’ baby survives coronavirus after 32 days in coma

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top