တစ်ချိန်လုံး ပင်ပန်းနေသလိုခံစားရရင် ဘယ်လိုအားပြန်ဖြည့်မလဲ

15-2-2022-yyl06.jpg

ငွေအများကြီးရှာနိုင်ဖို့ ကြိုးစားအလုပ်လုပ်နေရတဲ့သူအများစုက အလုပ်များတာကြောင့် အလုပ်ထက် ကိုယ့်ကိုကိုယ်အတွက် အချိန်သိပ်မပေးဖြစ်ကြပါဘူး။ အလုပ်တွေအများကြီးလုပ်၊ အနားယူဖို့အတွက် အချိန်နည်းနည်းပေးတာက သင့်ကို အလွန်အမင်းပင်ပန်းတဲ့ခံစားချက်ကို ခံစားရစေနိုင်ပါတယ်။ တစ်ချိန်လုံးပင်ပန်းတာကို နာတာရှည်ပင်ပန်းနွမ်းလျခြင်းလို့လည်း သိကြပြီး ဒီခံစားချက်ကို ထပ်တလဲလဲ ခံစားရကောင်းခံစားရနိုင်ပါတယ်။ တစ်ချိန်လုံး ပင်ပန်းနွမ်းလျသလို ခံစားနေရတယ်ဆိုရင် သင့်ကို ပင်ပန်းနေစေတာက ရုပ်ပိုင်းဆိုင်ရာအလုပ်ကြောင့်မဟုတ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေ ဖြေလျှော့ပစ်ဖို့ လိုလာပါပြီ။ ဒါကြောင့် သင့်ရဲ့စိတ်ခွန်အားတွေ ပြန်ပြည့်လာဖို့အတွက် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

အိပ်ရေဝဝအိပ်စက်ပါ

လူတစ်ယောက်က နေ့တိုင်း အိပ်ချိန် ၈ နာရီ၊ ၁၀ နာရီပြည့်အောင်အိပ်စက်တာက ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုကိုသာမက စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုကိုပါ ကူညီပေးနိုင်ပါတယ်။ နောက်တစ်နေ့ လန်းဆန်းနေစေဖို့လည်း ကောင်းကောင်းအိပ်စက်ဖို့ အရေးကြီးပါတယ်။ အိပ်ရေဝဝအိပ်စက်တယ်ဆိုရင် လန်းဆန်းတက်ကြွစွာနဲ့ အိပ်ရာနိုးထလာနိုင်ပါတယ်။ သင့်ရဲ့အိပ်ချိန်အနှောင့်အယှက်မဖြစ်ဖို့အတွက် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ ဖုန်းလုံးဝမသုံးတဲ့ နည်းလမ်းကို ကြိုးစားကြည့်ပါ။

တစ်ယောက်တည်း သီးသန့်အချိန်ပေးပါ

ပွင့်ပွင့်လင်းလင်းပျော်တတ်တဲ့သူတွေက သူငယ်ချင်းမိတ်ဆွေတွေနဲ့ အပြင်ထွက်လည်တာ၊ စကားပြောတာတွေကနေ သူတို့ရဲ့ခွန်အားတွေကို ရကြပေမဲ့ တသီးတသန့်နေတတ်တဲ့သူတွေကတော့ အဲဒီလိုမနေတတ်ကပါဘူး။ သူတို့ရဲ့ဆုံးရှုံးသွားတဲ့ခွန်အားတွေကို ပြန်ရဖို့အတွက် သူတို့တွေက တစ်ယောက်တည်း အချိန်ပေးဖို့လိုအပ်ပါတယ်။ ခွန်အားပြန်ပြည့်ဖို့ အလုပ်တွေကို ခဏဘေးဖယ်ထားပြီး ကိုယ့်ကိုယ့်ကို သီးသန့်အချိန်ပေးရပါမယ်။

စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ နောက်ထပ်အရာတစ်ခုက စိတ်ဖိစီးမှုပါပဲ။ စိတ်ဖိစီးမှုတာကို လူတိုင်းဖြစ်ကြပေမဲ့ စိတ်ဖိစီးမှုလွန်ကဲတာက စိတ်ပိုင်းဆိုင်ရာပြဿနာရပ်တော်တော်များများကို ဖြစ်စေနိုင်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေလည်း ဖြစ်လာနိုင်ပါတယ်။ နာတာရှည်ပင်ပန်းနွမ်းလျတာက စိတ်ဖိစီးမှုလက္ခဏာရပ်တွေထဲက တစ်ခုပါပဲ။ နေ့တိုင်း ကိုယ့်ကိုယ်ကို စိတ်ဖီစီးမှုတွေ လျော့ချနိုင်ဖို့ အချိန်ပေးပါ။

သီချင်းနားထောင်တာ၊ ပန်းချီဆွဲတာလို ဝါသနာပါတဲ့အလုပ်ကို လုပ်ပါ

သင်က သင့်အလုပ်ကို ဘယ်လောက်နှစ်သက်နှစ်သက် အရမ်းကြီးအလုပ်လုပ်တာက စွမ်းအင်တွေ ကုန်ခန်းစေနိုင်ပါတယ်။ အလုပ်လုပ်တဲ့အချိန်မှာ အလုပ်လုပ်ပြီး သင် ဝါသနာပါတဲ့အလုပ်အတွက်လည်း အချိန်အနည်းငယ်ပေးဖို့ လိုပါတယ်။ စိတ်အပန်းဖြေတဲ့အနေနဲ့ သင် နှစ်သက်တဲ့အရာတစ်ခုခုကို လုပ်တာက သင့်စိတ်နဲ့ ခန္ဓာကို ကုစားပေးနိုင်တဲ့အကျိုးသက်ရောက်မှုတစ်ခုရှိနိုင်ပါတယ်။ ဒါကြောင့် သင့်ဝါသနာပါတဲ့အရာတစ်ခုခုကို လုပ်ဖို့ကြိုးစားပြီး အနည်းဆုံး တစ်ပတ်တစ်ခါလောက် အချိန်ပေးကြည့်ပါ။

ခရီးထွက်ပါ

သင် အမြဲတမ်း ပင်ပန်းသလို ခံစားရတဲ့အကြောင်းအရင်းက ရိုးအီနေတာ၊ အပြောင်းအလဲတွေလိုနေတာ၊ ဖိအားတွေများလွန်းနေတာတွေဖြစ်နိုင်ပါတယ်။ သင် ချစ်ခင်ရသူတွေနဲ့ ခရီးတစ်ခုထွက်ဖို့ အချိန်ပေးကြည့်ပါ။ သဘာဝတရားနဲ့ ရှုခင်းအပြောင်းအလဲတွေက စိတ်နဲ့ခန္ဓာကို မျှတစွာ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သင်လိုချင်တဲ့ ဘယ်အရာပဲဖြစ်ဖြစ် လုပ်ပြီး အချိန်ကုန်ရတာက အလုပ်လုပ်နေရင်း ပျောက်ဆုံးသွားတဲ့ အလုပ်လုပ်ချင်စိတ်တွေကို ပြန်ရရှိအောင် ကူညီပေးနိုင်ပါတယ်။ ခရီးထွက်တာက သင့်ရဲ့စိတ်စွမ်းအင်တွေပြည့်ဖို့အတွက် ဖြေရှင်းနည်းဖြစ်နိုင်ပါတယ်။

Ref: Five Ways To Recharge Yourself If You Feel Tired All The Time

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top