ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းမှာ စစ်ဆန့်ကျင်ရေးဆန္ဒပြခဲ့တဲ့ ဂျာနယ်လစ် ထိန်းသိမ်းခံရပြီး ၂ ရက်ကြာ အိပ်စက်ခွင့်မရ

2-3-2022-yyl02.jpg

ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းရဲ့ သတင်းအစီအစဉ်မှာ စစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရုရှားဂျာနယ်လစ်ဟာ တာဝန်ကနေ ရပ်စဲပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ Channel 1 သတင်းဌာနရဲ့ အယ်ဒီတာ မာရီနာဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ရုရှားနိုင်ငံရဲ့ ကြည့်ရှုသူအများဆုံး သတင်းအစီအစဉ်မှာ သတင်းကြေညာသူ နောက်ကွယ်ကနေ ” စစ်ပွဲအလိုမရှိ” ဆိုတဲ့ စာတမ်းကိုင်ဆောင်ပြီး ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့တာပါ။

” စစ်ပွဲကို ရပ်တန့်ပါ။ ဝါဒဖြန့်တာတွေကို မယုံကြပါနဲ့။ သူတို့က ရှင်တို့တွေကို လိမ်ညာနေတာပါ” လို့ ရေးသားဖော်ပြခဲ့တာပါ။ အဲဒီလုပ်ရပ်ကြောင့် စစ်ကြောရေးမှာ ၁၄ နာရီကြာ နေခဲ့ရပြီး ၂ ရက်ဆက်တိုက် မအိပ်ခဲ့ရဘူးလို့ မာရီနာက ပြောပါတယ်။ သူ့ကို ရုံးထုတ်ချိန်မှာ မာရီနာက ” စစ်ကြောရေးမှာ ၁၄ နာရီကြာပါတယ်။ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့လည်း တွေ့ခွင့်မရဘူး။ ရှေ့နေလည်း ခေါ်ခွင့်မရဘူး။ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုက ကျွန်မကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ။ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲချိန်ကတည်းက ရုရှားကို ကျွန်မ မနှစ်မြို့တော့ဘူး။ တကယ့်ကို ကြောက်စရာပါပဲ။ ဒီရူးသွပ်မှုအားလုံးကို တားဆီးနိုင်တဲ့အာဏာက ရုရှားပြည်သူတွေမှာပဲ ရှိပါတယ်။ ဘာကိုမျှ မကြောက်ကြပါနဲ့။ ပြည်သူအားလုံးကို သူတို့ ထောင်ချလို့မရပါဘူး” လို့ မာရီနာက ပြောပါတယ်။

မာရီနာဟာ သူ့လုပ်ရပ်ကြောင့် ဒဏ်ငွေ ရူဘယ် ၃၀၀၀၀ ပေးဆောင်ခဲ့ရပါတယ်။ ခွင့်ပြုချက်မရဘဲ စီစဉ်ဆောင်ရွက်မှုနဲ့ မာရီနာကို စွဲချက်တင်ထားပေမဲ့ သူကတော့ အပြစ်ရှိတယ်လို့ ဖြောင့်ချက်ပေးခြင်း မရှိပါဘူး။ မာရီနာအနေနဲ့ နောက်ထပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရဦးမလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်တပ်ရဲ့လုပ်ရပ်ကို ကျူးကျော်မှုလို့ သုံးနှုန်းတာနဲ့ သတင်းမှားဖြန့်တာကို တားမြစ်ပိတ်ပင်ထားတဲ့ ရာဇဝတ်မှုဆိုင်ရာ ဥပဒေသစ်အရ မာရီနာကို စွဲချက်တင်ဖွယ်ရှိတယ်လို့ စိုးရိမ်နေကြပါတယ်။

ယူကရိန်းသမ္မတ ဇီလင်စကီးကတော့ ” အမှန်တွေ ထုတ်ပြောပေးလို့” မာရီနာကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သံရုံးကတစ်ဆင့် ဒါမှမဟုတ် နိုင်ငံရေးခိုလှုံခွင့်ပေးပြီး မာရီနာကို ကာကွယ်ပေးဖို့ လုပ်ဆောင်သွားမယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ဆိုခဲ့ပြီး ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံဆွေးနွေးတဲ့အခါ မာရီနာအကြောင်း ပြောမယ်လို့ ဆိုခဲ့ပါတယ်။

Ref: BBC “Marina Ovsyannikova: Russian journalist tells of 14-hour interrogation”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top