ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံးအိမ် (၁၀) လုံး

california-wildfires-1.jpg

ကမ္ဘာ့တန်ဖိုးအကြီးဆုံးဇိမ်ခံအိမ်ကြီးတွေကိုပိုင်ဆိုင်ထားကြသူတွေဟာ တကယ့်ကို အံ့အားသင့်စရာ ကြွယ်ဝသူတွေဖြစ်တယ်ဆိုတာ ငြင်းမရနိုင်ပါဘူး။ ကျွန်တော်တို့က ဘက်ကင်ဟမ်နန်းတော်ကြီးကို ဘယ်သူပိုင်သလဲဆိုတာ သိကြပေမဲ့ တင်မ်ဘလစ်ဇ်သ် ဆိုတဲ့နာမည်၊ (၂၇) ထပ်စံအိမ်ကြီးနဲ့နေတဲ့ အိန္ဒိယလူမျိုးဘီလျံနာ စတာတွေ ကိုတော့ မရင်းနှီးကြသလို စဉ်းတောင်စဉ်းစားမိမှာမဟုတ်ပါဘူး။ အခု CompareCamp.com ရဲ့အချက်အလက် တွေအရ ခေတ်မီရဲတိုက်ကြီးတွေအပါအဝင် ကမ္ဘာ့တန်ဖိုးအကြီးဆုံးဇိမ်ခံစံအိမ်ကြီးတွေရဲ့အကြောင်းနဲ့ ပိုင်ဆိုင်ထားသူတွေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁၀။ 7 Upper Phillimore Gardens

တည်နေရာ – လန်ဒန်
တန်ဖိုး – အမေရိကန်ဒေါ်လာ (၁၂၈) သန်း
ပိုင်ဆိုင်သူ – ယူကရိန်းဒုတိယသမ္မတလီယိုနွိုက် ကော့ချ်မာရဲ့သမီးအိုလီနာပင်ချော့ခ် (သူဟာ ANTIAIDS Foundation ကိုတည်ထောင်သူဖြစ်ကာ ဆာအယ်လ်တန်ဂျွန်ရဲ့မိတ်ဆွေတစ်ဦးလည်းဖြစ်ပါတယ်)

အိပ်ခန်း ၁၀ ခန်းပါတဲ့ ဒီအိမ်ကြီးမှာ မြေအောက်ထပ်ရေကူးကန်၊ ချွေးထုတ်ခန်း၊ အားကစားခန်းမ၊ ရုပ်ရှင်ရုံတို့ပါဝင်နေပြီး အိမ်အတွင်းပိုင်းကို စကျင်ကျောက်နဲ့ ရွှေအပြင် တန်ဖိုးကြီးအနုပညာလက်ရာတွေနဲ့ ပြင်ဆင်မွမ်းမံထားပါတယ်။

၉။ Kensington Palace Gardens

တည်နေရာ – လန်ဒန်
တန်ဖိုး – အမေရိကန်ဒေါ်လာ (၁၄၀) သန်း
ပိုင်ဆိုင်သူ – ရိုမန်အဘရာမိုဗစ်ချ် (ချဲလ်ဆီးဘောလုံးအသင်းပိုင်ရှင်)

သူဟာကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Millhouse LLC တည်ထောင်ထားသူ ရုရှားလူမျိုး ဘီလျံနာတစ်ဦး ဖြစ်ပါတယ်။ လန်ဒန်လူကုံထံရပ်ကွက်မှာတည်ရှိပြီး ပြင်ဆင်မွမ်းမံမှုအများအပြားလုပ်ထားတဲ့အပြင် တင်းနစ်ကွင်း၊ ကျန်းမာရေးစင်တာနဲ့ ကားပြခန်းတစ်ခုကို မြေအောက်ခန်းမှာတည်ဆောက်ထားပါတယ်။

၈။ Seven The Pinnacle

တည်နေရာ – ဘစ်ဂ်စကိုင်း၊ မွန်တာနာ
တန်ဖိုး – အမေရိကန်ဒေါ်လာ (၁၅၅) သန်း
ပိုင်ဆိုင်သူ – အဒရာဘရစ်ဇ်သ်နှင့် တင်မ်ဘရစ်ဇ်သ်

(YellowstoneClub ရဲ့ပူးတွဲတည်ထောင်သူဖြစ်တဲ့တင်မ်ဟာ ကလပ်ရဲ့ဘဏ်ကြွေးတွေ၊ အခြားငွေကြေးပြဿနာ တွေနဲ့ ကွာရှင်းမှုကြောင့် မကြာသေးခင်နှစ်တွေအတွင်းမှာ ပိုင်ဆိုင်မှုအတော်များများ ဆုံးရံှုးခဲ့ရပါတယ်)

ဒီအိမ်မှာ တကယ့်လူကုံထံတွေပဲတတ်နိုင်တဲ့ ကိုယ်ပိုင်နှင်းလျောစီးစကတ်ကွင်းနဲ့ ဂေါ့ဖ်ကွင်းတွေကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ အပူပေးစနစ်ပါကြမ်းခင်းတွေ၊ ရေကူးကန်အမျိုးမျိုး၊ အားကစားခန်းမ၊ ဝိုင်သိုလှောင်ခန်းတို့အပြင် စကိတ်ကွင်းသုံးဓာတ်လှေကားပါရှိနေပါတယ်။

၇။ Hearst Castle

တည်နေရာ – ဆန် ဆိုင်မီယွန်၊ ကယ်လီဖိုးနီးယား
တန်ဖိုး – အမေရိကန်ဒေါ်လာ (၁၉၁) သန်း
ပိုင်ဆိုင်သူ – ဝီလျံရမ်ဒဲလ်ဖ်ဟာ့စ်အကြီးအကဲများ

နာမည်ကျော် ဂေါ့ဒ်ဖားသားရုပ်ရှင်မှာထည့်သွင်းရိုက်ကူးခဲ့တဲ့ အိပ်ခန်း (၂၇) ခန်းပါဒီရဲတိုက်ကြီးမှာ ဂျွန်ကနေဒီနဲ့ ဂျက်ကနေဒီ၊ ကလာ့ခ်ဂေဘယ်လ်၊ ဝင်စတန်ချာချီလ်နဲ့ အခြားသောနာမည်ကြီးပုဂ္ဂိုလ်များစွာကို ဧည့်ခံ ခဲ့ဖူးပါတယ်။ ဒီရဲတိုက်ကြီးဟာ ကယ်လီဖိုးနီးယားဥယျာဉ်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်နေပြီး လက်ရှိမှာ ခရီးသွားတွေ လာရောက်လည်ပတ်ရာ ရှေးဟောင်းအမွေအနှစ်အဆောက်အဦတစ်ခုလည်းဖြစ်နေပါပြီ။

၆။ Ellison Estate

တည်နေရာ – ဝုဒ်ဆိုက်ဒ်၊ ကယ်လီဖိုးနီးယား
တန်ဖိုး – အမေရိကန်ဒေါ်လာ (၂၀၀) သန်း
ပိုင်ဆိုင်သူ – လယ်ရီအယ်လစ်ဆန် (Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ ၂၀၁၃ ခုနှစ်မှာ တတိယမြောက် ကမ္ဘာ့အချမ်းသာဆုံးနဲ့ Oracle ကိုတွဲဖက်တည်ထောင်သူ)

အိမ်ထက် ခြံဝန်းကပိုကျယ်ပါတယ်။ (၂၃) ဧကလောက်ကျယ်တဲ့ ခြံဝန်းကြီးအတွင်းမှာ အဆောက်အဦ (၁၀) ခု၊ ရေသိုလှောင်ကန်၊ အလှမွေးငါးကန်ငယ်၊ လ္ဘက်ရည်သောက်ဆောင်နဲ့ ရေချိုးဆောင်တွေထည့်ပြီး တည်ဆောက် ထားပါတယ်။

၅။ 18-19 Kensington Palace Gardens

တည်နေရာ – လန်ဒန်
တန်ဖိုး – အမေရိကန်ဒေါ်လာ (၂၂၂) သန်း
ပိုင်ဆိုင်သူ- လက်ရှမီ မစ်တယ်လ် (အိန္ဒိယကသူကြွယ် ၁၀၀ ထဲကတစ်ဦးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး သံမဏိလုပ်ငန်း ပိုင်ရှင်)

လန်ဒန်လူကုံထံရပ်ကွက်မှာရှိနေတဲ့ နောက်ထပ်အိမ်တစ်လုံးဖြစ်ပါတယ်။ ဗြိတိန်တော်ဝင်မင်းသားဝီလျံနဲ့ ကြင်ယာတော် ကိတ်မစ်ဒယ်လ်တန်တို့ရဲ့စံအိမ်နဲ့ ကပ်လျက်တည်ရှိတဲ့အိမ်ဖြစ်ပြီး အိပ်ခန်း (၁၂) ခန်း၊ တူရကီစတိုင်ရေချိုးဆောင်၊ အိမ်တွင်းရေကူးကန်နဲ့ ကားအစင်း (၂၀) ထားရာကားပါကင်တစ်ခုပါဝင်တဲ့ အိမ်ဖြစ်ပါတယ်။

၄။ Four Fairfield Pond

တည်နေရာ – ဆက်ဂါပိုနက်၊နယူးယော့ခ်
တန်ဖိုး – အမေရိကန်ဒေါ်လာ၂၄၈.၅သန်း
ပိုင်ဆိုင်သူ – အီရာရန်နာ့ထ် (သတ္ထုတူးဖော်ရေးလုပ်ငန်းလုပ်ငန်းရှင်၊ မော်တော်ယာဉ်ပုံသွင်းထုတ်လုပ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Renco ကိုပိုင်ဆိုင်သူ)

အိပ်ခန်း (၂၉) ခန်းပါရှိတဲ့ ဒီအိမ်ကြီးကို (၆၃) ဧကရှိတဲ့ခြံကျယ်ကြီးထဲမှာတည်ဆောက်ထားပြီး ကိုယ်ပိုင် ဓာတ်အားပေးစက်ရုံပါရှိနေကာ ဘက်စကက်ဘောကွင်း၊ ဘိုးလင်းကစားခန်းမ၊ စကွက်ရှ်ကစားကွင်း တွေ၊ တင်းနစ်ကွင်းတွေ၊ ရေကူးကန် (၃) ကန်နဲ့ (၉၁) ပေအလျားရှိတဲ့ ညစာစားခန်းမကြီးလည်းပါဝင်ပါတယ်။

၃။ Villa Leopolda

တည်နေရာ – ကို့တ်ဒီ အဇူရီ၊ ပြင်သစ်
တန်ဖိုး – အမေရိကန်ဒေါ်လာ (၇၅၀) သန်း
ပိုင်ဆိုင်သူ – လီလီဆက်ဖရာ (ဘရာဇီးလူမျိုးပရဟိတသမားနဲ့ Lebanese ဘဏ်လုပ်ငန်းရှင် ဝီလျံဆက်ဖရာ၏ဇနီး)

ဧက (၅၀) အကျယ်ရှိတဲ့ဒီအိမ်ဝန်းကြီးထဲမှာ လုပ်ငန်းသုံးအရွယ်အစားဖန်လုံအိမ်တစ်အိမ်၊ ရေကူးကန်နဲ့ အဆောင်၊ အိမ်ပြင်သုံးမီးဖိုခန်းတစ်ခု၊ ဟယ်လီကော်ပတာကွင်းတစ်ခုနဲ့ အခြားမီလျံနာအများစုရဲ့ အိမ်ကြီးတွေထက်ပိုကြီးတဲ့ တည်းခိုဆောင်ကြီးတစ်ခုပါ တည်ဆောက်ထားပါတယ်။

၂။ Antilia

တည်နေရာ – မွန်ဘိုင်း၊ အိန္ဒိယ
တန်ဖိုး – အမေရိကန်ဒေါ်လာ (၁) ဘီလျံ
ပိုင်ဆိုင်သူ – မျူကက်ရှ်အမ်ဘာနီ (Forbes မဂ္ဂဇင်းရဲ့ထုတ်ပြန်ချက်အရ အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ (၂၃.၆) ဘီလျံနဲ့ အိန္ဒိယမှာအချမ်းသာဆုံးဖြစ်ပြီး စက်မှုလုပ်ငန်းတွေနဲ့ စွမ်းအင်ကုမ္ပဏီပိုင်ရှင်)

ပုံမှန်အမြင်အတိုင်းသာဆို Antilia ကိုအိမ်တစ်လုံးလို့တောင် ပြောလို့မဖြစ်နိုင်ပါဘူး။ အထပ်ပေါင်း (၂၇) ထပ်ရှိပြီးစတုရန်းပေ (၄၀၀၀၀၀) အကျယ်ရှိ ခမ်းနားလွန်းတဲ့အိမ်ကြီးမှာ မြေအောက်ကားပါကင် (၆) ခုနဲ့ ရဟတ်ယာဉ်ကွင်း (၃) ခုတောင်ရှိနေပြီး အိမ်ကိုပြုပြင်ထိန်းသိမ်းရေးလုပ်ဖို့ချည်းသတ်သတ်တောင် ဝန်ထမ်း (၆၀၀) လိုအပ်ပါတယ်။

၁။ Buckingham Palace

တည်နေရာ – လန်ဒန်
တန်ဖိုး – အမေရိကန်ဒေါ်လာ (၁.၅၅) ဘီလျံ
ပိုင်ဆိုင်သူ – အင်္ဂလန်နိုင်ငံကိုပိုင်စိုးသူ ဘုရင်မင်းမြတ် (သို့) ဘုရင်မ (လက်ရှိမှာ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က စတင်နန်းတက်ခဲ့သူ ဘုရင်မကြီး အဲလစ်ဇ်ဘက်သ် ၂ နေထိုင်ပါတယ်)

အိမ်လို့သတ်မှတ်ပေမဲ့လည်း ပြန်ရောင်းချဖို့ လုံးဝမဖြစ်နိုင်တဲ့အိမ်မျိုးပါ။ ၂၀၁၂ ခုနှစ်တုန်းက Nationwide အဆောက်အဦဆိုင်ရာစာရင်းအင်းအဖွဲ့က ဒီစံအိမ်ကြီးကို အမေရိကန်ဒေါ်လာ (၁.၅) ဘီလျံ တန်ဖိုးဖြတ်ထားပါတယ်။ နိုင်ငံတော်အဆင့်အခမ်းအနားတွေကျင်းပရာ ခန်းမဆောင် (၇၇၅) ခန်း၊ အိပ်ခန်း(၅၂) ခန်း၊ ဝန်ထမ်းနေထိုင်ရာအခန်း (၁၈၈) ခန်း၊ ရုံးခန်း (၉၂) ခန်းနဲ့ ရေချိုးခန်း (၇၈) ခန်းနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့စံအိမ်ကြီးဖြစ်ပါတယ်။

Ref: time.com
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top