နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိ ဝိုင်စက်ရုံကို ရှေးဟောင်းသုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိ

12-10-2021yyl01.jpg

နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိတဲ့ အလွန်ကြီးမားတဲ့ရှေးဟောင်းဝိုင်စက်ရုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အစ္စရေးရှေးဟောင်းသုတေသနပညာရှင်တွေက အောက်တိုဘာ ၁၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။ အဲဒီဝိုင်စက်ရုံကို အစ္စရေးနိုင်ငံ၊ Yavne မြို့လေးမှာ တွေ့ရှိခဲ့တာပါ။ ဝိုင်ထုတ်စက် (၅) ခု၊ သိုလှောင်ရုံ၊ မြေအိုးထုတ်လုပ်တဲ့ဖိုတွေနဲ့ ကွဲနေတဲ့အစိတ်အပိုင်းတွေနဲ့ စဉ့်အိုးတွေကို အဲဒီစက်ရုံမှာ တွေ့ခဲ့ရတယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ဆိုပါတယ်။

Yavne မြို့လေးက ဘိုင်ဇန်တိုင်ခေတ်အတွင်း ဝိုင်ချက်လုပ်တဲ့အရင်းအမြစ်နေရာဖြစ်ခဲ့တယ်ဆိုတာကို ဒီရှာဖွေတွေ့ရှိမှုက ပြသနေတယ်လို့ အစ္စရေးနိုင်ငံရဲ့ရှေးဟောင်းပြတိုက်က ဆိုပါတယ်။ ဒီစက်ရုံက တစ်နှစ်ကို ဝိုင် (လီတာ ၂ သန်း) (ဂါလံ ၅၂၀,၀၀၀ ကျော်) ထုတ်လုပ်နိုင်တယ်လို့ သုတေသနပညာရှင်တွေက ခန့်မှန်းထားပါတယ်။

အဲဒီနေရာမှာ ပြုလုပ်ခဲ့တဲ့ ဝိုင်ကို “ဂါဇာ” (Gaza) ဝိုင်လို့ လူသိများခဲ့ပြီး ဒေသအနှံ့သို့ တင်ပို့ရောင်းချခဲ့တယ်လို့ တူးဖော်ရေးဒါရိုက်တာတွေထဲက တစ်ဉီးဖြစ်တဲ့ ဂျွန် ဆယ်လီမန် (Jon Seligman) က ‌ပြောပါတယ်။ Yavne က အဲဒီဝိုင်တံဆိပ်အတွက် အဓိကထုတ်လုပ်တဲ့ စက်ရုံရဲ့တည်နေရာဖြစ်ခဲ့တယ်လို့ သုတေသနပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

ရှေးခေတ်တွေတုန်းက ဝိုင်က အရေးပါတဲ့တင်ပို့ကုန်ဖြစ်ခဲ့ရုံသာမက ပျော်ရွှင်မှုအနှစ်သာရလည်းဖြစ်ခဲ့တယ်လို့ ဆယ်လီမန်က ဆိုပါတယ်။ “ဒါ့အပြင် ဝိုင်က အဓိကအာဟာရအရင်းအမြစ်ဖြစ်ပြီး မကြာခဏရေတွေ ညစ်ညမ်းတဲ့အတွက် ဘေးကင်းတဲ့သောက်စရာဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဝိုင်ကို အန္တရာယ်ကင်းစွာနဲ့ သောက်သုံးခဲ့ကြပါတယ်” လို့ ပြောပါတယ်။

Ref: ABCNews “Israeli archaeologists discover ancient winemaking complex”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top