မက်ဆီနဲ့ တွေ့ဆုံခဲ့ရဖူးတဲ့ အာဖဂန် ကလေးငယ် တာလီဘန်တွေရဲ့ ပစ်မှတ်ထား ခြိမ်းခြောက်မှုကို ခံနေရ

528.jpg

အဖြူ အပြာစင်းကြား ပလပ်စတစ်အိတ်ကို မက်ဆီအမည်ပါ ဘောလုံးဂျာစီလို လုပ်ဝတ်ထားတဲ့ပုံတွေနဲ့ ကမ္ဘာကျော်ခဲ့ဖူးပြီး မက်ဆီ အသေးစားလေးလို့ ခေါ်ကြတဲ့ ချစ်စဖွယ် ကလေးငယ်လေးကို အားလုံးပဲ မှတ်မိနေကြဦးမယ်လို့ ထင်ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အရူးအမူးအားပေးတဲ့ အာဖဂန်ကလေးငယ် မာတာဇာဟာ ၂၀၁၆ ခုနှစ်အတွင်းက ပလပ်စတစ်အိတ် ဘောလုံးဂျာစီ ဝတ်ထားတဲ့ပုံတွေကြောင့် လူမှုကွန်ယက် လူသိများခဲ့ပြီး မက်ဆီနဲ့လည်း ကာတာမှာ လူချင်းတွေ့ဆုံခွင့် ရခဲ့တဲ့အပြင် ဘာစီလိုနာအသင်းရဲ့ ချစ်ကြည်ရေးပွဲစဉ် တစ်ခုမှာ မက်ဆီကို လက်တွဲပြီး လာဘ်ကောင်အဖြစ် ကွင်းထဲ ဝင်ရောက်ခွင့်တောင် ရခဲ့ပါသေးတယ်။

အခုတော့ အသက် ၇ နှစ်ရှိနေပြီဖြစ်တဲ့ ဒီကလေးငယ်ဟာ မက်ဆီကြောင့် ပျော်ရွှင်ခဲ့ရတာတွေဟာလည်း လွင့်ပျောက်သွားခဲ့ရပြီဖြစ်ပြီး  စစ်ဘေးသင့် အာဖဂန်ပြည်သူများစွာထဲက တစ်ဦးအဖြစ် ခက်ခဲကြမ်းတမ်းစွာနဲ့ လက်ရှိအချိန်မှာ ရှင်သန် နေထိုင်နေရပါတယ်။ သူနဲ့ သူ့မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက တာလီဘန်တွေရဲ့ တိုက်ပွဲတွေအကြားကနေ နေရပ်ကို စွန့်ပစ်ပြီး အသည်းအသန် ထွက်ပြေးလာခဲ့ကြရတာကြောင့် မက်ဆီကိုယ်တိုင် မာတာဇာအတွက် လက်မှတ်ထိုး လက်ဆောင်ပေးထားခဲ့တဲ့ ဘောလုံးနဲ့ ဂျာစီကိုတောင် မယူလာနိုင်ခဲ့ရှာပါဘူး။

မာတာဇာနဲ့မိသားစု တစ်ခုလုံးဟာ ကာဘူးလ်မြို့မှာရှိနေတဲ့ အိုးအိမ်မဲ့ ဒုက္ခသည်ပေါင်းများစွာနည်းတူ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် နာမည်ကျော်ခဲ့ဖူးတဲ့ ဒီကလေးငယ်ကို တာလီဘန်တွေက ပစ်မှတ်ထား ရှာဖွေနေကြတာကြောင့် အမြဲတမ်း ကျီးလန့်စာစား ဖြစ်နေကြရပါတယ်။

ကလေးငယ်ရဲ့မိသားစုနဲ့ အခြားမိသားစုတစ်ခု လက်ရှိအတူတူ ငှားရမ်းနေထိုင်နေတဲ့ ကာဘူးလ်မြို့က အခန်းကျဉ်းလေးကို AFP သတင်းဌာနက သွားရောက်တွေ့ဆုံခဲ့စဉ် မာတာဇာရဲ့မိခင်ဖြစ်သူက သေနတ်သံတွေကြားမှာ သူတို့ရဲ့နေရပ်ကို စွန့်ပစ်ပြီး အသက်လု ထွက်ပြေးလာခဲ့ရတဲ့ အကြောင်းစုံကို ပြောပြခဲ့ပါတယ်။

“ဘာပစ္စည်းတစ်ခုမှ မယူလာနိုင်ခဲ့လောက်အောင် အသက်ကို ဖက်နဲ့ထုပ်ပြီး ပြေးခဲ့ရတာ” လို့ ကလေးငယ်ရဲ့မျက်နှာကို လည်စည်းပုဝါနဲ့အုပ်ရင်း မာတာဇာရဲ့မိခင် ရှဖီကာက ပြောပြပါတယ်။ ဒါ့အပြင် တာလီဘန်တွေက ဒီကလေးလေးကို နာမည်နဲ့တကွ လိုက်ရှာနေကြောင်း မမျှော်လင့်ဘဲ သိလိုက်ရချိန်မှာ သူတို့ အရမ်းကြောက်လန့်သွားခဲ့ရတယ်လို့ဆိုပြီး “သူ့ကို မိရင် တစ်စစီ လုပ်ပစ်မယ်လို့ သူတို့က ပြောတယ်” လို့ ထိတ်လန့်မှုတွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ ဟို သည် ကြည့်ရင်း ရှဖီကာက ပြောပြပါတယ်။

သူတို့မိသားစုဟာ ဆွန်နီတာလီဘန်တွေ ပစ်မှတ်ထား ရန်ပြုတိုက်ခိုက်နေတဲ့ ရှီဟိုက် မွတ်စလင်တွေလည်း ဖြစ်ကြပါတယ်။ တာလီဘန်တွေဟာ အားကစားကိုလည်း အပြင်းအထန် ဆန့်ကျင် မုန်းတီးပြီး ၁၉၉၆ ကနေ ၂၀၀၁ အထိ သူတို့ အုပ်စိုးခဲ့စဉ်ကာလကလည်း ကာဘူးလ်မြို့က ဘောလုံးကွင်းနဲ့ နာမည်ကျော် အားကစားကွင်းတွေကို ဖျက်ဆီးပစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် အားကစားလောကက နာမည်ကျော် မက်ဆီနဲ့ ပတ်သက်ပြီး ကျော်ကြားနေတဲ့ ကလေးငယ် မာတာဇာကို ပစ်မှတ်ထားနေပုံရကာ မက်ဆီပေးထားတဲ့ ငွေတွေကို မပေးရင် ဒီကလေးကို ရှာပြီး တစ်စစီလုပ်ပစ်မယ် လို့ တာလီဘန်တွေက ကြိမ်းဝါးထားတာပါ။

အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တာလီဘန်တွေကို ဘယ်လိုပဲ ပြန်တိုက်ခိုက် နှိမ်နင်းနိုင်နေပါစေ နေရပ်ပြန်ဖို့အတွက် လုံခြုံပြီလို့ ရှဖီကာက စိတ်မချနိုင်သေးပါဘူး။ သူတို့သိထားရတဲ့ သတင်းဆိုးကြီးကြောင့် ကလေးငယ်အတွက် အမြဲတမ်း ပူပန် ကြောက်လန့်နေတာကြောင့် ကလေးရဲ့မျက်နှာကို အမြဲတမ်း ပုဝါနဲ့ ကွယ်ပေးထားရပြီး တခြားကလေးတွေနဲ့ အပြင်ထွက်ကစားဖို့ကိုလည်း မလွှတ်ဝံ့ ဖြစ်နေရပါတယ်။

မာတာဇာရဲ့ ပလပ်စတစ်အိတ် ဘောလုံး ဂျာစီကို ဖန်တီးပေးခဲ့တဲ့ အစ်ကိုအကြီးဆုံးကလည်း “မာတာဇာဘယ်သူဆိုတာ သူတို့သိသာသွားရင် ဘယ်လိုဖြစ်မလဲဆိုတာ တွေးတောင်မတွေးရဲဘူး” လို့ ပြောပြခဲ့ပါတယ်။

မာတာဇာလေးကတော့ မက်ဆီရဲ့လက်ဆောင် ဘောလုံးနဲ့ ဂျာစီကို သတိရနေပြီး “အဲဒါတွေကို ပြန်လိုချင်တယ် ကျွန်တော် ကစားချင်လို့” လို့ ဆိုခဲ့ပြီး “မက်ဆီ့ကိုလည်း သတိရတယ်” လို့ ထပ်ပြောပြခဲ့ပါတယ်။ “သူ့ကိုသာတွေ့ရရင် နေကောင်းရဲ့လား လို့ ကျွန်တော်မေးမှာ..ကောင်းတယ်ကွ ကျေးဇူးပဲ ဂရုစိုက်ပြီးနေဦးလို့ သူက ပြန်ပြောလိမ့်မယ် ပြီးရင် သူနဲ့အတူတူ ကွင်းထဲလိုက်ဝင်ပြီး သူကစားတာကို ကြည့်မယ်” လို့ မာတာဇာက မက်ဆီနဲ့ တွေ့ချင်သေးတဲ့ သူ့စိတ်ကူးလေးကို ပြောပြခဲ့ပါသေးတယ်။

UN ရဲ့အဆိုအရ တာလီဘန်တွေရဲ့ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုတွေ အတွင်းမှာ မိသားစုပေါင်း ၄၀,၀၀၀ လောက် နေရပ် စွန့်ခွာပြေးခဲ့ရပြီး မြို့သူမြို့သားနဲ့ စစ်သားပေါင်း သောင်းဂဏန်းလောက် သေဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။

Ref: Dailymail “Afghan boy made famous by his home-made Lionel Messi shirt flees home”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top