သေမင်းနဲ့ စစ်ခင်းနေရတဲ့ (၁၄) နှစ်အရွယ် လူငယ်လေးရဲ့ နောက်ဆုံးဆန္ဒ

ShatnerHydeCancer120618.jpg

အမေရိကန် အရှေ့မြောက်ပိုင်း ပန်ဆယ်ဗေးနီးယားပြည်နယ်မှာတော့ ရက်ပိုင်းလောက်သာ အသက်ရှင်တော့မယ့် နာမကျန်း လူငယ်လေးတစ်ဦး ရှိနေပါတယ်။ သေမင်းနဲ့ စစ်ခင်းနေရတဲ့ အသက် (၁၄) နှစ်အရွယ် လူငယ်လေး ဘရေ့ဗ်မက်ဒေါ့ဟေး (Brave Maddox Hyde) ရဲ့ နောက်ဆုံးဆန္ဒကတော့ ကမ္ဘာတစ်လွှားမှာ နေထိုင်သူတွေဆီက ပို့ပေးမယ့် ခရစ္စမတ်ကဒ် လက်ဆောင်ပါ။

ခရစ္စမတ်ပွဲတော်ကာလမှာ တတ်နိုင်သမျှ ထူးထူးခြားခြားလေး ဖြစ်စေချင်တဲ့ဆန္ဒကြောင့် ဒီလိုမျိုး တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။ ဘရေ့ဗ်က အာရုံကြောမျှင်တချို့မှာ ဖြစ်တည်နေတဲ့ ကင်ဆာရောဂါ (neuroblastoma) ကို ကုသဖို့ ကလေးဆေးရုံမှာ တက်ရောက်ကုသရင်းနဲ့ ရက်သတ္တပတ်လောက်သာ အသက်ရှင်တော့မယ်ဆိုတာကို သိခဲ့ရပါတယ်။ သူ့ရဲ့ ညာဘက် ကျောက်ကပ်အနီးက အဒရီနယ်ဂလင်းမှာတော့ ရှောက်ချိုသီးလောက် အရွယ်ရှိတဲ့ အကျိတ်လုံးကြီး ရှိနေပြီး နောက်ထပ်အနေနဲ့ကတော့ ဦးခေါင်းနဲ့ ကျောရိုးမှာ အကျိတ်တွေလည်း ထပ်တွေ့ခဲ့ရပါတယ်။

ဘရေ့ဗ်ရဲ့ မိဘနှစ်ပါးကတော့ သားလေးရဲ့ နောက်ဆုံး လက်ကျန်ရက်လေးတွေကို အတူတူကုန်ဆုံးဖို့ အိမ်ကို ပြန်ခေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်လွှားမှာ နေထိုင်သူတွေကိုလည်း သားလေးရဲ့ ခရစ္စမတ်မှာ ထူးထူးခြားခြားလေး ဖန်တီးပေးဖို့ အကူအညီ တောင်းခဲ့ကြပါတယ်။

ဘရေ့ဗ်ရဲ့ တောင်းဆိုချက်လေးကို ဖေ့စ်ဘွတ်ပေါ် တင်လိုက်ချိန်မှာတော့ အမေရိကားနဲ့ မက္ကဆီကိုကနေ ပို့ပေးတဲ့ ခရစ္စမတ်ကဒ်တွေ များစွာရရှိခဲ့အတွက် အိမ်ပတ်လည်မှာ ချိတ်ဆွဲထားရတဲ့အထိပါပဲ။ ဒီလိုမျိုး ဂရုစိုက်ပေးတဲ့လူတွေ များစွာရှိနေတာကို သိရတဲ့အတွက် အရမ်းပျော်ရွှင်ရပါတယ်လို့လည်း ဘရေ့ဗ်က အင်တာဗျူးမှာ ဖြေကြားပေးခဲ့ပါတယ်။

ဘဝတူ ကင်ဆာရောဂါ ခံစားနေရတဲ့ လူငယ်တွေကိုလည်း အကောင်းမြင်စိတ်ပဲမွေးပြီး ဘေးနားက မိသားစုနဲ့ မိတ်ဆွေတွေဆီက ဂရုစိုက်မှုခံယူရင်း မသေခင် စိတ်ဓာတ် ကြံ့ခိုင်သွားပါလို့လည်း အကြံပေးခဲ့ပါတယ်။

၁၄ နှစ်သားလေး ဘရေ့ဗ်က ခရစ္စမတ်နေ့မှာ လူ့လောကထဲ ရှိနေဖို့ မသေချာတော့ပေမဲ့ မသေခင်ဆန္ဒလေးဖြစ်တဲ့ ခရစ္စမတ် ဆုတောင်းကဒ်တွေကိုတော့ လက်ခံလိုက်ရပါတယ်။

Ref: Dailymail.com “Help a holiday wish come true: Terminally ill Pennsylvania teen, 14, with ‘only weeks to live’ wants one final gift – for people around the world to send him Christmas cards”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top