ချစ်ခင်ရသူတွေအပေါ်မှာ ရိုးသားမှုရှိပါစေ

shutterstock-149301761.png

“မုသားမပါ လင်္ကာမချော” ဆိုတဲ့စကားအတိုင်း တစ်ခါတလေမှာ အဖြူရောင်မုသားလေးတွေ သုံးရတာမျိုးရှိပေမယ့် အချစ်ရဆုံးသူတွေပေါ်မှာတော့ အတတ်နိုင်ဆုံးရိုးသားစေချင်ပါတယ်။ ရိုးသားမှုက ကိုယ်ကျင့်တရားကောင်းမွန်ခြင်းကို ဖော်ပြပေးနေတဲ့ ပြယုဂ်တစ်ခုဆိုလည်းမမှားပါဘူး။ ရိုးသားမှုက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် မဖြစ်မနေအနေအထားကလွဲလို့ ကျန်တဲ့အခြေအနေတိုင်းမှာရော ချစ်ခင်ရတဲ့သူတွေအပေါ်မှာပါ ရိုးသားကြဖို့ စာဖတ်ပရိသတ်ကြီးကိုပြောပါရစေ။

ရိုးသားမှုက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်

အရာရာတိုင်းကို အမှန်အတိုင်း ရိုးသားပွင့်လင်းစွာပြောဆိုမှုက စိုးရိမ်မှုကင်းစေနိုင်ပြီး စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဖုံးကွယ်ထားမှုမရှိတာကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနဲ့ အခြေအနေတိုင်းကို အကောင်းဆုံးဖြေရှင်းနိုင်မှာပါ။ စိတ်ပိုင်းဆိုင်ရာပေါ့ပါနေမှုကြောင့် အကောင်းဆုံးအိပ်ပျော်စေနိုင်သလို လုပ်ငန်းဆောင်တာတွေကိုလည်းစွမ်းဆောင်ရည်ကောင်းစွာနဲ့ လုပ်ဆောင်နိုင်မှုကြောင့် အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကင်းစေမယ်ဆိုတာ အသေအချာပါ။ စိတ်ဖိစီးမှု၊ စိုးရိမ်မှုကင်းစင်တဲ့ လူနေမှုဘဝက ခေါင်းကိုက်တာ၊ ဖျားနာတာ အပါအဝင် နာတာရှည်ရောဂါတွေကနေပါ ကင်းစင်စေမှာပါ။ ဒါကြောင့်ဖြစ်ရပ်တိုင်း အခြေအနေတိုင်းပေါ်မှာ ရိုးသားမှုရှိနေတာက အကောင်းဆုံးဖြစ်မှာပါ။

မရိုးသားမှုက ဘာတွေဖြစ်လာစေမှာလဲ

မရိုးသားမှုကြောင့် ဒီလိုတွေ ဖြစ်လာနိုင်ပါတယ်။

စိတ်ပူပန်မှုများလာမယ်

တစ်ခုခုဖုံးကွယ်ထားရတာက အချိန်တိုင်းလိုလိုစိတ်ပူပန်မှုကိုဖြစ်နေစေနိုင်ပါတယ်။ စိတ်ပူပန်မှုက စိတ်ကျန်းမာရေးအတွက် မကောင်းသလို ရုပ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်မှုရှိစေနိုင်ပါတယ်။

အထီးကျန်လာမယ်

တစ်ခုခုကိုဖုံးကွယ်ထားတဲ့အခါ အမှန်တရားကိုပေါ်သွားမှာစိုးတဲ့ ဆန္ဒနဲ့ အချိန်တော်တေ်ာများများကို တစ်ဦးတည်းဖြတ်သန်းရင်းက အချိန်ကြာလာတဲ့အခါ တစ်ကိုယ်တည်းနေထိုင်တာများပြီး အထီးကျန်လာနိုင်ပါတယ်။ အထီးကျန်မှုကလည်း လူကိုရောဂါတိုးစေတဲ့ အချက်တွေထဲကတစ်ခုပါနော်။

စိတ်ဖိစီးမယ်

ဖြစ်ရပ်မှန်ကို သိသွားမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် နေ့စဉ်နဲ့အမျှ စိတ်ဖိစီးနိုင်သလို ရှိရင်းစွဲစိတ်ဖိစီးမှုကြောင့် အလုပ်တာဝန်တွေကို ကောင်းကောင်းမလုပ်နိုင်ရာကနေတဆင့် ဆင့်ပွား စိဖိစီးမှုတွေဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ စိတ်ကျန်းမာရေးကို ထိခိုက်သလို နာတာရှည်ရောဂါတွေကိုပါ ခံစားလာရနိုင်စေပါတယ်။

ဆက်ဆံရေးပျက်ယွင်းလာမယ်

ဆက်ဆံရေးကောင်းမွန်မှုကလည်း ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဖုံးကွယ်ထားရတဲ့အခြေအနေကြောင့် ပွင့်လင်းတဲ့ဆက်ဆံရေးမရှိတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ ဆက်ဆံရေးပျက်ပြားဖို့က ပိုများလာတော့မှာပါ။ ရင်ဖွင့်နိုင်ရလောက်အောင် ရင်းနှီးတဲ့ဆက်ဆံရေးမရှိတာက စိတ်ရော ကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ကောင်းမွန်စွာအိပ်ပျော်နိုင်ဖို့ ခက်မယ်

စိတ်ဖိစီးမှုများတာကြောင့် ညဘက်တိုင်းမှာ ကောင်းမွန်စွာအိပ်ပျော်ဖို့ အခက်တွေ့နိုင်ပါတယ်။ ပြည့်ဝတဲ့ အိပ်စက်ချိန်မရှိတာက အချိန်ကြာလာတဲ့အခါ အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်စေနိုင်သလို ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းရှိလာနိုင်ပါတယ်။ ဒါကြောင့် ပြည့်ဝတဲ့အိပ်စက်ချိန်ရရှိပြီး ကျန်းမာပျော်ရွှင်ဖို့ဆိုရင် ရိုးသားမှုရှိဖို့လိုပါမယ်နော်။

သူတစ်ပါးအပေါ်ယုံကြည်မှုအားနည်းလာမယ်

ကိုယ်တိုင်မရိုးသားတဲ့သူက အခြားသူတွေကို ယုံကြည်ဖို့ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အချိန်ကြာလာတဲ့အခါ အယုံကြည်ရဆုံး အရင်းနှီးဆုံးဆိုတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ခက်လာနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သံသယလွန်ကဲတဲ့ စိတ်ရောဂါကိုတောင် ခံစားလာရနိုင်ပါတယ်။

ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းလာမယ်

ပတ်ဝန်းကျင်က အောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ပါ။ သူတို့အားလုံးဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့သူတွေဆိုတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုယုံကြည်မှုပြည့်ဝနေစေဖို့က အရာရာတိုင်းမှာ ရိုးသားမှုရှိဖို့လိုပါမယ်။ ဒါကြောင့် ယုံကြည်မှုမြင့်မားတဲ့သူဖြစ်ဖို့အတွက် အရာရာတိုင်းမှာ ရိုးသားတတ်ပါစေနော်။

ကဲ…စိတ်ရောကိုယ်ပါကျန်းမာပြီး ကောင်းမွန်တဲ့ဆက်ဆံရေးကိုဖန်တီးနိုင်ဖို့ အဖြူရောင်မုသားတွေကလွဲလို့ အရာရာတိုင်းအပေါ်မှာ ရိုးသားကြဖို့ တိုက်တွန်းပါရစေနော်။

Ref: Helloဆရာဝန်
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top