ပြုတ်ကျနေတဲ့ဓာတ်လှေကားအတွင်း ခုန်လိုက်ရင်အသက်ရှင်နိုင်မလား

file-20180711-27018-p4klz6.jpg

ဒီအဖြစ်အပျက်ဟာ အတော်ကိုအန္တရာယ်ကြီးလွန်းတဲ့ဖြစ်ရပ်ပါပဲ။ အလုံပိတ်ထားတဲ့ဓာတ်လှေကားကြီးဟာ အမြင့်ကနေ အောက်ကို တဟုန်ထိုးပြုတ်ကျလာပြီးမှ တုန့်ခနဲရပ်တန့်သွားပါလိမ့်မယ်။ ဒါဆို အထဲမှာပါနေတဲ့လူ အတွက်ကတော့ မတွေးဝံ့စရာပါပဲ။ ဒါပေမယ့် ဒီအဖြစ်အပျက်ဟာဖြစ်နိုင်ပါတယ်။ ဒီခေတ်ကြီးမှာ ဓာတ်လှေကားများဟာ အလွန်ပေါများလာပါပြီ။ မပြောကောင်း ပြောကောင်း၊ အလုပ်မှာဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ရှော့ပင်းမောလ်သွားရင်းဖြစ်စေ အလားတူဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ပြီဆိုပါတော့။ သင်ဘာလုပ်မှာလဲ။ တကယ်လို့ အချိန်ကိုက်ခုန်လိုက်မိရင် သက်သာနိုင်မလား။

ဒီအချက်ကိုစပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ဓာတ်လှေကားနဲ့အတူတူ အောက်ကိုပြုတ်ကျနေတယ်ဆိုတဲ့အချက်က စပြီးစဉ်းစားရပါလိမ့်မယ်။ ဓာတ်လှေကားဟာ အောက်ခြေကိုရောက်တာနဲ့ ရုတ်တရတ်ရပ်တန့် သွားမှာဖြစ်ပြီး အထဲမှာပါတဲ့ကျွန်တော်တို့လည်း အတူတူပဲဖြစ်ပါတယ်။ မတွေးဝံ့စရာပါ။

တကယ်လို့ ကျွန်တော်တို့ ခုန်လိုက်မယ်ဆိုရင်ကော။ သေသေချာချာ thought experiment လေးတစ်ခုလုပ်ကြည့်ကြရအောင်။ ကျွန်တော်တို့ဟာ ဓာတ်လှေကားက အောက်ကိုထိမိလိုက်တဲ့အချိန်မှာ အချိန်ကိုက်ဆိုသလို အပေါ်ကိုခုန်လိုက်ပါပြီ။ ဒီအဖြစ် အပျက်ကို ဘေးကနေ အနှေးပြကွက်နဲ့ပြန်ကြည့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ jump speed တစ်ခုနဲ့ အပေါ်ကို အချိန်ကိုက် တက်လိုက်နိုင်ပါတယ်။ ဓာတ်လှေကားကတော့ အောက်ကိုကျနေမြဲဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ခုန်လိုက်တာကြောင့် ကျွန်တော်တို့ ပြန်ပြီးပြုတ်ကျလာတဲ့အရှိန်ဟာ ဓာတ်လှေကားလောက်များတော့မှာမဟုတ်ပါဘူး။ သင်္ချာနည်းအရပြောမယ်ဆိုရင် ကျွန်တော်တို့ ပြန်ကျတဲ့အရှိန်ကိုရဖို့ ဓာတ်လှေကားအရှိန်ထဲကနေ ကျွန်တော်တို့ခုန်လိုက်တဲ့အရှိန်ကို နုတ်ရမှာဖြစ်ပါတယ်။

တကယ်တော့ ဘယ်လောက်အမြင့်ကနေ စတင်ပြုတ်ကျခဲ့သလဲဆိုတာအပေါ်မှာသာမူတည်ပါတယ်

လိုလိုပိုပိုတွက်ကြည့်ကြရအောင်။ ကျွန်တော်တို့ဟာ အမြင့် (၂) ပေခန့် ခုန်နိုင်တယ်ထားပါတော့။ ဒါဆိုရင် အောက်ပါအတိုင်း တွက်ချက်ကြည့်နိုင်ပါတယ်။

တစ်ထပ်မြင့်ကနေပြုတ်ကျခြင်း (၁၀ ပေခန့်) – အချိန်ကိုက်ခုန်နိုင်ခဲ့မယ်ဆိုရင် အောက်ကိုပြုတ်ကျတဲ့အချိန်မှာ ကျွန်တော်တို့ဟာ အမြင့် (၃၁) လက်မခန့်က ပြုတ်ကျသလောက်သာနာပါလိမ့်မယ်။ လူငယ်ဖြစ်မယ်၊ ဒူးချောင်မနေဘူးဆိုရင်တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ (ဝ.၈) စက္ကန့်အတွင်း ခုန်လိုက်နိုင်ရမှာဖြစ်ပါတယ်။

(၃) ထပ်အမြင့်ကနေပြုတ်ကျခြင်း (၂၇ ပေခန့်) – အချိန်ကိုက်ခုန်နိုင်ခဲ့မယ်ဆိုရင် အောက်ကိုပြုတ်ကျတဲ့အချိန်မှာ ကျွန်တော်တို့ဟာ အမြင့် (၁၅) ပေခန့်ကနေပြုတ်ကျတာနဲ့ တူညီပါလိမ့်မယ်။ ဒါဆိုရင်တော့ သေချာပေါက် အရိုးများကျိုးမှာဖြစ်ပါတယ်။ ဒါပေမဲ့ အသက်ရှင်နိုင်ပါသေးတယ်။

(အချို့ကတော့ ဒီလိုအခြေအနေမျိုးမှာ ကြမ်းပြင်မှာ မှောက်လျက်ကပ်နေဖို့ ဆိုကြပါတယ်။ ဒါဟာ အတော်ဆိုးရွားတဲ့ အကြံဉာဏ်ပါပဲ။ ကျွန်တော်တို့ ခေါင်းကိုတော့ကာကွယ်သင့်ပါတယ်။ ခြေထောက်ကိုပဲကျိုးပါစေ။ ခေါင်းကွဲပြီး သေတဲ့အဆင့်တော့အရောက်မခံသင့်ပါဘူး)

(၅) ထပ်အမြင့်ကနေပြုတ်ကျခြင်း (၄၅ ပေခန့်) – အချိန်ကိုက်ခုန်နိုင်ခဲ့မယ်ဆိုရင် အောက်ကိုပြုတ်ကျတဲ့အချိန်မှာ ကျွန်တော်တို့ဟာ အမြင့်ပေ (၃၀) ခန့်ကနေပြုတ်ကျတာနဲ့ တူညီပါလိမ့်မယ်။ အသက်ရှင်နိုင်ဖို့ကတော့ ခပ်ရေးရေးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတိုင်းနေပြီး သေချာပေါက်သေမှာထက်စာရင် ကြိုးစားသင့်ပါတယ်။ (၁.၇) စက္ကန့်အတွင်း အချိန်ကိုက်ခုန်ရပါလိမ့်မယ်။

အချိန်ကိုက်ခုန်တယ်ဆိုတာဟာလည်း အတော်ကိုကံကောင်းပြီး တွက်ချက်နိုင်မှ၊ သတိကပ်နိုင်မှရပါလိမ့်မယ်။ အနည်းငယ်နောက်ကျသွားတာနဲ့ ကျွန်တော်တို့ဟာ နံရံနဲ့ ရိုက်မိပြီးသားပါပဲ။ နည်းနည်းလေးစောသွားရင် လည်း ဓာတ်လှေကားအမိုးနဲ့ ခေါင်းနဲ့ရိုက်မိပြီး အန္တရာယ်ကြီးပါသေးတယ်။

ဓာတ်လှေကားဟာ ပေ (၅၀) ခန့်အမြင့်ကနေပြုတ်ကျခဲ့တယ်ဆိုရင် သူဟာ အောက်ကိုရောက်တဲ့အချိန်မှာ တစ်နာရီ (၁၂၄) မိုင်နှုန်းနဲ့ ပြုတ်ကျနေပါတယ်။ ဒါပေမဲ့ ဓာတ်လှေကားအောက်မှာပိတ်မိနေမယ့်လေဟာ အောက်ဆုံးအရောက်မှာ အနည်းငယ်သက်သာစေပါလိမ့်မယ်။

ဘယ်လိုပဲနေနေ စိတ်မပူပါနဲ့။ ခုန်သာခုန်ပါ။ ပိုသက်သာစေပါတယ်

နိဂုန်းချုပ်ရမယ်ဆိုရင်တော့ အရမ်းစိတ်မပူပါနဲ့။ အခု နောက်ဆုံးပေါ် ဓာတ်လှေကားများဟာ အသက်ကယ်စနစ်များ၊ လျှပ်စစ်သံလိုက်ဘရိတ်များပါဝင်ပါတယ်။

ဒီမှာအသုံးပြုသွားတဲ့တွက်ချက်နည်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Impact Speed = elevator speed – jump speed

ဒီလိုဆိုရင် ကျွန်တော်တို့ဟာ နယူတန်ရဲ့ မက္ကန်းနစ်များအရ သက်ဆိုင်ရာအရှိန် (speed) များကို အမြင့်ကတစ်ဆင့် တွက်ချက်နိုင်ပါတယ်။

Speed = square root of (2 x g x height)

g ရဲ့တန်ဖိုးကတော့ အားလုံးသိတဲ့ acceleration due to gravity ဖြစ်ပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top