ခြင်ရိုင်းအကောင်ရေ လျော့ကျစေဖို့ မျိုးဗီဇပြုပြင်ထားတဲ့ ခြင်အကောင်ရေ သန်း ၇၅၀ လွှတ်ပေးမယ်

21-8-2020-yyl-011.jpg

ဒေသတွင်း ခြင်ရိုင်းအကောင်ရေ လျှော့ချနိုင်စေဖို့အတွက် မျိုးဗီဇပြုပြင်ထားတဲ့ ခြင်အကောင်ရေ သန်း ၇၅၀ လွှတ်ပေးဖို့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဒေသခံအရာရှိတွေက အတည်ပြုလိုက်ပါပြီ။ သွေးလွန်တုပ်ကွေးရောဂါ၊ ဇီကာဗိုင်းရပ်စ် စတဲ့ ရောဂါပိုးမွှားတွေ သယ်ဆောင်နိုင်တဲ့ ခြင်အကောင်ရေ လျှော့ချဖို့ ရည်ရွယ်ပြီး အခုလို ခွင့်ပြုပေးခဲ့တာပါ။

ဥအုဖို့ သွေးလိုအပ်တဲ့အတွက် ခြင်အမတွေကပဲ လူတွေကို ကိုက်ကြတာပါ။ အဲဒါကြောင့် မျိုးဗီဇပြုပြင်ထားတဲ့ ခြင်အထီးတွေကို လွှတ်ပေးပြီး တောရိုင်းခြင်တွေနဲ့ မိတ်လိုက်စေဖို့ စီစဉ်ခဲ့တာပါ။ မျိုးဗီဇပြုပြင်ထားတဲ့ ခြင်အထီးတွေမှာ ပါဝင်တဲ့ ပရိုတိန်းကြောင့် သားပေါက်လာမယ့် ခြင်အမတွေဟာ ကိုက်နိုင်တဲ့ အရွယ်မရောက်ခင် သေကုန်ကြမှာပါ။ ဝတ်ရည်တစ်မျိုးပဲ စားသုံးကြတဲ့ ခြင်အထီးတွေကတော့ အသက်ရှင်ကျန်ရစ်မှာဖြစ်ပြီး အဲဒီမျိုးဗီဇကို လက်ဆင့်ကမ်း ဖြန့်ဖြူးသွားကြမှာပါ။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ ဒေသတစ်ဝန်းမှာရှိတဲ့ အေဒီးစ်ခြင်(Aedes) အကောင်ရေ လျော့ကျပြီး လူသားတွေကို ရောဂါပိုးကူးစက်ပျံ့နှံ့မှု လျော့ကျသွားမယ်လို့ တွက်ဆထားကြပါတယ်။ အေဒီးစ်ခြင်(Aedes)တွေဟာ သွေးလွန်တုပ်ကွေးရောဂါ၊ ဇီကာဗိုင်းရပ်စ်၊ ဆင်တုပ်ကွေးရောဂါ၊ အသားဝါရောဂါတို့လို သေဆုံးစေနိုင်တဲ့ ရောဂါပိုးမွှားတွေ ပျံ့နှံ့စေနိုင်ပါတယ်။

ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေကတော့ မလိုလားအပ်တဲ့ ဆင့်ကဲသက်ရောက်မှုတွေ ဖြစ်လာစေနိုင်တယ်ဆိုပြီး ဝေဖန်ထောက်ပြခဲ့လို့ အဲဒီစီမံကိန်းအတွက် နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ပါတယ်။ ဒီစီမံကိန်းကြောင့် ဂေဟစနစ် ထိခိုက်နိုင်ပြီး ပိုးသတ်ဆေးဒဏ် ခံနိုင်တဲ့ မျိုးစပ်ခြင်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတွေက သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့စီမံကိန်းဟာ လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင်အတွက် ဘေးထွက်ဆိုးကျိုးမရှိသလို အစိုးရဘက်ကလည်း အသေးစိတ်ချင့်ချိန်သုံးသပ်တဲ့ သုတေသနတွေ လုပ်ခဲ့ပြီးသားဖြစ်တယ်လို့ အဲဒီစီမံကိန်းတွင် ပါဝင်တဲ့ကုမ္ပဏီက ပြောပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ ဖလော်ရီဒါကေးကျွန်း ခြင်ထိန်းချုပ်ရေးခရိုင်အရာရှိတွေက လာမယ့် ၂ နှစ်တာ ကာလအတွင်း မျိုးဗီဇပြုပြင်ထားတဲ့ ခြင်အကောင်ရေ သန်း ၇၅၀ လွှတ်ပေးဖို့ နောက်ဆုံးအတည်ပြုချက်ပေးလိုက်ပါပြီ။ ဒီအစီအစဉ်ကို ဘရာဇီးနိုင်ငံမှာ လက်တွေ့ကွင်းဆင်းစမ်းသပ်မှု ပြုလုပ်ခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ Oxitec ကုမ္ပဏီက ဆိုပါတယ်။ ၂၀၂၁ ခုနှစ်က စတင်ပြီး တက္ကဆက်ပြည်နယ်မှာလည်း မျိုးဗီဇပြုပြင်ထားတဲ့ခြင်တွေ လွှတ်ပေးဖို့ စီစဉ်နေကြပါပြီ။

Ref: BBC “Florida mosquitoes: 750 million genetically modified insects to be released”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top