အသက် ၁၈ နှစ်မှာ ကမ္ဘာ့အသက်အငယ်ဆုံး တက္ကသိုလ်ပရော်ဖက်ဆာ ဖြစ်လာသူ

pro.webp

အသက် ၁၀ နှစ်အရွယ်ကတည်းက တက္ကသိုလ် စတင်တက်ရောက်ခွင့်ရခဲ့တဲ့ အင်ဂျင်နီယာပါရမီရှင်တစ်ဦးဟာ အသက် ၁၈ နှစ်မှာပဲ ကမ္ဘာ့အသက်အငယ်ဆုံး တက္ကသိုလ်ပရော်ဖက်ဆာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက် ၂၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နေသန်သောမတ်စ် (Nathan Thomas) ဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လက ဖလော်ရီဒါပြည်နယ်ရှိ မိုင်ယာမီဒိတ်ကောလိပ် (Miami Dade College) မှာ စာ စတင်သင်ကြားချိန်က အသက် ၁၈ နှစ်၊ ၃၄၆ ရက်သာ ရှိနေပြီး စံချိန်တင်ခဲ့တာလို့ ဂင်းနက်စ်စံချိန်အဖွဲ့က အတည်ပြုခဲ့ပါတယ်။

သောမတ်စ်ဟာ ကိုလင်မက္ကလောရင် (Colin Maclaurin) ရဲ့ ၃၀၆ နှစ်ကြာ စံချိန် (အသက်အငယ်ဆုံး (အမျိုးသား) ပရော်ဖက်ဆာ)ကို ချိုးဖျက်နိုင်ခဲ့သလို ၂၀၀၈ ခုနှစ်က အသက် ၁၈ နှစ်နှင့် ၃၆၂ ရက်ဖြင့် အသက်အငယ်ဆုံး (အမျိုးသမီး) ပရော်ဖက်ဆာစံချိန် တင်ခဲ့တဲ့ အလီယာဆာဘာ (Alia Sabur) ထက်လည်း ၁၆ ရက် ပိုစောပြီး သမိုင်းတလျှောက် အသက်အငယ်ဆုံး (အမျိုးသား/အမျိုးသမီး) ပရော်ဖက်ဆာအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။

သောမတ်စ်ဟာ အသက် ၁၀ နှစ်အရွယ်က မိုင်ယာမီဒိတ်ကောလိပ်မှာ ကျောင်းနှစ်ကျောင်း ပြိုင်တူ တက်ရောက်ခဲ့ပြီး အသက် ၁၄ နှစ်မှာ ဖလော်ရီဒါနိုင်ငံတကာတက္ကသိုလ် (Florida International University) သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်နဲ့ မဟာဘွဲ့ (Master’s Degree) ရရှိခဲ့တာပါ။ လက်ရှိမှာတော့ သောမတ်စ်ဟာ မိုင်ယာမီတက္ကသိုလ် ဥပဒေကျောင်း (University of Miami School of Law) မှာ ဥပဒေပါရဂူဘွဲ့ကို ဆက်လက်ဆည်းပူးနေပြီး ၂၀၂၈ ခုနှစ်မှာ ဘွဲ့ရမယ်လို့ မျှော်မှန်းထားပါတယ်။

သူဟာ STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ) ကဏ္ဍကို အဓိကထားတဲ့ မူပိုင်ခွင့်ဥပဒေ (Intellectual Property Law) နယ်ပယ်မှာ လုပ်ကိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref: Florida teen becomes world’s youngest college professor at 18

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top