ကပ်ရောဂါအတွင်း အယ်ဇိုင်မား ရောဂါသည်ခင်ပွန်းကို တွေ့ခွင့်ရဖို့ ပန်းကန်ဆေးတဲ့အလုပ် လုပ်နေရသူ

14-7-2020-yyl-018.jpg

မယ်ရီ ဒန်နီရယ်ဆိုသူ အမျိုးသမီးကြီးက မတ်လအလယ်ထိတိုင်အောင် ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဗီးလ်မြို့အပြင်ဘက် ကုသရေးစင်တာမှာ ဆေးကုသနေရတဲ့ခင်ပွန်းဆီကို နေ့တိုင်းအလည်သွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါပေမဲ့ နောက်ပိုင်းမှာတော့ COVID-19 ကပ်ရောဂါကြောင့် ဧည့်သည်အလာမခံတော့တဲ့အတွက် မယ်ရီက သူ့ခင်ပွန်းဆီ သွားလည်ခွင့်မရတော့ပါဘူး။ သူ့ခင်ပွန်းဆီ သွားလည်ဖို့အရေး လက်ချိုးရေကာ စောင့်ဆိုင်းခဲ့ရပါတယ်။

အသက် (၆၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မယ်ရီရဲ့ခင်ပွန်းက အယ်ဇိုင်မားရောဂါကို စောစီးစွာ ခံစားခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ဇူလိုင်လကတည်းက Rosecastle Assisted Living and Memory Care မှာ နေထိုင်ကာ ကုသမှုခံယူနေရပါတယ်။ “ကျွန်မ နေ့တိုင်း သူ့ကိုလာတွေ့ဖြစ်ပါတယ်။ ကျွန်မတို့အတူတူ တီဗီကြည့်ဖြစ်ကြပါတယ်။ ဒီလိုအပူပင်ကင်းတဲ့နည်းလမ်းနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်ခဲ့ပါတယ်။ သူ အိပ်ပျော်သွားမှသာ ကျွန်မ အိမ်ပြန်ပြီး နောက်နေ့ ပြန်လာခဲ့ပါတယ်။ မတ်လ ၁၁ ရက်နေ့က ကျွန်မကို လာလည်လို့မရတော့ဘူးလို့ သူတို့ ခေါ်ပြောပါတယ်”လို့ မယ်ရီက ပြောပါတယ်။

COVID-19 က မယ်ရီတို့စုံတွဲကို (၁၁၄) ရက်လောက် ခွဲထားခဲ့ကြပါတယ်။ သူတို့စုံတွဲက ပြတင်းပေါက်ကနေ တွေ့ကြတဲ့အပြင် FaceTime call ကနေလည်း စကားပြောခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ မင်္ဂလာသက်တမ်း ၂၄ နှစ်ရှိတဲ့ သူတို့စုံတွဲကို ဘယ်အရာကမှ မဖြတ်တောက်နိုင်ခဲ့ပါဘူး။ Rosecastle Assisted Living and Memory Care မှာ ပန်းကန်ဆေးဝန်ထမ်းအလုပ်ခေါ်တဲ့အချိန်မှာ မယ်ရီက ဒီအခွင့်အရေးကို အကျိုးရှိရှိ ဖမ်းဆုပ်ထားနိုင်ခဲ့ပါတယ်။ “ဒီအလုပ်က ရိုးသားတဲ့အလုပ်ဖြစ်တဲ့အတွက် အကောင်းဆုံးပန်းကန်ဆေးသမားဖြစ်ချင်ပါတယ်။ ဒါက တကယ်ပါ”လို့ မယ်ရီက ပြောပါတယ်။ မယ်ရီဟာ မီးဖိုချောင်က အခြားဝန်ထမ်းတွေလိုပဲ ပန်းကန်ဆေးရတယ်၊ ကြမ်းတိုက်ရတယ်၊ ငွေထည်တွေကို အရောင်တင်ရပါတယ်။

ဇူလိုင် ၁ ရက်နေ့က သူ အလုပ်စဆင်းတဲ့ရက်ဖြစ်တဲ့အပြင် လတော်တော်ကြာခွဲခွာနေရတဲ့ ခင်ပွန်းနဲ့ဇနီးတို့ ပြန်လည်ဆုံစည်းတဲ့ရက်လည်းဖြစ်ပါတယ်။ “ကျွန်မ သူ့ကို သွားတွေ့တော့ မယ်ရီလို့ပြောပြီး ငိုပါလေရော၊ ကျွန်မလည်း ငိုခဲ့တယ်။ သူနဲ့ ပြန်တွေ့ရပြီး ကျွန်မ အရမ်းနောက်မကျပါဘူး”လို့ မယ်ရီက ပြောပါတယ်။ မယ်ရီက ချစ်တဲ့သူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ အခက်အခဲဖြစ်နေတဲ့မိသားစုတွေကို အကူအညီပေးဖို့အတွက်လည်း ဖေ့စ်ဘွတ်ခ်ဂရုတစ်ခု ဖွင့်ထားပါတယ်။

Ref: ABCNews “Florida woman takes dishwashing job so she can visit husband with Alzheimer’s during pandemic”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top