ဖက်တီးလေးဘဝကနေ ဘောလုံးကြယ်ပွင့်ဖြစ်လာတဲ့ ဟာရီကိန်း

sport-preview-harry-kane-arsenal.jpg

“ဒီဖက်တီးလေးက ဘယ်သူလဲလို့ နည်းပြတစ်ယောက်က ကျွန်တော့်ကို ခပ်ဆတ်ဆတ် မေးပါတယ်။ အဲဒီချိန်တုန်းက ဟာရီကိန်း အသက် ၁၁ နှစ်ပဲ ရှိပါသေးတယ်။

ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုနဲ့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ စပါးအကယ်ဒမီမှာ တက်ခွင့်ရမှာ မဟုတ်ပါဘူး” လို့ စပါးအသင်းရဲ့ လူငယ် အကယ်ဒမီအတွက် ကစားသမားသစ်တွေ အားဖြည့် ခေါ်ယူပေးခဲ့တဲ့ ကင်းထောက် အကြီးအကဲ ရစ်ချက်အလန်က ပြောပါတယ်။

ဒီနှစ်အစောပိုင်းမှာ စပါးက တိုက်စစ်မှူး ဟာရီကိန်းကို ပေါင် ၁၇၂ သန်း တန်ကြေးရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေး တစ်ပြားမှမပေးရဘဲ ခေါ်ထားတဲ့ လူငယ် ကစားသမားတစ်ယောက် အတွက် တော်တော်များတဲ့ ဈေးနှုန်းပါပဲ။ ဘောလုံးသမားတွေရဲ့ ပြောင်းရွှေ့ကြေး မြင့်မားလာတဲ့ အနေအထားကြောင့် ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေက လူငယ်ကစားသမားတွေ ရှာဖွေပြီး မြေတောင်မြှောက်ဖို့ ပိုအားထုတ်လာကြတာပါ။

လူငယ်ကစားသမားတွေ ရှာဖွေမြေတောင်မြှောက်ရာမှာ ကစားသမားတွေရဲ့ မှတ်တမ်းအချက်အလက်တွေကို ပိုအားထားလာကြတယ်လို့ ရစ်ချက်အလန်က ပြောပါတယ်။ အရင်တုန်းကဂိုးဘယ်လောက် သွင်းနိုင်လဲ၊ ဂိုးပေါက် ဘယ်နှစ်ကြိမ် ကန်သွင်းနိုင်လဲဆိုတဲ့ ကိန်းဂဏန်းတွေကို အဓိကထားကြပေမယ့် အခုအချိန်မှာတော့နည်းပညာ တိုးတက်လာလို့ ဘောလုံးမပါချိန်မှာ ဒီကစားသမားရဲ့ ရွေ့လျားမှုက ဘယ်လိုလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ကြည့်ရှုနေနိုင်ပါပြီ။

နာမည်ကျော် ကြယ်ပွင့်ဖြစ်လာနိုင်တဲ့ ဒါမှမဟုတ် အမြတ်များများနဲ့ ပြန်ရောင်းလို့ရနိုင်မယ့် လူငယ်ကစားမားတွေ ရှာဖွေတာ ပရော်ဖက်ရှင်နယ်ကလပ်တွေအတွက် စီးပွားရေးလုပ်ငန်းကောင်း တစ်ခုပါပဲ။ ဥရောပတလွှားမှာ ကျင့်သုံးနေတဲ့ ဘဏ္ဍာရေး ညီညွတ်မျှတမှု စည်းမျဉ်းအရ ကလပ်တွေကို အသုံးစရိတ် ညီညွတ်မျှတအောင်လုပ်ပြီး ငယ်မွေးခြံပေါက် ကစားသမားတွေ ပြုစုပျိုးထောင်ဖို့ တွန်းအားပေးနေတဲ့ ကာလမျိုးမှာ လူငယ်ကစားသမား မြေတောင်မြှောက်ရေးလုပ်ငန်းက ပိုအရေးပါလာပါတယ်။

ပေါင်သန်းချီ တန်ကြေးရှိလာနိုင်တဲ့ လူငယ်ဘောလုံးသမားတွေ ရှာဖွေ ပျိုးထောင်ဖို့ဆိုတာ ချောမွေ့ ဖြောင့်ဖြူးတဲ့ လမ်းတစ်ခု မဟုတ်သလို သေချာရေရာခြင်း မရှိတဲ့ကိစ္စပါ။ နည်းပြတွေက လူ့စွမ်းရည်နဲ့ ထိုးထွင်းသိမြင်နိုင်စွမ်း ရှိဖို့လိုတယ်လို့ ရစ်ချက်အလန်က ပြောပါတယ်။ လူငယ်ကစားသမားတွေ ထိပ်တန်းအဆင့် ပြိုင်ပွဲမှာ အောင်မြင်မှု ရနိုင်မလားဆိုတာ ချက်ချင်းဆုံးဖြတ်နိုင်ဖို့ ခက်ခဲတယ်လို့ သူက ဆိုပါတယ်။

”ထိပ်တန်းအဆင့် စွမ်းဆောင်မှုမျိုး တသမတ်တည်း မပြနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ သူ့ကို ဘာလို့ စာချုပ် ချုပ်ခဲ့တာလဲဆိုတော့ သူ့ရဲ့ ကန်ချက်တွေက ကောင်းတယ်။ သူက အမြဲတမ်း ဂိုးတွေ သွင်းနိုင်တယ်။ သူက နည်းစနစ်ကောင်းလို့ ကန်ချက်တွေကောင်းပြီး ဂိုးတွေ သွင်းနိုင်တာပါ။ ဟာရီကိန်း ငယ်ငယ်တုန်းက လူကောင်နည်းနည်းသေးပေမယ့် သူ့အဖေက ထွားပါတယ်။ အဲဒါကြောင့် သူလည်း သူ့အဖေလို ထွားလာနိုင်တယ်လို့ ကျွန်တော်တို့ တွက်ခဲ့ကြတယ်။ သူက ဆုံးဖြတ်ချက် ခိုင်မာသလို အရမ်းလည်း ကြိုးစားပါတယ်။ လေ့လာသင်ယူတဲ့နေရာမှာ ထူးချွန်ပြီး သိချင်၊ တတ်ချင်စိတ်ပြင်းပြသူပါ”လို့ ရစ်ချက်အလန်က ပြောပါတယ်။

COMMERCE CITY, CO – JULY 29: Harry Kane #18 of Tottenham Hotspur warms up before the 2015 AT&T Major League Soccer All-Star game against the MLS All-Stars at Dick’s Sporting Goods Park on July 29, 2015 in Commerce City, Colorado. (Photo by Dustin Bradford/Getty Images)

၁၉၉၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဟာရီကိန်းဟာ အသက် ၈ နှစ်အရွယ်မှာ အာဆင်နယ်အကယ်ဒမီ တက်ရောက်ခဲ့ပေမယ့် တစ်ရာသီအကြာမှာပဲ အာဆင်နယ် အကယ်ဒမီက သူ့ကို ထွက်ခွာခွင့် ပေးခဲ့ပါတယ်။ ဟာရီကိန်းကို ထွက်ခွာခွင့် ပေးခဲ့တဲ့ အာဆင်နယ် အကယ်ဒမီရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်မိတယ်လို့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောခဲ့ပါတယ်။ အာဆင်နယ်အကယ်ဒမီက ထွက်လာပြီးတဲ့နောက် စပါး အကယ်ဒမီကို တက်ရောက်ခဲ့တဲ့ ဟာရီကိန်းရဲ့ ငယ်ဘဝ စံပြကစားသမားကတော့ တက်ဒီရှရင်ဂမ်ပါပဲ။

ဟာရီကိန်းဟာ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ စပါးနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၁ ခုနှစ်က Heart of Midlothian နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ စပါးအတွက် ပထမဆုံးပွဲ ကစားခွင့် ရခဲ့ပေမယ့် အဲဒီကာလတစ်ဝိုက်က လေတန်အိုရီးယန့်၊ မီဝေါလ်၊ နောဝစ်ခ်ျ၊ လက်စတာအသင်းတွေမှာ အငှား သွားရောက်ကစားခဲ့ရပြီး ၂၀၁၄ ဧပြီလမှာ နည်းပြ တင်ရှားဝုဒ်က ဟာရီကိန်းကို ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ကစားခွင့် ပေးခဲ့ပါတယ်။

၂၀၁၄-၂၀၁၅ ရာသီမှာ စပါးအတွက် ပုံမှန် ပွဲထွက်ခွင့်ရခဲ့တဲ့ ဟာရီကိန်းဟာ နောက်ဆုံး ၂ ရာသီဆက်တိုက် ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ပြီး စပါးအသင်း သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ အဆင့်(၇)နေရာ ရပ်တည်နေပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂၄ ဂိုး သွင်းယူထားတဲ့ ဟာရီကိန်းဟာ ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ပွဲမှာ ညာဘက်ခြေကျင်းဝတ် အရွတ် ထိခိုက်သွားလို့ သီတင်းပတ် ၆ ပတ် အနားယူနေရပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ ထိပ်တန်းတိုက်စစ်မှူးအဖြစ် ပါဝင်လာဖို့ ရှိနေသူပါ။

Ref : BBC

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top