ဖာဂူဆန်ခေတ်လွန်မှာ မန်ယူအတွက် သမိုင်းဝင်ည ဖန်တီးပေးနိုင်ခဲ့တဲ့ ဆိုးလ်ရှား

fb1.jpg

မန်ယူက ပီအက်စ်ဂျီကို အဝေးကွင်းမှာ (၁-၃) ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါပြီ။ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက (၂) ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ မန်ယူဟာ နှစ်ကျော့ပေါင်းရလဒ် (၃-၃) ဖြစ်ခဲ့ပေမဲ့ အဝေးဂိုးစည်းမျဉ်းနဲ့ နောက်တစ်ဆင့် တက်သွားခဲ့တာပါ။

ပွဲပယ်နဲ့ ဒဏ်ရာကြောင့် အဓိက ကစားသမား ၁၀ ယောက် မပါဝင်နိုင်တဲ့ မန်ယူဟာ ရက်ရှ်ဖို့ဒ်၊ လူကာကူ တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ ဖရက်ဒ်၊ တွမ်မီနေး၊ ပါရဲရား၊ အက်ရှ်လေယန်းတို့ကို အသုံးပြုခဲ့ပါတယ်။ ပွဲချိန် (၂) မိနစ်မှာ ခါရာ နောက်ပြန်ပေးတဲ့ ဘောလုံးကို လူကာကူက ဖြတ်လုပြီး ဂိုးသမား ဘူဖွန်ကို ကျော်ဖြတ်ပြီး အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၁၁၁ စက္ကန့်မှာ သွင်းယူခဲ့တဲ့ လူကာကူရဲ့အဖွင့်ဂိုးဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်မှာ အမြန်ဆုံးဂိုးဖြစ်လာခဲ့ပါတယ်။

ဒီဂိုးကြောင့် မန်ယူဟာ ပြိုင်ပွဲစုံ အဝေးကွင်းပွဲစဉ် (၂၁) ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့အသင်း ဖြစ်လာခဲ့ပြီး ဂန္ထဝင်နည်းပြ ဆာမတ်စ်ဘတ်ဘီလက်ထက် မန်ယူအသင်းရဲ့စံချိန်(၁၉၅၆ နိုဝင်ဘာလကနေ ၁၉၅၇ စက်တင်ဘာလကြား ကာလအတွင်း)နဲ့ တူညီသွားခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန် (၁၂) မိနစ်မှာပဲ ပီအက်စ်ဂျီအသင်း ချေပဂိုး ပြန်ရခဲ့ပါတယ်။ ညာတောင်ပံကနေ အမ်ဘာပေ ဧရိယာထဲ ပြန်ချိုးပေးတဲ့ ဘောလုံးကို ဟွမ်ဘားနတ်က ပြေးဝင်ပိတ်သွင်းခဲ့တာပါ။ မန်ယူခံစစ်ပိုင်းက ဘိုင်လီ အငိုက်မိနေလို့ မန်ယူအသင်း ချေပဂိုးပြန်ပေးလိုက်ရတာပါ။

ညာနောက်ခံလူအဖြစ် ကစားခဲ့တဲ့ ဘိုင်လီဟာ ဒီမာရီယာ၊ အမ်ဘာပေ၊ ဟွမ်ဘားနတ်တို့ရဲ့ ဘယ်တောင်ပံ တိုက်စစ်ကို မထိန်းနိုင်ခဲ့ပါဘူး။ ပွဲချိန် မိနစ် (၂၀) မှာ ဟွမ်ဘားနတ်ရဲ့ကန်ချက်ကို ဒီဂီယာ ပုတ်ထုတ်ကာကွယ်ခဲ့ရပါတယ်။ ပွဲချိန် (၃၀) မိနစ်မှာ မန်ယူအသင်း ဒုတိယဂိုး ရခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ကိုက် (၃၀) အကွာကန်ချက်ကို ဘူဖွန် ဖမ်းရာမှာ ပြန်အန်ထွက်ခဲ့ပြီး အသင့်ရှိနေတဲ့ လူကာကူက ပြေးဝင်ပိတ်သွင်းခဲ့လို့ မန်ယူ ဂိုးရခဲ့တာပါ။

ပီအက်စ်ဂျီဟာ ပွဲကို လွှမ်းမိုးနိုင်ပေမဲ့ တစ်ဦးချင်း အမှားတွေကြောင့် ဂိုးတွေပေးခဲ့ရတာပါ။ မန်ယူဘက်မှာတော့ ဘိုင်လီနေရာကို ဒါလော့ ဝင်ကစားပြီးနောက် ညာနောက်ခံ အစွန်ဘက်မှာ ပိုတည်ငြိမ်သွားခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒီမာရီယာ တစ်ဂိုးပြန်သွင်းခဲ့ပေမဲ့ လူကျွံဘော ဖြစ်ခဲ့ပါတယ်။ ပွဲချိန် (၈၄) မိနစ်မှာ အမ်ဘာပေက ဂိုးသမား ဒီဂီယာကို လှည့်ထွက်ပြီး ဟွမ်ဘားနတ်က ကန်သွင်းရာမှာ တိုင်ထိထွက်ခဲ့ပါတယ်။

ပီအက်စ်ဂျီက (၁-၂) ရလဒ်ကို ထိန်းကစားဖို့ ကြိုးစားခဲ့ပေမဲ့ ပွဲချိန် (၉၀) မိနစ်မှာပဲ ပွဲအလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။ ဒါလော့ရဲ့ကန်ချက်ကို ဧရိယာထဲမှာရှိနေတဲ့ ကမ်ပမ်ဘီ လက်ထိခဲ့လို့ ကွင်းလယ်ဒိုင်က VAR ဗီဒီယိုလက်ထောက်ဒိုင်နည်းပညာနဲ့ ဆုံးဖြတ်ပြီး မန်ယူကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။ ပင်နယ်တီကနေ ရက်ရှ်ဖို့ဒ်က တတိယဂိုး သွင်းယူခဲ့ပြီး မန်ယူကို ကွာတားဖိုင်နယ် ပို့ဆောင်ပေးခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ဟာ မန်ယူအတွက် ပြိုင်ပွဲတစ်ရပ်မှာ ပင်နယ်တီကန်ခွင့်ရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မန်ယူဟာ ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ (၂) ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဖာဂူဆန်ခေတ်လွန်မှာ မန်ယူအသင်းရဲ့ သမိုင်းဝင်ညတစ်ညကို ဆိုးလ်ရှားက ဖန်တီးပေးနိုင်ခဲ့ပါပြီ။

ပေါ်တိုနဲ့ ရိုးမားတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သာမန်ပွဲချိန်အတွင်း ပေါ်တိုက (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၃-၃) ဂိုးစီ တူညီနေလို့ အချိန်ပိုဆက်ကစားရာမှာ ပေါ်တိုက ပင်နယ်တီဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်လှမ်းသွားခဲ့ပါတယ်။

Nz (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top