သရက်သီးခေါင်းအုံးမုန့်

35388039_1079309492220796_4840029445072879616_n.jpg

ရိုးရာလေး ပရိသတ်ကြီးရေ…ဒီတစ်ပတ်ပိတ်ရက်မှာ သရက်သီးခေါင်းအုံးမုန့်လုပ်စားကြည့်ပါလား။ မေကတော့ အရမ်းလွယ်တယ်ထင်လို့ လုပ်စားကြည့်ဖြစ်တယ်။

ဆိုင်တွေမှာ ဈေးကြီး ပေးဝယ်စား စရာမလိုတော့ဘဲ အိမ်မှာပဲ လုပ်စားလိုက်တော့ အဆင်ပြေတာပေါ့။ ဒူးရင်းသီးကြိုက်တဲ့လူတွေကတော့ မုန့်ပြားထဲမှာ သရက်သီးစိပ်လေးရော ဒူးရင်းသီးအသားပါထည့်ပြီး ဒူးရင်းသရက်ခေါင်းအုံးမုန့် လုပ်စားလို့ရပါတယ်နော်။

ပါဝင်ပစ္စည်းများ (၁၂ ခုစာ )မုန့်ပြားလုပ်ဖို့ လိုအပ်တာတွေက – နွားနို့၁ ခွက် (၂၄၀ မီလီလီတာ ) ၊ ဂျုံရိုးရိုး ၅၀ ဂရမ် ၊ ပြောင်းဖူးမှုန့် ၃၀ ဂရမ် ၊ သကြား ၂၅ ဂရမ်၊ ကြက်ဥ အနေတော် ၃ လုံး ၊ ထောပတ် ၁၀ ဂရမ် တို့ပဲဖြစ်ပါတယ်။

ခေါင်းအုံးမုန့်အစာသွပ်ဖို့လိုအပ်တာတွေက – whipping cream -၃၀၀ မီလီလီတာ ၊ ဗနီလာ လက်ဖက်ရည်ဇွန်း တစ်ဝက် ၊ သကြား စားပွဲတင်ဇွန်း တစ်ဝက် ၊ သရက်သီး ၃ လုံး( အတုံးတုံးထား ) ဖြစ်ပါတယ်။

 

ပြုလုပ်ပုံ အဆင့်ဆင့်ကိုကြည့်ရအောင်

– ဇလုံ တစ်လုံးထဲမှာ နွားနို့ထည့်ပါ။ ဂျုံ ၊ ပြောင်းဖူးမှုန့်၊ သကြား တို့ထည့်ပြီး မွှေတံလေးနဲ့ သမအောင်မွှေပါ။ ကြက်ဥ နဲ့ ထောပတ်အရည်တို့ကို ရောထည့်ပြီး မုန့်နှစ်ပြုလုပ်ပါ။ ဇကာပါးလေးသုံးပြီး မုန့်နှစ်ရည်ကို ပန်းကန်လုံးအသစ်ထဲလောင်းထည့်ပါ။

-အိုးမကပ်တဲ့ ဒယ်အိုး (non-stick frying pan) ကို အပူချိန် နိမ့်နိမ့် နဲ့ အပူပေးပါ။ မုန့်နှစ်ရည် နည်းနည်းကို ဒယ်အိုးထဲ ထည့်ပြီး မုန့်သားကို ဒယ်အိုးအပြည့်ဖြည့်ပါ။

– မုန့်ပြားအောက်ခြေကကြွတက်လာပြီ ဆိုရင် ဒယ်အိုးထဲကဖယ်ပြီး ပန်းကန်ပြားပေါ်တင်ကာ အအေးခံပါ။ မုန့်နှစ်ရည် အကုန်ကုန်သွားတဲ့အထိ မုန့်ပြား ပြုလုပ်ပါ။

– မုန့်ပြားလေးတွေ အအေးခံထား တုန်း whipping cream ၊ ဗနီလာ နဲ့သကြားရောပြီး ခရင်မ်ဖြစ်တဲ့အထိမွှေပါ။

-မုန့်ပြား တစ်ချပ်ရဲ့အလယ်မှာ ခရင်မ်ကို ဇွန်းနဲ့ယူပြီး တင်ပါ။ သရက်သီး တစ်စိပ်ကို ခရင်မ်အပေါ်ကအုပ်ပါ။ မုန့်ပြား လေးဖက်လေးရံကို ခေါက်ပြီး ခေါင်းအုံးပုံ ပြုလုပ်ပါ။ ပန်းကန်ပြားပေါ်မှာ ခေါက်လျက်လေး ထားလိုက်ရင် စားချင်စဖွယ် သရက်သီး ခေါင်းအုံးမုန့်ရပါပြီ။(*whipping cream ကိုတော့ မုန့်ဖုတ် ပစ္စည်း ရောင်းတဲ့ဆိုင်တွေမှာ ဝယ်ယူလို့ရပါတယ်နော်)

 

Alice May (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top