ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေ ကိုဗစ်ကူးစက်ခံရရင် ကြုံတွေ့ရနိုင်မယ့် ရောဂါလက္ခဏာများ

7-7-2021-yyl-20.jpg

ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုက မပြီးဆုံးသေးတဲ့အပြင် ကိုဗစ်တတိယလှိုင်းတောင် ဖြစ်နေပါပြီ။ ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုက ထိရောက်မှုမရှိဘူးဆိုတဲ့ သက်သေပြချက်တွေလည်း တိုးလာနေပါတယ်။ အခုဆိုရင် ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေလည်း ကိုဗစ်ရောဂါကူးစက်ခံနေရပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပါရက်နဲ့ ကိုဗစ်ကူးစက်ခံနေရတဲ့သူတွေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့သူရဲ့ ကူးစက်နိုင်ခြေက မထိုးထားတဲ့သူနဲ့ ယှဉ်ရင် တော်တော်တော့ ကွဲပြားပါတယ်။

ရောဂါပြင်းထန်မှုနည်းတာ၊ ဆေးရုံတက်ရနိုင်ခြေနည်းတာတွေပါပဲ။ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေ ကိုဗစ်ကူးစက်ခံရရင် ခံစားရမယ့် ကိုဗစ်လက္ခဏာရပ်မှာလည်း ကွာခြားမှုရှိတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ရောဂါပြင်းထန်မှုနဲ့ ရောဂါလက္ခဏာတွေကလည်း ကာကွယ်ဆေးအမျိုးအစားနဲ့ လူတစ်ဉီးချင်းစီပေါ်မူတည်ပြီး ကွဲပြားနိုင်တယ်ဆိုတာ သိထားရပါမယ်။ ကာကွယ်ဆေးထိုးထားတဲ့သူတွေ ထုတ်ပြောလာတဲ့ ကိုဗစ်ကူးစက်ခံရရင် ခံစားရမယ့် ရောဂါလက္ခဏာရပ်တွေကတော့

ခေါင်းကိုက်ခြင်း

ခေါင်းကိုက်ခြင်းက ကိုရိုနာဗိုင်းရပ်စ်ရဲ့အဖြစ်များဆုံးလက္ခဏာတွေထဲက တစ်ခုဖြစ်ပြီး ကာကွယ်ဆေးထိုးထားတဲ့သူတွေ ကိုဗစ်ကူးစက်ခံရရင် ခံစားရတဲ့ လက္ခဏာရပ်တစ်ခုအဖြစ်လည်း ထုတ်ပြန်ထားပါတယ်။ နဖူး၊ နားထင်တစ်ဝိုက် နာကျင်ကိုက်ခဲမှုက ရောင်ရမ်းမှုရဲ့ ရလဒ်ဖြစ်နိုင်ပြီး ကြွက်သားနာကျင်မှု၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုနဲ့အတူ ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းကို (၃) ရက်ကျော် ခံစားရပြီရင် ခြေ၊ လက်၊ လက်မောင်း ထုံကျင်တာတွေလည်း ပေါ်လာနိုင်ပါတယ်။

နှာစေးခြင်း

အခုဆိုရင် ဆရာဝန်တွေက နှာစေးတာ၊ နှာပိတ်တာတွေဖြစ်တတ်တဲ့ အအေးမိတာလို လက္ခဏာရပ်တွေကို လျစ်လျူရှုထားလို့မရဘူးလို့ သတိပေးနေပါတယ်။ အဲဒီလက္ခဏာဖြစ်လာရင်လည်း ဆေးစစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်တုံ့ပြန်မှုအားကောင်းလာရင် နှာစေးတာလို အသက်ရှုလမ်းကြောင်းဆိုင်ရာလက္ခဏာရပ်တွေကို အများဆုံး ကြုံတွေ့ရနိုင်ပါတယ်။

နှာချေတာ

လေ့လာချက်တော်တော်များများမှာတော့ နှာချေတာကာကွယ်ဆေးထိုးနှံထားတဲ့သူတွေ သတိထားရမယ့် လက္ခဏာဖြစ်တယ်လို့ ဆိုထားပါတယ်။ အရမ်းနှာချေတာက ကိုဗစ်ကူးစက်ခံရပြီးနောက် ကာကွယ်ဆေးထိုးနှံထားတဲ့လူတွေ မျှဝေထားတဲ့ လက္ခဏာဖြစ်ပါတယ်။ နှာချေတာက ကူးစက်ရောဂါရဲ့လက္ခဏာရပ်မဟုတ်ပေမဲ့ မကြာခဏနှာချေတာက ကူးစက်ရောဂါအတွက် ဆေးစစ်ဖို့ လိုအပ်တဲ့ လက္ခဏာရပ်ဖြစ်တယ်လို့ လေ့လာချက်တွေက ထောက်ပြထားပါတယ်။ ကျွမ်းကျင်ပညာရှင်တွေက နှာချေတာနဲ့ ကူးစက်ရောဂါကြားဆက်စပ်မှုကို ရှာတွေ့ဖို့ ကြိုးစားနေတုန်းပါပဲ။

လည်ချောင်းနာတာ

ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေက ကိုဗစ်လက္ခဏာရပ်တွေဆိုတာ လူတိုင်းသိထားပြီးသားဖြစ်ပါတယ်။ အခုအချိန် လည်ချောင်းနာမယ်ဆိုရင် ရာသီတုပ်ကွေးရောဂါနဲ့ ရောသွားနိုင်ပါတယ်။ လည်ချောင်းနာတာကို ကိုဗစ်ကာကွယ်ဆေးထိုးမထားတဲ့သူရော ထိုးထားတဲ့သူရော ကိုဗစ်ကူးစက်ခံရရင် ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် အစားအစာမြိုချရင် လည်ချောင်းနာတာ၊ အသံဝင်တာ၊ အသက်ရှုရခက်တာတွေကြုံတွေ့ရပြီဆိုရင် ကိုဗစ်စစ်ဖို့ လိုအပ်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

အခြားလက္ခဏာရပ်တွေလည်း ဖြစ်ပေါ်လာနိုင်သလား

ကာကွယ်ဆေးထိုးထားတဲ့သူတွေကြား ခံစားရတဲ့အဖြစ်များဆုံး လက္ခဏာရပ်တွေအပြင် ဗိုင်းရပ်စ်က မျိုးကွဲတွေဆက်လက်ထွက်ပေါ်နေတဲ့အတွက် အသက်ရှုရခက်တာ၊ ဝမ်းလျှောတာ၊ အစာအိမ်နာတာ၊ မအီမသာဖြစ်တာ၊ မူးဝေတာ၊ ပင်ပန်းနွမ်းလျတာနဲ့ ကြွက်သားနာကျင်ကိုက်ခဲတာလို အခြားလက္ခဏာတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးတာက ရောဂါလက္ခဏာရပ်တွေရဲ့ပြင်းထန်မှုကို ဖြတ်တောက်ပေးနိုင်ပြီး အရမ်းကြီးဆိုးရွားတဲ့ကူးစက်မှုမျိုးတော့ဖြစ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

အထက်ဖော်ပြပါ လက္ခဏာရပ်တွေကို ကာကွယ်ဆေးမထိုးထားတဲ့သူတွေလည်း ကိုဗစ်ကူးစက်ခံရရင် ကြုံတွေ့ရကောင်းရနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ကိုဗစ်တတိယလှိုင်းက အရမ်းဆိုးရွားလွန်းတဲ့အတွက် ကာကွယ်ဆေးမထိုးထားတဲ့သူတွေရော ထိုးနှံထားတဲ့သူတွေပါ ရောဂါကူးစက်မခံရဖို့ အပြင်မထွက်ဘဲ အိမ်မှာပဲနေပြီး တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထားပါ။ ရောဂါအလွယ်တကူမဝင်ရောက်နိုင်ဖို့ ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ဝစွာ စားသောက်နေထိုင်ဖို့လည်း အကြံပြုလိုက်ရပါတယ်။

Ref: Coronavirus: Most common symptoms reported if you contract coronavirus after vaccination

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top