သဘာဝကိုယ်ခံအားစနစ် ကို အားဖြည့်ပေးမယ့် အစားအစာ (၆) မျိုး

5-4-2020-yyl-004.jpg

ရောဂါပိုးတွေက စုံလင်လာတဲ့ဒီဘက်ခေတ်မှာ ဘယ်လိုနည်းနဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ရမလဲ အမြဲရှာဖွေကြိုးစားကြည့်ကြမှာပါပဲ။ နှာခေါင်းစည်းတွေဝယ်တပ်ရမလား၊ အားဆေးတွေပဲ ဝယ်သောက်ရမလား၊ နှစ်မိနစ်တစ်ခါ လက်ဆေးရမလား၊ လက်သန့်ဆေးရည်ဘူး တကိုင်ကိုင်နဲ့ နေရမှာလားနဲ့ စိုးရိမ်မကင်းဖြစ်နေတတ်တာပေါ့။

တကယ်တော့ ဘယ်အခြေအနေမှာဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က အဓိကကျတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ကာကွယ်မှုအလေ့အထတွေ လိုက်နာသင့်ပေမယ့် ကိုယ်ခံအားပြည့်ဝဖို့ ဂရုမစိုက်နိုင်ရင်၊ ကိုယ်ခံအားနည်းတယ်ဆိုရင် ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ပိုများပါတယ်။

တခြားနည်းလမ်းတွေလည်း ကြိုးစားရင်း တစ်ဖက်မှာလည်း ကိုယ်နေ့စဉ်စားနေတဲ့ အစားအစာတွေထဲကနေ ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။

အစွမ်းထက်တဲ့ အစားအစာ (၆) မျိုး

(၁) ပန်းငရုတ်ပွ

သံပရာသီး၊ လိမ္မော်သီးတွေမှာမှ ဗီတာမင် C ပါဝင်တာမဟုတ်ပါဘူး။ ပန်းငရုတ်ပွအနီတွေမှာ လိမ္မော်သီးလိုအရည်ရွှမ်းအချဉ်သီးတွေထက် ဗီတာမင် C နှစ်ဆပါဝင်နိုင်ပါတယ်။ အလတ်ဆိုဒ် ရှိတဲ့ ပန်းငရုတ်ပွတစ်လုံးမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ကို ကောင်းကောင်းဖြည့်တင်းပေးနိုင်တဲ့ ပမာဏ ပါဝင်တယ်လို့ ပညာရှင်တွေက ဖော်ပြထားပါတယ်။

ပန်းငရုတ်ပွအစိမ်းတွေနဲ့ယှဉ်ရင် အနီတွေက ဗီတာမင် C တစ်ဆခွဲ၊ ဗီတာမင် A ရှစ်ဆ၊ beta carotene ဆယ့်တစ်ဆ ပိုပြီးပါဝင်တယ်လို့ သုတေသနလေ့လာမှုတွေအရ သိရပါတယ်။

(၂) ကြက်သား

ဇင့်ဆိုတာ ဆဲလ်တိုင်းမှာ ပါရှိပြီး ကိုယ်ခံအားဆဲလ်တွေရဲ့ ဖြစ်တည်မှုနဲ့ လုပ်ဆောင်ချက်တွေအတွက် အထူးအရေးပါတဲ့ ဓာတ်ပါ။ ဇင့်ကို ရရှိနိုင်တဲ့ အရင်းအမြစ်တွေထဲမှာ ပဲအမျိုးမျိုးနဲ့ ဂျုံပြောင်းနှံတို့ထက် ကြက်သားက ပိုပြီးစုပ်ယူရလွယ်တာဖြစ်ပါတယ်။ အကောင်းဆုံးက အဆီမပါ(အရေခွံဖယ်ထားတဲ့) ကြက်ရင်အုံသား ပါ။ အရိုးပြုတ်ရည်ကလည်း ကိုယ်ခံအားစနစ် အတွက် အမြန်အားပြည့်စေတဲ့ ဆေးတစ်ခွက် ဖြစ်ပါတယ်။

(၃) မှို

ကိုယ်ခံအားစနစ် ထဲက ဆဲလ်တွေကို ကာကွယ်ပေးပြီး ကူညီပေးဖို့ glutathione လုံလောက်မှ ရောဂါပိုးခုခံနိုင်စွမ်းပိုကောင်းစေမှာပါ။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းကို ခန္ဓာကိုယ်က ထုတ်ပေးတာဖြစ်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ လျော့နည်းလာပါတယ်။

မှိုတွေစားပေးတာက glutathione ပမာဏကိုမြင့်တက်စေပြီး မှိုအဖြူတွေမှာ ကိုယ်ခံအားကိုနှိုးဆွပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ergothioneine ပါဝင်မှုလည်းမြင့်မားပါတယ်။ ဒါ့ကြောင့် တစ်နေ့တာအာဟာရမှာ ကိုယ်စားမယ့် ဟင်းသီးဟင်းရွက်စာရင်းထဲ မှိုကို မကြာမကြာထည့်ပါလို့။

(၄) ဟင်းနုနွယ်

ဟင်းနုနွယ်မှာ ပါဝင်တဲ့ ဗီတာမင် A နဲ့ တခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုရရှိနိုင်ဖို့ ချက်ပြုတ်မှုမလွန်ကဲဖို့လိုပါတယ်။ ချက်ပြုတ်ချိန်ပိုကြာသွားခဲ့ရင်၊ အစိမ်းရောင်ပျောက်သွားတဲ့အထိ ချက်ပြုတ်ရင် အာဟာရဓာတ်တွေပျက်စီးနိုင်ပါတယ်။

(၅) သင်္ဘောသီး

နိုင်ငံခြားမျိုး အသီးအနှံတွေကို စျေးကြီးပေးပြီးမှာယူရတာထက် ကိုယ့်အနီးအနားမှာပဲ အလွယ်တကူရရှိနိုင်တဲ့ သင်္ဘောသီးကလည်း သိပ်ကိုအကျိုးကျေးဇူးပေးနိုင်တာကို သတိရစေချင်ပါတယ်။ သင်္ဘောသီးမှည့်က တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏကို ပေးစွမ်းနိုင်ပြီး papain အင်ဇိုင်း၊ ဖောလိတ်၊ ဗီတာမင် B အုပ်စုဝင်တွေအပြင် ဗီတာမင် A ကို carotenoids အသွင်နဲ့ ရရှိနိုင်ပါတယ်။ ဝမ်းမှန်စေတဲ့အပြင် ကိုယ်ခံအားပါကောင်းစေတယ်ဆိုတာ သူ့ရဲ့တန်ဖိုးရှိတဲ့ အာနိသင်ပါပဲ။

(၆) ဒိန်ချဉ်

အအေးမိနေတဲ့အခါလည်း ဒိန်ချဉ်သောက်ရမယ့်အချိန်ပါပဲ။ အဆီလျှော့ အမျိုးအစားတော့ဖြစ်ရပါမယ်။ နေမကောင်းတဲ့အချိန် ဒိန်ချဉ်သောက်လို့ရပါတယ်နော်။ ဒိန်ချဉ်သောက်တာက အအေးမိဝေဒနာကို ခံစားရသက်သာစေနိုင်ပါတယ်။ သူ့မှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေကြောင့် ကိုယ်ခံအားတုံ့ပြန်မှုကို ပိုကောင်းစေပြီး ဇင့်၊ ဗီတာမင် A ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ ကာဗိုဟိုက်ဒရိတ်တို့ပါဝင်တာကြောင့် မြန်မြန်အားပြည့်စေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းချင်တယ်ဆိုရင် ဒီအစားအစာတွေကို တစ်လှည့်စီ စားဖြစ်အောင် စားလိုက်တော့နော်။

Ref : hellosayarwon

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top