အိုက်စလန်ကျွန်းတစ်ခုပေါ်မှာ တစ်အိမ်တည်းတည်ရှိနေတဲ့ ထူးဆန်းတဲ့အိမ်

13-12-2022-yyl-33.jpg

အိုက်စလန်ကမ်းရိုးတန်းရှိ ကျွန်းတစ်ကျွန်းပေါ်မှာ အိမ်တစ်လုံးရှိနေပါတယ်။ အဲဒီအိမ်က လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နေပြီး “ကမ္ဘာ့အထီးကျန်ဆန်ဆုံးအိမ်”လို့တောင် ခေါ်ဝေါ်ကြပါတယ်။ အဲဒီအိမ်ကို တွေ့လိုက်တာနဲ့ လူတော်တော်များများဟာ ရုပ်ရှင်ဆန်ဆန်တွေးဖြစ်ကြမှာပါ။ ဆယ်ကျော်သက်လူငယ်တစ်စု ကျွန်းပေါ်ကို ခရီးထွက်ရင်း အိမ်တစ်လုံးကို တွေ့ပြီး အဲဒီမှာ တည်းခိုရင်း အန္တရာယ်ကြုံတွေ့ရတဲ့ ထိတ်လန့်ဖွယ်ဇာတ်လမ်းအဖြစ် စိတ်ကူးကြည့်မိလိုက်မယ်ထင်ပါတယ်။

အဲဒီအိမ်က Elliðaey ကျွန်းပေါ်မှာ တည်ရှိတာပါ။ အဲဒီအိမ်ရဲ့ပုံတွေ ပထမဆုံးထွက်ပေါ်လာကတည်းက နှစ်တော်တော်ကြာ အဲဒီအိမ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုရှိလာခဲ့ပါတယ်။ တချို့က ဒီအိမ်ဟာ လူထူးလူဆန်းဘီလျံနာတစ်ဦးရဲ့ဖန်တီးမှုဖြစ်ပြီး ဖြစ်ရပ်ဆိုးတွေကနေ ရှောင်ဖို့နေရာအဖြစ် ဒါကို အသုံးပြုခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ လူသူဝေးရာမှာ နေမယ်လို့ ကျိန်ဆိုခဲ့တဲ့ ရသေ့တွေရဲ့အိမ်ဖြစ်တယ်လို့လည်း တချို့က ထင်ခဲ့ကြပါတယ်။ တချို့ကျတော့လည်း အိုက်စလန်အစိုးရက ဂီတပညာရှင် ဘီဂျော့ခ်အတွက် ဒီအိမ်ကို တည်ဆောက်ခဲ့ပြီး လက်ဆောင်ပေးခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီအိမ်ပုံကို အွန်လိုင်းပေါ်မတင်ခင် ကျွန်းပေါ်မှာ တစ်အိမ်တည်းရှိနေတဲ့အိမ်အဖြစ် ဖြတ်ညှပ်ကပ်လုပ်ခဲ့တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုလည်းရှိခဲ့ပါတယ်။

တကယ်တော့ ဒီအိမ်က ရောင်စုံနှုတ်သီး၊ အမွေးအဖြူတစ်ပိုင်း၊ အမည်းတစ်ပိုင်းရှိတဲ့ ပင်လယ်ပျော်ငှက်တွေကိုဖမ်းတဲ့သူတွေအတွက် အသင်းတစ်ခုက တည်ဆောက်ပေးခဲ့တဲ့ ယာယီတည်းခိုရာနေရာတစ်ခုဖြစ်ပါတယ်။ ပင်လယ်ပျော်ငှက်တွေက မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေပေမဲ့ အိုက်စလန်မှာ အဲဒီပင်လယ်ပျော်ငှက်တွေကို ဖမ်းတာက ဥပဒေနဲ့ဆန့်ကျင်ရာမရောက်ပါဘူး။ ဒါကြောင့် ဖမ်းတဲ့သူတွေက သူတို့ ပင်လယ်ပျော်ငှက်တွေကို ဖမ်းနေစဉ်အတွင်း အိပ်ဖို့နေရာရဖို့အတွက် ကျွန်းပေါ်မှာ တည်းခိုရာအိမ်တစ်လုံးကို ဆောက်ခဲ့တာပါ။ အဲဒီအတွက် အသုံးပြုနေတုန်းလားဆိုတာ မသိရပါဘူး။

အခု ဒီကျွန်းက အခြေချနေထိုင်သူတွေမရှိပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတော့ ဒီကျွန်းပေါ်မှာ လူတွေ နေထိုင်ခဲ့ကြပါတယ်။ အဲဒီကျွန်းပေါ်မှာ နေထိုင်ခဲ့တဲ့လူတွေက ပင်လယ်ပျော်ငှက်တွေဖမ်းတာ၊ ငါးဖမ်းတာ၊ နွားမွေးမြူတာတွေနဲ့ အသက်ရှင်နေထိုင်ခဲ့ကြရပါတယ်။ နောက်ဆုံးနေထိုင်ခဲ့တဲ့သူက ၁၉၃၀ ခုနှစ်မှာ အဲဒီကျွန်းကနေ ထွက်သွားခဲ့တာပါ။ အဲဒီအချိန်ကစပြီး ဘယ်သူမှ မရှိခဲ့တာပါ။

ကျွန်းပေါ်မှာ တစ်အိမ်တည်းရှိနေတဲ့ အိမ်ကို the Elliðaey Hunting Association က ၁၉၅၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ အဲဒီအိမ်ဟာ ကျွန်းပေါ်က အဆောက်အဦးတစ်ခုသာဖြစ်ပြီး အင်တာနက်၊ လျှပ်စစ်မီး၊ ရေပိုက်တပ်ဆင်ထားတာတွေမရှိပါဘူး။

Ref: Ladbible “Strange building on Icelandic island dubbed ‘world’s loneliest house'”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top